Thursday, May 30, 2013

ကမ္ဘာအေးရှိ ကျောက်မျက်ခန်းမကြီး ပြင်ဆင်ပြီးပါက ဓါတ်ခွဲခန်းတခု ထားမည်

ရန်ကုန် (မဇ္ဈိမ)။    ။ ကမ္ဘာအေးရှိ ကျောက်မျက်ရတနာ ခန်းမကြီးကို ကျောက်မျက်ရတနာ အချောထည်ရောင်းချ သည့် ကုန်တိုက်ကြီး တစ်ခုအဖြစ် ပြန်လည်ပြုပြင်နေပြီ ဖြစ်ကြောင်း HTOO GROUP OF COMPANIES မှအမှုဆောင် ဒါရိုက်တာ ဦးသက်နိုင် က ပြောသည်။

၎င်းက "ကျွန်တော်တို့ဥက္ကဌ ကြီး ဦးတေဇ အနေနဲ့ သိန်း၅၀၀၀ လောက်မတည်ပြီးတော့ ကမ္ဘာအေးက ကျောက်မျက် ရတနာခန်းမကြီးကို ကုန်တိုက်ကြီး တခုအသွင် စပြီးအကောင်အထည် ဖော်နေပါပြီ။ဒိကုန်တိုက်ကြီးက အသင်းအနေနဲ့ ထောင်တဲ့ကုန်တိုက် ဖြစ်ပါတယ်" ဟု ဆိုသည်။

အဆိုပါ ကျောက်မျက်ရတနာ အချောထည် ကုန်တိုက်ကြီးကို ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးတေဇ မှ ကျပ်သိန်းပေါင်း ၅၀၀၀ ခန့်ဖြင့် မတည်ပြီး တည်ဆောက်ခြင်း ဖြစ်သည်။

ထိုကျောက်မျက်ရတနာ အချောထည်ကုန်တိုက်ကြီးတွင် ၀ယ်ယူသည့်ရတနာများကို အာမခံချက် ပေးနိုင်ရန် ဓါတ်ခွဲခန်းတစ်ခု ထားရှိမည်ဖြစ်ပြီး အချောထည် ရောင်းချသည့် ဆိုင်ခန်းများ၊ ပြခန်းများလည်း ပါဝင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက "အခွန်ဆောင်မှု အပိုင်းကတော့ မန္တလေးနဲ့ရန်ကုန်မှာ one stop service စပေးနေပါပြီင်္။ လူကြီးတွေကလဲအခွန်ကို တတ်နိုင်သလောက်
လျှော့ချပြီးတော့မှ ဆောင်ရွက်ပေးနိုင်ဖို့ အသင်းကရော လုပ်ငန်းရှင်တွေကပါ တင်ပြထားတာရှိပါတယ်။ အခုတော့ ဘာမှမသိရသေးဘူး" ဟု ပြောသည်။

ထို့ပြင် ယခုနှစ် နိုဝင်ဘာလတွင် စင်ကာပူနိုင်ငံမှ လာရောက် ပြုလုပ်မည့် ကျောက်မျက်ရတနာ ပြပွဲကို
ကျောက်မျက်ရတနာ အချောထည်ကုန်တိုက် သစ်ကြီးတွင် ပြုလုပ်ရန် ရည်ရွယ်ထားကြောင်း၊ ယင်းပြပွဲတွင်
ပြည်ပနိုင်ငံများမှ လုပ်ငန်းရှင်များ အနေဖြင့် ၀ယ်ယူရုံတင်မက ပြသနိုင်အောင် ဆောင်ရွက် ပေးမည် ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။