Thursday, July 25, 2013

ကျေးလက်အထိ မိုဘိုင်းကွန်ရက်ပျံ့နှံ့စေရန် အော်ပရေတာများ၏ ငွေကြေးဖြင့် ရန်ပုံငွေထားရှိမည်

ပြည်တွင်းမိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းများကို အော်ပရေတာများက လုပ်ကိုင်ပြီး နောက်ပိုင်းတွင် ကျေးလက်ဒေသ
များအထိ မိုဘိုင်းကွန်ရက်ပျံ့နှံ့စေရန်နှင့် အိုင်စီတီဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မိုဘိုင်း
အော်ပရေတာများ၏ငွေကြေးဖြင့် ရန်ပုံငွေထားရှိခြင်းကို ဆောင်ရွက်သွားမည်ဖြစ်သည်။

ယင်းသို့ မိုဘိုင်းအော်ပရေတာများငွေကြေးဖြင့် ရန်ပုံငွေထားရှိခြင်း (Universal Service Fund) လုပ်ကိုင်ရန် ဆက်သွယ်ရေး ဥပဒေမူကြမ်းတွင် ထည့်သွင်းလိုက်ခြင်းဖြစ်ပြီး အော်ပရေတာများအနေဖြင့် ဆက်သွယ်ရေး ၀န်ဆောင်မှုများ လုပ်ဆောင်ရာတွင် ဆက်သွယ်ရေးကွန်ရက်မရောက်ရှိနိုင်သည့် ကျေးလက်ဒေသများတွင် မိုဘိုင်း
တာဝါတိုင်များ တည်ဆောက်ခြင်းနှင့် အိုင်စီတီဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ဖြစ်သည်။

ယင်းသို့ထည့်သွင်းခြင်းမှာ ဆက်သွယ်ရေးဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် သွားရောက်ဆွေးနွေးသည့်အချိန်၌ ထည့်သွင်းလိုက်ခြင်းဖြစ်သည်ဟု ပြည်သူ့လွှတ်တော်တွင် သွားရောက်ဆွေးနွေးခဲ့သူ ကွန်ပျူတာအသင်းချုပ် အလုပ်အမှုဆောင် ဦးဇော်မင်းဦးက မဇ္ဈိမသို့ ပြောသည်။

ဦးဇော်မင်းဦးက "အိုင်စီတီဖွံ့ဖြိုးတိုးတက်မှုအတွက် ရန်ပုံငွေတွေထားရမယ်။ အဲဒီရန်ပုံငွေတွေကို Communication Development  (ဆက်သွယ်ရေးဖွံ့ဖြိုးမှု) နိမ့်ကျတဲ့နေရာတွေမှာသုံးဖို့နဲ့ လိုအပ်ရင် အိုင်စီတီဧရိယာတွေမှာသုံးဖို့
ဆွေးနွေးတယ်"ဟု ပြောသည်။

အဆိုပါရန်ပုံငွေများကို ဆက်သွယ်ရေးဝန်ကြီးဌာနက ထိန်းသိမ်းကာလိုအပ်သည့် ဆက်သွယ်ရေးဖွံ့ဖြိုးမှု လုပ်ငန်းစဉ်
များကို လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဥပဒေတွင်ပါရှိပြီး ကောက်ခံရမည့် ရာခိုင်နှုန်းပမာဏကို ဆက်သွယ်ရေးနည်းဥပဒေတွင် ထပ်မံထည့်သွင်းဖွယ်ရှိကြောင်း ၎င်းကပြော သည်။

ဦးဇ်ာမင်းဦးက "ဥပဒေအရတော့ ၀န်ကြီးဌာနကို လုပ်ပိုင်ခွင့်ပေးထားတယ်။  Fund ကောက်ဖို့၊ ထိန်းသိမ်းဖို့က Regulator (ညွှန်ကြားမှုဦးစီးဌာန) ကကောက်ပြီး ထိန်းသိမ်းပေးမယ်"ဟု ပြောသည်။ 

ဆက်သွယ်ရေးအော်ပရေတာများအနေဖြင့်မူ ဆက်သွယ်ရေးဥပဒေကြမ်းတွင် ပါဝင်သည့်အချက်များကို လိုက်နာ
ဆောင်ရွက်သွားရမည်ဖြစ်သည်ဟုလည်း ဆက်သွယ်ရေးသင်တန်းကျောင်းအုပ် ဦးကျော်စိုးက ပြောသည်။

၎င်းက "အဲဒါကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထိန်းချုပ်ပြီးလုပ်မှာ။ ကျွန်တော်တို့ အော်ပရေတာတွေအနေနဲ့ ဆက်သွယ်ရေး ဥပဒေမှာပါတဲ့အချက်တွေကို လိုက်နာပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်" ဟု ပြောသည်။

