Thursday, May 30, 2013

ထားဝယ်ရှိ စစ်တပ်က သိမ်းထားသော မြေများအတွက် စာရင်းလာကောက်ယူ

ထားဝယ်မြို့ ဇလွန်းကျေးရွာရှိ တောင်သူ ၆၄ ဦးပိုင်ဆိုင်သည့် လယ်မြေဧက ၃၅ဝ ကျော်ကို လွန်ခဲ့သည့် နှစ်
နှစ်ဆယ် ဝန်းကျင်က စစ်တပ်ပိုင်မြေအဖြစ် သိမ်းထားရာ ယခုယင်းမြေများအတွက် စစ်တပ်က စာရင်းလာ
ကောက်ခြင်းများပြုလုပ်နေသည်ဟု ထားဝယ်မြို့ လူ့အခွင့်အရေးစောင့်ကြည်ရေးကွန်ရက်မှ ဦးသန်းဝင်း က
ပြောသည်။

အဆိုပါ လယ်မြေများ သိမ်းထားခြင်းနှင့်ပတ်သက်ပြီး ယင်းဒေသခံများက ရန်ကုန်တွင် ပြီးခဲ့သည့် မေလ ၁၆ ရက်က လယ်သိမ်းခံရသည့်အတွက် မကျေနပ်ကြောင်းနှင့် ယင်းကိစ္စအတွက် တိုင်းဒေသကြီး အစိုးရထံသို့ တင်ပြထားသည် များနှင့် ပတ်သက်ပြီး စာနယ်ဇင်း ရှင်းလင်းပွဲလုပ်ခဲ့သည်။ ယင်းနောက်တွင် လယ်မြေများအတွက် စစ်တပ်က မေလ ၂၄ ရက်တွင် စာရင်းလာကောက်နေပြီး ပြန်ပေးမည်၊ မပေးမည်ကိုမူ သိရှိရခြင်း မရှိသေးပေ။

အသိမ်းခံထားရသော မြေနေရာများမှာ ထားဝယ်မြို့နယ်၊ ဇလွန်းကျေးရွာရှိ တောင်သူ ၆၄ ဦးပိုင်ဆိုင်သည့် လယ်မြေဧက ၃၅၃.၇၈ ဧက ကို လွန်ခဲ့သည့် ၁၉၉၃ ခုနှစ်တွင် စစ်တပ်က တပ်ပိုင်မြေအဖြစ် သိမ်းဆည်း ထားခြင်းဖြစ်ပြီး ယင်းတောင်သူများထဲမှ ၄ ဦးကိုသာ လယ်မြေအငှားဖြင့် ပြန်လုပ်ကိုင်ခွင့်ပေးခဲ့သည်။ ကျန်သူများမှာ လျော်ကြေး မရှိသေးပေ။ 

ဦးသန်းဝင်းက ''တပ်သိမ်းမြေတွေကို စာရင်းယူသွားတာပါ၊ တပ်ကလာပြီး စာရင်းကောက်တယ်လဲဆိုရော တချို့တောင်သူတွေက နဂိုစာတင်ထားတဲ့ ဥယျာဉ်ခြံမြေအပြင် ထပ်တိုးပြီး စာရင်းပေးလာတာတွေ ရှိနေတယ်'' ဟု ပြောသည်။

ထားဝယ်မြို့တွင် အကြောင်းအမျိုးမျိုးကြောင့် အသိမ်းခံထားသောမြေများ ရှိနေပြီး ဆန်းချီအနောက်ကွင်း၊ ရွှေဂူကွင်း ရွာများတွင် ၁၉၉၃ ခုနှစ်က အသိမ်းခံထားရသည့် လယ်မြေလေးထောင်ကျော်နှင့် ထားဝယ်မြို့ရှိ ဆန်းလွန်း၊ သပြေချောင်းရှိ စစ်တပ်သိမ်း ဥယျာဉ်ခြံမြေများအားလုံးကို တောင်သူများ ပြန်လည်ရရှိစေရေးအတွက် သမ္မတနှင့် လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မရှင်သို့ မေလအတွင်းကပင် တင်ပြထားခဲ့ခြင်းဖြစ်သည်ဟု သိရသည်၊။

တနသာင်္ရီတိုင်းဒေသကြီးတွင် စစ်တပ်သိမ်းလယ်မြေ၊ ကုမ္ပဏီမှသိမ်းထားသည့် လယ်မြေများနှင့် လေယာဉ်ကွင်း
ဆောက်လုပ်ရန်အတွက် သိမ်းထားသည့် လယ်မြေအမှုပေါင်း ၁ဝ မှုကို လက်ခံစစ်ဆေးလျက်ရှိနေသည်ဟု တနင်္သာရီတိုင်းဒေသကြီး လယ်ယာမြေစုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်မြင့်က ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။