Saturday, May 4, 2013

အကြည်ညိုပျက်စေမှုပုဒ်မအတွက် ထောင်ဒဏ်(၃)လရွေးချယ်ခဲ့သူ ဗိုလ်ကြီးဟောင်းနေမျိုးဇင်

ပန်းတနော်မြို့နယ်ရဲတပ်ဖွဲ့မှူးမှ အကြည်ညိုပျက်စေမှု ပုဒ်မ(၅၀၀)နှင့် တရားစွဲဆိုခြင်းကိုခံခဲ့ရသည့် ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို မေလ(၂)ရက်နေ့က ပန်းတနော်မြို့နယ်တရားရုံးမှ ဒါဏ်ငွေကျပ် ၂နှစ်သောင်း (သို.မဟုတ်)ထောင်ဒါဏ်(၃)လကျခံစေရန် အမိန့်ချ မှတ်ခဲ့သည်။

 

ဇန်န၀ါရီလအတွင်း ဧရာဝတီတိုင်း၊ပန်းတနော်မြို့နယ်အတွင်းမှ လယ်သမားများနှင့် တွေ.ဆုံပွဲတစ်ခု၌ ရဲဝန်ထမ်းများ လာဘ်စားသည့် အကြောင်းပြောဆိုခဲ့သဖြင့် ပန်းတနော်မြို့နယ်ရဲတပ်ဖွဲ့မှူးက တရားစွဲဆိုခဲ့ခြင်း အပေါ် မြို့နယ်တရားရုံးမှ ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

 

"အမိန့်ကတော့ ဒါဏ်ငွေ(၂)သောင်းဆောင် ဒါမှမဟုတ် ထောင်(၃)လကျခံပေါ့။ ဒါပေမဲ့ သူကမြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ဖို့အတွက် ဒဏ်ငွေမဆောင်ပဲ ထောင်အကျခံခဲ့တာပါ"ဟု ဗိုလ်ကြီးဟောင်းနေမျိုးဇင်၏ ညီဖြစ်သူ ကိုခင်မောင်ဌေးက ပြောသည်။

 

တရားစီရင်ရေးမဏ္ဍိုင်မှာ မဖြစ်သင့်သည့်အလုပ်ကို လုပ်ဆောင်ခဲ့သဖြင့်မိမိအနေဖြင့် လက်မခံနိုင်ဟု ပြောဆိုကာ ကိုနေမျိုးဇင်မှထောင်ဒဏ်အား ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းကို မအူပင်အကျဉ်းထောင်သို့ လက်ထိပ်နောက်ပြန်ခတ်ကာခေါ်ဆောင်သွားခဲ့ကြောင်း ကိုခင်မောင်ဋ္ဌေးက ဆက်ပြောသည်။

 

"ဒါကတော့သူကိုက ခေါင်းမာလွန်းအားကြီးတာရယ်၊ နာမည်ကြီးချင်တာတွေအတွက် လျှောက်လုပ်နေတာလို့ပဲ ထင်တယ်၊ သူအဲ့လိုဆုံးဖြတ်လိုက်တော့ တရားသူကြီးတွေတောင် အပြီးသတ်စီရင်ချက်ချဖို့ ခဏရုံးခန်းထဲပြန်ဝင် ခဲ့တဲ့အထိ သူစဉ်းစားလို့ရအောင် သူ့အပေါ်သက်သက်ညှာညှာလုပ်ခဲ့တာပါ" ဟု ပန်းတနော်မြို့နယ်တရားရုံးမှ ၀န်ထမ်းတစ်ဦးက ပြောသည်။

 

ဗိုလ်ကြီးဟောင်းနေမျိုးဇင်သည် ရဲတပ်ဖွဲ.၀င်များနှင့်မကြာခဏထိပ်တိုက်ရင်ဆိုင်မှုများ ပြုလုပ်လေ့ရှိပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်မှ လယ်သမား၊ရေလုပ်သားအရေးများအား ၄င်း၏ မြန်မာ့လူမှုဘ၀ဖွံ.ဖြိုးတိုးတတ်ရေးကွန်ယက်နှင့်အတူ လိုက်ပါဆောင်ရွက်နေသူလည်းဖြစ်သည်။

 

ဖေဖေါ်ဝါရီလ(၂)ရက်နေ့ကလည်း ၀န်ကြီးဦးဆန်းဆင့်မပြောင်းရွေ.ရေးဆန္ဒထုတ်ဖော်ခဲ့သည့် ပန်းတနော်ဒေသခံ များကို ဦးဆောင် ခဲ့သဖြင့် အပြန်ခရီး၌ ခေတ္တဖမ်းဆီးခြင်းခံခဲ့ရသူဖြစ်ပြီး ၄င်းအားဖမ်းဆီခဲ့ပုံ ဗီဒီယိုဖိုင်မှာ အင်တာနက်မှတဆင့် ပြည်သူများ အကြား အထူးပြန့်နှံ့ခဲ့သည်။