မိုဘိုင်းအော်ပရေတာများအနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုပေးရာတွင် လူဦးရေထူထပ်သော မြို့ကြီးများတွင် ဆက်သွယ်ရေး ကွန်ရက်ကောင်းစေရန် လုပ်ပေးရုံသာမက ကျေးလက်ဒေသရှိ ပြည်သူလူထုများပါ မိုဘိုင်းကွန်ရက်
ကောင်းမွန်စွာ အသုံးပြုနိုင်ရန် လုပ်ဆောင်ပေးသင့်ကြောင်း ပြည်တွင်း အိုင်စီတီ ပညာရှင်များက သုံးသပ်သည်။

Red link ကုမ္ပဏီ၏ ဈေးကွက်မန်နေဂျာ ဦးမျိုးမြင့်ညွန့်က "ဒေသအကုန်လုံး ဆက်သွယ်ရေးကွန်ရက် မဖွံ့ဖြိုးရင် အဆင်မပြေဘူးပေါ့။ ဒါပေမဲ့ ရွေးချယ်ထားတဲ့ အော်ပရေတာတွေကိုလည်း ဘယ်နှစ်အတွင်း ဘယ်ဧရိယာကို နက်ခ်ဝပ်ဘယ်လောက်ရောက်အောင်လုပ်ရမယ် ဆိုတာရှိတယ်။ တချို့ဧရိယာတွေကတော့ ကျန်ကောင်းကျန်နေဦး
မှာပေါ့" ဟု သုံးသပ်ပြောကြားသည်။

ပင်လယ်ရေအောက် ကေဘယ်ချွတ်ယွင်းမှုကြောင့် အင်တာနက်လိုင်း တစ်လနှေးဦးမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အပြည်ပြည်ဆိုင်ရာ ဆက်ကြောင်းများနှင့် အဓိကချိတ်ဆက်ထားသော ပင်လယ်ရေ
အောက် ဖိုင်ဘာကေဘယ် ( SEA-ME-WE 3) ဆက်ကြောင်း ချွတ်ယွင်းသွားသောကြောင့် အင်တာနက်လိုင်းများ တစ်လခန့်နှေးနေမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ယနေ့ ထုတ်ပြန်ကြေငြာသည်။

ဆက်ကြောင်း ချွတ်ယွင်းမှုကို စင်ကာပူနိုင်ငံအခြေစိုက် ပင်လယ်ရေအောက် ကေဘယ်ပြုပြင် ထိန်းသိမ်းရေး အဖွဲ့နှင့် ညှိနှိုင်းကာ ပြုပြင်ရန်ဆောင်ရွက်နေပြီး ပြင်ဆင်ရန် အချိန် တစ်လခန့် ကြာမြင့်မည်ဖြစ်သည်။

ထိုချွတ်ယွင်းသွားသော ဆက်ကြောင်းမှ ဝန်ဆောင်မှုပေးထားသည့် အင်တာနက်နှင့် နိုင်ငံခြား တယ်လီဖုန်း ဆက်သွယ်
ခေါ်ဆိုမှုများကို ပြတ်တောက်ခြင်းမရှိရန် ကုန်းတွင်းနယ်စပ်ဖြတ်ကျော် ဆက်ကြောင်းများမှ ချိတ်ဆက်ပေးထားကြောင်း ထုတ်ပြန်ထားသည်။

ဆက်ကြောင်း ချွတ်ယွင်းမှုကို ယခုလ ၂၂ရက် ညနေက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆင်းရဲနွမ်းပါးသည့် ကျောင်းသားလူငယ်များအတွက် ရန်ပုံငွေဖျော်ဖြေပွဲ ကျင်းပမည်

ဆင်းရဲနွမ်းပါးသောကျောင်းသားလူငယ်များ၏ ဘ၀မြှင့်တင်ရေးရန်ပုံငွေအနုပညာ ဖျော်ဖြေပွဲကို သြဂုတ် ၂ရက် ညနေ ၆ နာရီတွင် အမျိုးသားကဇာတ်ရုံ၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါဖျော်ဖြေပွဲကို မြန်မာနိုင်ငံ လူငယ်များအစည်းအရုံး (MYU)မှ စီစဉ်ကျင်းပခြင်းဖြစ်ပြီး ၎င်းမှရရှိမည့်ငွေကြေးများအား ကချင်ပြည်နယ် မြောက်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်နယ်စပ်ရှိ ပြည်တွင်းစစ်ရင်ဆိုင်ခဲ့ရ သောနေရာများ၊ ပြန်လည်ထူထောင်ရေး ပြုလုပ်
လျက်ရှိသည့်နေရာများတွင် အလျဉ်းသင့်သလို လှူဒါန်း သွားမည်ဖြစ်သည်။

