Thursday, May 30, 2013

စက်မှုဇုန်များ၏ ရေဆိုးထွက်ရှိမှုအပေါ် စိစစ်အရေးယူ သွားမည်ဖြစ်ကြောင်း သိရ


halingtharyar-may30

တောင်ဒဂုံ စက်မှုဇုန်အနီး ဖြတ်သန်းစီးဆင်းသော ငမိုးရိပ်ချောင်းအား တွေ့မြင်ရစဉ်

ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန်ရှိ စက်ရုံများမှ ရေဆိုးထွက်ရှိသည့် စက်ရုံများကို စိစစ်ကြပ်မတ်ရန် စီစဉ်နေပြီး သတ်မှတ်ချက်များနှင့် မကိုက်ညီပါက လိုအပ်သလို အရေးယူ သွားမည်ဖြစ်ကြောင်း လှိုင်သာယာ စက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောကြားသည်။

"စက်မှုဇုန် အတွင်းမှာရှိတဲ့ စက်ရုံတွေက ရေဆိုးထွက်တဲ့ စက်ရုံတွေကို စိစစ်ကြပ်မတ် သွားမယ်။ တချို့စက်ရုံတွေက water treatment မလုပ်တာတွေ ရှိတယ်။ အဆင်ပြေသလိုပဲ လုပ်နေကြတော့ အနံ့အသက်ဆိုး ထွက်တာ ရှိတယ်။ ပတ်ဝန်းကျင်ကို ညစ်ညမ်းထိခိုက် နေတာတွေ ရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး စက်ရုံတွေကနေ ကျွန်တော်တို့ဆီကို တိုင်ကြားတာတွေ ရှိတယ်။ ကျွန်တော်တို့ ဆီမှာရှိတဲ့ လုပ်ငန်းကော်မတီက စစ်ဆေးကြပ်မတ် သွားမယ်။ သတ်မှတ်ချက်နဲ့ မကိုက်ညီရင်တော့ အရေးယူ ဆောင်ရွက်မှာ ဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ငါးနှစ်တာ ကာလအတွင်း ရန်ကုန်မြို့ရှိ စက်မှုဇုန်များရှိ စက်ရုံပေါင်း ၁၆၅ ရုံမှ ထွက်ရှိသော စွန့်ပစ်ရေဆိုးများအား နမူနာယူ စစ်ဆေးခဲ့ရာ ရေဆိုးသန့်စင်မှုစနစ် ပြုလုပ်ပြီးမှ စွန့်ပစ်ရန် လိုအပ်သည့် စက်ရုံအရေအတွက် ၁၃ ရုံသာ တွေ့ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်စတုတ္ထပုံမှန် အစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း လည်ပတ်ဆောင်ရွက်နေသော စက်ရုံစုစုပေါင်း ၃၅၆၂ ရုံရှိကြောင်း၊ ယင်းအထဲတွင် အရက်ချက် စက်ရုံ၊ ဆေးဆိုးပန်းရိုက် စက်ရုံ၊ အအေးခန်းစက်ရုံများ ပါဝင်ကြောင်း၊ ယင်းစက်ရုံများမှ ထွက်ရှိသော စွန့်ပစ်ရေဆိုးများမှာ ရေထုထဲသို့ ရောက်ရှိပါက ရေထုကို ညစ်ညမ်းစေခြင်း၊ အလားတူ ရန်ကုန်မြို့ရှိ မြစ်ချောင်းများဘေးတွင် တည်ဆောက်ထားသော စက်ရုံများမှ စွန့်ပစ်ရေဆိုးများကို မြစ်ချောင်းများ အတွင်းသို့ တိုက်ရိုက်စွန့်ပစ် နေမှုကြောင့် မြစ်ချောင်းများ၏ ရေထုညစ်ညမ်းမှု ပမာဏမှာလည်း မြင့်နေကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။