Thursday, May 30, 2013

ဆင်ပေါင်ဝဲမြို့နယ်မှ သိမ်းထားသော ယာမြေများ ပြန်ရရေး ထွန်တုံးတိုက်ပွဲစ

ရန်ကုန် (မဇ္ဈိမ)။     ။ မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ်၊ သရက်ခရိုင် ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် ၈ မှ သိမ်းဆည်းထားသော ဘိုးဘွားပိုင်ယာမြေများ ပြန်လည်ရရှိရေးအတွက် ယင်းမြို့နယ် ဘော်မြင့်ကျေးရွာအုပ်စုမှ လယ်သမား ၁၅၀ ခန့် မေလ ၂၉ ရက်တွင် ထွန်တုံးတိုက်ပွဲဆင်နွဲခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲ မြို့နယ်ရှိ ဘော်မြင့်ကျေးရွာနှင့် မကျည်းပင်ပုကျေးရွာမှ လယ်ယာဧက ၁၅၀ ကျော် ပြန်လည် ရရှိရေး အတွက် ၄င်းကျေးရွာများမှ တောင်သူများကဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း ဘော်မြင့်ကျေးရွာအုပ်စု မှ ယာမြေ ၁၄ဧက သိမ်းဆည်းခံရသူ ဦးပေါ်ဦးက မဇ္ဈိမကို ပြောသည်။

ယာမြေဧက ၁၄  ဧကသိမ်းဆည်းခံရသူ  ဦးပေါ်ဦးက "ဘိုးဘွားစဉ်ဆက်က စိုက်ပျိုးခဲ့တဲ့မြေတွေ ကို မတရားသိမ်း ဆည်းပြီး၊ သီးနှံစိုက်တဲ့တောင်သူ တွေကိုထောင်ချပါတယ်။ စိုက်ထားတဲ့မြေတွေကို ဖျက်စီးပါတယ် ဒါကြောင့် ဆန္ဒဖော်ထုတ်တာပါ" ဟု ဆိုသည်။

ယင်းမြေများကို သိမ်းဆည်းထားသည်မှာ ၁၄ နှစ်ခန့် ရှိပြီ ဖြစ်ပြီး ကျေးရွာ ၁၃ ရွာ ရှိ လယ်ယာမြေ ဧက ၂၈၀၀၀
ကျော်သိမ်းဆည်း ထားခြင်းဖြစ်သည်။

ယခုဆန္ဒပြရာတွင် ကျေးရွာ နှစ်ရွာမှ သိမ်းထားခံရသော ယာမြေဧက ၁၅၀ ကျော်အတွက်  ဆန္ဒပြ ကြခြင်းဖြစ်သည်။

ယင်းယာမြေများမှာ သိမ်းဆည်းခြင်းခံရသော်လည်း ကျန်ရှိသော တောင်သူများက နှစ်စဉ် သီးနှံစိုက်ခဲ့ကြသည်။

ယခုနှစ် မေလဆန်းပိုင်းတွင်မူ ယင်းယာမြေများပေါ်တွင် စိုက်ထားသော သီးနှံပင်များကို ကာကွယ်ရေး ပစ္စည်း စက်ရုံ အမှတ် ၈ မှ ၀င်ရောက် ဖျက်ဆီးခဲ့ခြင်းကြောင့် ယင်းသို့ ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သည်။

ထွန်တုံးတိုက်ပွဲပြုလုပ်နေစဉ် တားဆီးမှုများဖြစ်ပေါ်ခဲ့ပြီး ခရိုင်ရဲမင်းကြီးနှင့် အုပ်ချုပ်ရေးမှုးတို့ မှ ကြားဝင်ဖြေရှင်း
ပေးခဲ့ရပြီး ယနေ့တွင်  သက်ဆိုင်သူ နှစ်ဘက်လုံးဖြင့် တွေ့ဆုံကာ ညှိနှိုင်း ပေးမည်ဟုလည်း ခရိုင်ရဲမင်းကြီးက
နှုတ်ကတိ ပေးခဲ့ကြောင်း ထွန်တုံးတိုက်ပွဲတွင် ပါဝင်သူများ ကဆိုသည်။

ထွန်တုံးတိုက်ပွဲတွင် ပါဝင်သူ ယာသိမ်းခံ တောင်သူ တစ်ဦးဖြစ်သည့် ဦးလှဦးက " ရဲတပ်ဖွဲ့ဝင်(၃၀)၊ မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူတွေလာတယ် ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းက လာမယ်လို့ ကြားထားပေမယ့် အခုထိ ဘယ်သူမှ မလာသေးဘူး။ "ဟု မဇ္ဈိမကို ပြောသည်။

ထွန်တုံးတိုက်ပွဲတွင်  ဘိုးဘွားပိုင်မြေယာများပြန်လည်ရရှိရေး၊ ၂၀၁၃ မိုးရာသီတွင်းစိုက်ပျိုးထားသော သီးနှံများ ဖျက်စီးခဲ့သဖြင့် လျော်ကြေးများပြန်လည်ရရှိရန်၊ ပိတ်ထားသော ယာသွားလမ်း များပြန်ဖွင့်ပေးရန်၊ ဘိုးဘွားပိုင်မြေ များအား ထွန်စက်များဖြင့်တူးဖော်လိုက်ခြင်းကြောင့်နစ် နာကြေးများ ပြန်ပေးရန်၊ သီးနှံစိုက်ပျိုးခြင်းကြောင့် ဖမ်းဆီးထားသော တောင်သူကိုးဦးအား ပြန်လွှတ်ပေးရန် အချက် ငါးချက် တောင်းဆိုထားကြောင်း သိရသည်။ တောင်သူများ ထွန်တုန်းတိုက်ပွဲ ဆင်နွှဲသည့် ယာမြေများတွင် လုံခြုံရေး အင်အား ငါးဆယ်ခန့် ချထားသည်။

မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်က "ကာကွယ်ရေး ပစ္စည်းစက်ရုံက တာဝန်ရှိသူတွေနဲ့ညှိနိုင်းပေးသွားမှာပါ။ နိုင်ငံတော်က လိုအပ်လို့ ဥပဒေနဲ့အညီ သိမ်းတယ် ဆိုရင်လည်း
တောင်သူတွေ လက်ခံနိုင်အောင် ရှင်းပြရမှပေါ့'' ဟု  မဇ္ဈိမကို ပြောသည်။

ယခုနှစ် မေလ၂၄ရက်နေ့က က သိမ်းဆည်းခံထားရပြီး  ကျန်ရှိ ယာခင်းများကို ပေါင်းထိုးပြုပြင်သူ တောင်သူ ကိုးဦးအား ဆင်ပေါင်ဝဲမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ပြီးမှ  ကာကွယ်ရေး ပစ္စည်းစက်ရုံ အမှတ်၈မှ စိုက်ပျိုး ထားပြီးသော နှမ်းပင်ပေါက်များနေရာတွင် မန်ကျည်းပင်များနှင့် အခြား အပင်ကြီးများကို လာရောက် စိုက်ပျိုးထား
ကြောင်း မန်ကျည်းပင်ပု ကျေးရွာနှင့် ဘော်မြင့်ကျေးရွာ ဒေသခံများက ဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။