ယင်းပွဲနှင့်ပတ်သက်၍ MYU မှဥက္ကဋ္ဌကိုဇွဲရန်နိုင်က "ဒီပွဲကျင်းပဖို့အတွက်လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက ကြိုတင်
ပြင်ဆင်ညှိနှိုင်းမှုတွေလုပ်နေတာပါ။ မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးအနေနဲ့ လူငယ် အဖွဲ့အစည်းတစ်ရပ်ဖြစ်တာ
ကြောင့် နယ်စပ်ဒေသနဲ့ ဖွံ့ဖြိုးမှုနိမ့်ကျနေတဲ့ဒေသတွေက တက္ကသိုလ်ဝင် တန်းအောင်မြင်ပြီး ဆက်လက်ပညာသင်
ကြားနိုင်ဖို့ အခက်အခဲရှိတဲ့လူငယ်တွေ၊ အမှန်တကယ် ကူညီ ထောက်ပံ့ဖို့လိုအပ်နေတဲ့ ကျောင်းသားလူငယ်တွေရဲ့ ဘ၀ရပ်တည်နိုင်ဖို့ကိုတတ်စွမ်းသမျှ ကူညီထောက် ပံ့ပေးနိုင်ဖို့နဲ့ တိုင်းရင်းသားဒေသတွေမှာရှိတဲ့ လူငယ်တွေကို
အသိပညာပေးရင်းနဲ့ စွမ်းဆောင်ရည်မြှင့်တင် ပေးနိုင်မယ့်လုပ်ငန်းတွေကို အတိုင်းအတာတစ်ရပ်အထိ ဖြည့်ဆည်း
လုပ်ကိုင်နိုင်ဖို့အတွက် အခုလိုရန်ပုံ ငွေရှာဖွေရခြင်းဖြစ်ပါတယ်။ မိဘပြည်သူတွေကို တရားဝင်အသိပေးပြီး စေတနာ
ရှင်တွေရဲ့ လှူဒါန်းမှုတွေ ပေါင်းစပ်ပြီး လူငယ်တွေအတွက် အကျိုးရှိစေမယ့်ကိစ္စရပ်များကို ဆောင်ရွက်သွားမှာဖြစ်
သလို ဟစ်ဟာ နေတဲ့ကွက်လပ်တွေကို လူငယ်အဖွဲ့အစည်းနဲ့အနုပညာရှင်၊ ပြည်သူများနဲ့အတူ လက်တွဲပူး ပေါင်းပြီး
ဖြည့် ဆည်းပေးတဲ့သဘောပါ"ဟု ပြောသည်။

ယင်းရန်ပုံငွေပွဲကို Bo Bo Entertainment မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဝေဠုကျော်၊ မင်းမော်ကွန်း၊ မိုးအောင်ရင်၊
နေမင်း၊ ချမ်းချမ်း၊ ချစ်သုဝေ၊ အိမ့်ချစ်၊ သီရီဆွေ၊ နီနီခင်ဇော်၊ နေနေ၊ ချစ်စနိုးဦး၊ ဆုပန်ထွာ၊ နန်းမြတ်ဖြိုးသင်း၊ မိစန်္ဒီ၊ ဂန္ထ၀င်၊ ဆုမြတ်နိုးဦး၊ နန်းခင်ဇေယျာ၊ ဧရာ၊ ညောင်ညောင်၊ မေတ္တာနှင့် အဖွဲ့၊ ဟား တသိုက်အဖွဲ့နှင့်အနုပညာရှင်
များစွာမှ အားဖြည့်ကူညီကြမည်ဖြစ်သည်။ 

ဖျော်ဖြေပွဲတွင် တေးဂီတ ဖျော် ဖြေမှုများအပြင် ရုပ်ရှင်သရုပ်ဆောင်များ၏ အငြိမ့်ခန်းဖျော်ဖြေမှုများ၊ တစ်ခန်းရပ်ဟာသ
များပါဝင်မည်ဖြစ် ပြီး လက်မှတ်များကို ဇူလိုင် ၂၆ ရက်မှ စတင်ကာ Nobody၊ City Mart၊ Ocean နှင့် Bo Bo Entertainment တို့တွင် ရောင်းချမည်ဖြစ်သည်။ 

လက်မှတ်နှုန်းထားများမှာ ကျပ် ၂၀၀၀၀၊ ၁၅၀၀၀၊ ၆၅၀၀ စသည် ဖြင့်အသီးသီးသတ်မှတ်ထားပြီး ရုပ်သံထုတ်လွှင့်
မှုများအတွက် မြန်မာနိုင်ငံလူငယ်များအစည်းအရုံးမှ ဆွေးနွေးလျက်ရှိကြောင်း ၎င်းကဆက်လက်ပြောကြားသွားခဲ့
သည်။