 

http://www.myitmakhamediagroup.com/administratorpanel/image/3-05-13-3.JPG

ပြည်ပကားတင်သွင်းမှုကဏ္ဍ ကညနမှ ဖြေလျော့မှုများပြုလုပ်ပေးနေ

ပြည်ပမှတင်သွင်းလာသောကားများတစ်ပတ်အတွင်း ငွေမပေးသွင်းနိုင်မှုအတွက်  ထပ်မံ၍ဖြေလျှော့မှုများ ပြုလုပ်ခဲ့ပေးခဲ့သည်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြာမှုဦးစီးဌာန( မြင်သာ)က သိရသည်။

 

ယခင်က ငွေတွက်ချက်ပြီး တစ်ပတ်အတွင်း ငွေမသွင်းလျှင် ဒဏ်ကြေးငွေ ကောက်ခံခဲ့သော်လည်း ယခုအခါ နှစ်ပတ်အထိ ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

 

 " အခုလို လုပ်ပေးလိုက်တာ ကျွန်တော်တို့လို ကားသွင်းနေတဲ့သူတွေအတွက် ပိုကောင်းသွားတာပေါ့၊ မဟုတ် ရင် တစ်ပတ်အတွင်းဆိုတော့ ကျွန်တော်တို့ဆီမှာဆိုရင် စာရင်းတွက်ရတာနဲ့ ပြီးရင် တခြားအလုပ် တွေကလည်း ရှိသေးတော့ တစ်ပတ်အတွင်း မသွားဖြစ်တာရှိတယ်၊ ကားကလည်း သွင်းရင် တစ်စီးနှစ်စီးလည်း မဟုတ်ဘူး၊ အနိမ့်ဆုံး ၁၅ စီး အစီး ၂၀ လောက်ဆိုတော့ ဒဏ်ကြေးဆောင်တဲ့ အချိန်ကျရင် သိသာတယ်" ဟု သင်္ကန်းကျွန်းမြို့နယ် Car Show Room တစ်ခုမှ မန်နေဂျာကိုမင်းထက်ကိုက ပြောသည်။

 

ယခုအခါ နှစ်ပတ်ကျော်သည်အထိ ငွေမသွင်းပါက ဒဏ်ကြေးငွေအဖြစ် ယခင်အတိုင်း တစ်ရက်လျှင်ကျပ် သုံးထောင် ခန့် ကောက်ခံမည်ဟု သိရသည်။

 

 " အခု ဖြေလျှော့ပေးလိုက်တာက ဒီတစ်ချက်တည်း မဟုတ်ပါဘူး၊ အများကြီး ဖြေလျှော့ပေးလိုက်တာပါ၊ ဒီလို လုပ်လိုက်မယ်ဆိုရင် ကားသွင်းတဲ့သူတွေ ပိုပြီးတော့ အဆင်ပြေလာမယ်၊ ပြီးတော့လည်း လုပ်ငန်း မြန်ဆန် လာမယ်" ဟု က.ည.န( မြင်သာ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အခြားဖြေလျှော့ပေးမှုအနေဖြင့် ယခင်က နံပါတ်ယူပြီးလျှင် ယာဉ်စစ်ဆေးခ ၄,၅၀၀ ကျပ် ပေး သွင်းခဲ့ရသော် လည်း ယခုအခါ ယာဉ်မှတ်ပုံတင်ကြေး ပေးသွင်းသည့်အခါမှ ယာဉ်စစ်ဆေးခပါ တစ်ပြိုင်တည်း ပေးသွင်းနိုင် မည် ဖြစ်သည်။

 

"ယာဉ်အို၊ ယာဉ်ဟောင်းတွေကို သံရည်ကျိုစက်ရုံပို့ပြီးရင် ပုံစံ(စ) ယူဖို့ မလိုအပ်တော့ပါဘူး၊ အင်းစိန်၊ မြင်းခြံ၊ သံရည်ကျိုစက်ရုံတွေမှာ က.ည.န က ကိုယ်စားလှယ်ထားပြီး လာအပ်တဲ့ သံရည်ကျို ကားစာရင်းကို ကနဦး မှတ်ပုံတင်ဌာနဆီ နေ့စဉ် Fax ပို့ပေးမှာဖြစ်တဲ့အတွက် ယာဉ်ပိုင်ရှင်တွေအနေနဲ့ ပုံစံ(စ) ယူစရာ မလိုတော့တာ ဖြစ်ပါတယ်"ဟု က.ည.နမှ ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ပြောသည်။

 

ထို့အပြင် BB Taxi ကားများ သွင်းယူလိုပါက ကိုယ်ပိုင်ယာဉ် ပြောင်းလဲခွင့်ပြုမည် မဟုတ်ဆိုသည့် ခံဝန်ချက်ယူရန် မလိုအပ်ကြောင်းကိုလည်း သိရသည်။

 

http://www.myitmakhamediagroup.com/administratorpanel/image/3-04-13-6%20(2).JPG

ရန်ကုန်တိုင်း၌ အန္တရာယ်ရှိမှုလွန်ကဲ အပူချိန်ရောက်၍ ဂရုပြုနေထိုင်သင့်

 

မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ အပူချိန်မြင့်မားနေသော်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အပူချိန်မှာ အန္တရာယ်ရှိနိုင်မှု(Extreme Danger)အဆင့် အထိလွန်ကဲနေသည်ဟု မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က ဆိုသည်။

 

"အရင်နှစ်တွေကလည်း ၅လပိုင်းလောက်ဆို ပူတာပဲလေ ဒါပေမဲ့ အခုနှစ်ကတော့အပူချိန်က တော်တော်ကို မြင့်လာတာတွေ့ရတယ်၊ ပိုဆိုးတာက ခရမ်းလွန်ရောင်ခြည်ကလည်း အဆင့်(၁၁)ကနေ  ဧပြီလကုန်ထိ အဆင့်(၁၃)အထိ မြင့်လာတော့ ပိုဆိုးတာပေါ့"ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

 

အပူချိန် ၅၄ ဒီဂရီစင်တီဂရိတ်အထက်နှင့် ၁၃၀ ဒီဂရီ ဖာရင်ဟိုက်အထက်သက်ရောက်မူကို အန္တရာယ်ရှိမူ လွန်ကဲသည့်အဆင့်(Extreme Danger)အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOက သတ်မှတ်ထားကြောင်း သိ ရသည်။

ရန်ကုန်မြို့တွင် ကျရောက်နေသည့်အပူချိန်မှာ ၁၀၀ ဒီဂရီဖာရင်ဟိုက်အထက်၌ရှိကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။

 

ရန်ကုန်မြို့၏ အပူချိန်သည် ဧပြီလပိုင်းကုန်တွင် အန္တရာယ်ရှိမှုလွန်ကဲတဲ့အဆင့် (Extreme Danger) ရောက်နေ သောကြောင့် အသက်အရွယ်ကြီးရင့်သူများ၊ ကလေးသူငယ်များနှင့် ခံနိုင်ရည်မရှိသည့်သူများအနေဖြင့် Heat Stroke ရစေနိုင်ပြီး၊ လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောပြတ်ခြင်းတို့ကို ကြုံတွေ့နိုင်သည်ဟု ကျန်းမာရေး ပညာရှင်များက သုံးသပ်ပြောဆိုကြသည်။

 

"အပူချိန်မြင့်လာတာနဲ့အမျှ ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်တာ၊ အားအင်းကုန်ခမ်းတာ၊ ချွေးထွက်များ တာတွေကြောင့် မူးဝေတာတို့၊ အစားအစာတွေ အထားမခံတာတွေကြုံလာမယ်။ အဲ့ဒါတွေစားမိမယ်ဆိုရင် ၀မ်းပျက်ဝမ်းလျောတာတို့ ဖြစ်လာနိုင်တယ်။ အခုလိုအပူချိန်မြင့်တော့ ဂရုတစိုက်နေ ထိုင်သင့်တယ်"ဟု အထွေထွေရောဂါကု ဒေါက်တာမြင့်ဦး (G.P) က သုံးသပ်ပြောဆိုသည်။

 

ယခုကဲ့သို့ နေအပူချိန်မြင့်မားနေချိန်တွင် အပြင်ထွက်ပါက မျက်လုံးအကာအကွယ် နေကာမျက်မှန်၊ ဦးခေါက် ထိခိုက်မှုမရှိစေရန် အကာအကွယ်ပေးနိုင်သော ဦးထုပ်၊ ထီး အသုံးပြုသင့်ကြောင်း၊ ခန္ဓာကိုယ်မှ ရေဓာတ်ခမ်း ခြောက်မှုအား ကာကွယ်နိုင်ရန် သစ်သီးဖျော်ရည်၊ ဓာတ်ဆားရည်များသောက်သုံးသင့်ပြီး ရေခဲရေသောက်သုံးမှု လျော့ချသင့်ကြောင်း ဆရာဝန်ကြီးများက အကြံပြု ပြောဆိုသည်။

 

"အပူချိန်က အရမ်းမြင့်နေတယ် ကြားတယ်။ အလုပ်သွားအလုပ်ပြန်ကို ထီးတို့၊ မျက်မှန်တို့ယူသွားရတယ်။ အပူဒဏ် အကာကွယ်အနေနဲ့ပေါ့။ အလုပ်ကပြန်လာပြီးဆိုရင်လည်း ရေခဲရေမသောက်ရဲဘူး။ တစ်ခုခုဖြစ်မှာ စိုးလို့"ဟု  ကြည်မြင်တိုင်မြို့နယ်နေ ကိုဇော်ဦးက ပြောသည်။

 

လက်ရှိဖြစ်ပေါ်နေသော ရန်ကုန်တိုင်းဒေသကြီးတွင်း အပူချိန်သည် ၂၀၁၀ ခုနှစ်က စံချိန်တင်မြင့်တက်ခဲ့သော အပူချိန်အောက်၌သာရှိပြီး ခရမ်းလွန်ရောင်ခြည် (UV) ကျရောက်မှုမှာ မြင့်တက်လျက်ရှိသည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဆိုသည်။

http://www.myitmakhamediagroup.com/administratorpanel/image/3-05-13-1%20(1).JPG