Saturday, May 4, 2013

အကြည်ညိုပျက်စေမှုပုဒ်မအတွက် ထောင်ဒဏ်(၃)လရွေးချယ်ခဲ့သူ ဗိုလ်ကြီးဟောင်းနေမျိုးဇင်

ပန်းတနော်မြို့နယ်ရဲတပ်ဖွဲ့မှူးမှ အကြည်ညိုပျက်စေမှု ပုဒ်မ(၅၀၀)နှင့် တရားစွဲဆိုခြင်းကိုခံခဲ့ရသည့် ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို မေလ(၂)ရက်နေ့က ပန်းတနော်မြို့နယ်တရားရုံးမှ ဒါဏ်ငွေကျပ် ၂နှစ်သောင်း (သို.မဟုတ်)ထောင်ဒါဏ်(၃)လကျခံစေရန် အမိန့်ချ မှတ်ခဲ့သည်။

 

ဇန်န၀ါရီလအတွင်း ဧရာဝတီတိုင်း၊ပန်းတနော်မြို့နယ်အတွင်းမှ လယ်သမားများနှင့် တွေ.ဆုံပွဲတစ်ခု၌ ရဲဝန်ထမ်းများ လာဘ်စားသည့် အကြောင်းပြောဆိုခဲ့သဖြင့် ပန်းတနော်မြို့နယ်ရဲတပ်ဖွဲ့မှူးက တရားစွဲဆိုခဲ့ခြင်း အပေါ် မြို့နယ်တရားရုံးမှ ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

 

"အမိန့်ကတော့ ဒါဏ်ငွေ(၂)သောင်းဆောင် ဒါမှမဟုတ် ထောင်(၃)လကျခံပေါ့။ ဒါပေမဲ့ သူကမြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ဖို့အတွက် ဒဏ်ငွေမဆောင်ပဲ ထောင်အကျခံခဲ့တာပါ"ဟု ဗိုလ်ကြီးဟောင်းနေမျိုးဇင်၏ ညီဖြစ်သူ ကိုခင်မောင်ဌေးက ပြောသည်။

 

တရားစီရင်ရေးမဏ္ဍိုင်မှာ မဖြစ်သင့်သည့်အလုပ်ကို လုပ်ဆောင်ခဲ့သဖြင့်မိမိအနေဖြင့် လက်မခံနိုင်ဟု ပြောဆိုကာ ကိုနေမျိုးဇင်မှထောင်ဒဏ်အား ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းကို မအူပင်အကျဉ်းထောင်သို့ လက်ထိပ်နောက်ပြန်ခတ်ကာခေါ်ဆောင်သွားခဲ့ကြောင်း ကိုခင်မောင်ဋ္ဌေးက ဆက်ပြောသည်။

 

"ဒါကတော့သူကိုက ခေါင်းမာလွန်းအားကြီးတာရယ်၊ နာမည်ကြီးချင်တာတွေအတွက် လျှောက်လုပ်နေတာလို့ပဲ ထင်တယ်၊ သူအဲ့လိုဆုံးဖြတ်လိုက်တော့ တရားသူကြီးတွေတောင် အပြီးသတ်စီရင်ချက်ချဖို့ ခဏရုံးခန်းထဲပြန်ဝင် ခဲ့တဲ့အထိ သူစဉ်းစားလို့ရအောင် သူ့အပေါ်သက်သက်ညှာညှာလုပ်ခဲ့တာပါ" ဟု ပန်းတနော်မြို့နယ်တရားရုံးမှ ၀န်ထမ်းတစ်ဦးက ပြောသည်။

 

ဗိုလ်ကြီးဟောင်းနေမျိုးဇင်သည် ရဲတပ်ဖွဲ.၀င်များနှင့်မကြာခဏထိပ်တိုက်ရင်ဆိုင်မှုများ ပြုလုပ်လေ့ရှိပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်မှ လယ်သမား၊ရေလုပ်သားအရေးများအား ၄င်း၏ မြန်မာ့လူမှုဘ၀ဖွံ.ဖြိုးတိုးတတ်ရေးကွန်ယက်နှင့်အတူ လိုက်ပါဆောင်ရွက်နေသူလည်းဖြစ်သည်။

 

ဖေဖေါ်ဝါရီလ(၂)ရက်နေ့ကလည်း ၀န်ကြီးဦးဆန်းဆင့်မပြောင်းရွေ.ရေးဆန္ဒထုတ်ဖော်ခဲ့သည့် ပန်းတနော်ဒေသခံ များကို ဦးဆောင် ခဲ့သဖြင့် အပြန်ခရီး၌ ခေတ္တဖမ်းဆီးခြင်းခံခဲ့ရသူဖြစ်ပြီး ၄င်းအားဖမ်းဆီခဲ့ပုံ ဗီဒီယိုဖိုင်မှာ အင်တာနက်မှတဆင့် ပြည်သူများ အကြား အထူးပြန့်နှံ့ခဲ့သည်။

 

http://www.myitmakhamediagroup.com/administratorpanel/image/3-05-13-3.JPG

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။