မသင်္ကာသူကို စစ်ဆေးစဉ် ဆေးခြောက်နှင့် စိတ်ကြွဆေးများ ဖမ်းမိ

မသင်္ကာသူတစ်ဦးကို ရဲများကစစ်ဆေးကြည့်ရာမှ ဆေးခြောက်နှင့် စိတ်ကြွဆေးများ ဖမ်းဆီးရမိသည့်အမှုတစ်ခု ဇူလိုင် ၂၂ ရက်က ဗဟန်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းရရှိသည်။

ဗဟန်းရဲစခန်းမှ ဒုရဲအုပ်တင်လှိုင်နှင့် အဖွဲ့သည် တာဝန်ကျနယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်စဉ် နံနက် ၂ နာရီ အချိန်တွင် အသက် ၂၀ အရွယ်လူငယ်တစ်ဦးကို တွေ့သဖြင့် စစ်ဆေးခဲ့ပြီး ထိုသို့ပေါ်ပေါက်ခဲ့ ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

ရဲများက သံသယရှိသူသည် တာမွေမြို့ နယ်၊ ၁၆၅ လမ်းတွင်နေထိုင်သည့် အသက် ၂၀ အရွယ် ကိုသီဟဇော် ဆိုသူဖြစ်ပြီး သူ့ကျောပိုးအိတ်အတွင်းမှ သတင်းစာစက္ကူဖြင့် ထုတ်ထားသော ဆေးခြောက်ဟု ယူဆရသည့် အရွက်ခြောက်ထုပ် လေးထုပ်နှင့် WY စိတ်ကြွဆေးပြားတစ်ပြားတို့ကို တွေ့ရှိသိမ်းဆည်းခဲ့သည်ဟု ရဲမှတ်တမ်းတွင် ပါရှိသည်။

ထိုသို့ဆေးခြောက်နှင့် စိတ်ကြွဆေးပြားများ လက်ဝယ်တွေ့ရှိသဖြင့် သံသယရှိသူကို ဒုရဲအုပ်တင်လှိုင်ကပင် တရားလို ပြုလုပ်တိုင်တန်းပြီး ဗဟန်းရဲစခန်းက အမှုအမှတ် မယ (ပ)၇/၁၃ ဖြင့်အမှုဖွင့်ထားပြီး သူ့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးပုဒ်မ ၁၅/၁၉(က)ဖြင့် တရားစွဲမည်ဟု သတင်းထုတ်ပြန်သည်။

တွံတေးမှ ခေါင်းဖြတ်သတ်မှု သံသယရှိသူ သုံးဦးကို ရဲဖမ်း

တွံတေးမြို့နယ်တွင် ဖြစ်ပွားခဲ့သော အမျိုးသမီးကြီးတစ်ဦး ခေါင်းဖြတ်အသတ်ခံရမှု နှင့်ပတ်သက်၍ သံသယရှိသူ သုံးဦးကို ရဲကဖမ်းဆီးထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ဇူလိုင် ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။

ယင်းအမှုမှာ ဇူလိုင် ၁၅ ရက်ကတည်းက ရဲစခန်းတွင် အမှုဖွင့်တိုင်းတန်းထားခြင်းဖြစ်ပြီး သေဆုံးသူ အမျိုးသမီးကြီးမှာ တွံတေးမြို့နယ်အတွင်းရှိ ကြည်တန်းရွာမှ အသက် ၅၇ နှစ်အရွယ် ဒေါ်စိန်သန်းဖြစ်ပြီးသူ၏ ခင်ပွန်းသည်က တရားလိုအဖြစ် တိုင်တန်းသဖြင့် ထိုအမှုကို ခလောက်ချိုက်နယ်မြေ ရဲစခန်းက (ပ)၆၃/ ၁၃ဖြင့် အမှုဖွင့်ထားသည်။

၎င်းအမျိုးသမီးကြီးသည် အိမ်နှင့်ကိုက် ၁၀၀ ခန့်အကွာမှ ကွမ်းခြံအတွင်း၌ ခေါင်းပြတ်လျက် သေဆုံးနေခဲ့ခြင်းဖြစ်
ကြောင်း မဇ္ဈိမကဖော်ပြခဲ့ဖူးသည်။

ထိုအမှုကို ရဲများကလိုက်လံစုံစမ်းခဲ့ရာ တဲနီးချင်းဖြစ်သော အသက် ၂၉ နှစ်အရွယ် ကိုထူးနိုင်ကို ကနဦး သံသယရှိ
သဖြင့် ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။

ရဲများကစစ်ဆေးရာတွင် ကိုထူးနိုင်က သူ့ကို ငွေပေးစေခိုင်းခဲ့သူများရှိသည်ဟုလည်းဆိုပြန်သဖြင့် သံသယရှိသူ အသက် ၃၇ နှစ် အရွယ် ကိုအရှည်ကြီး(ခ) ကိုဇော်နှင့် အသက် ၂၅ နှစ်အရွယ် ကိုထွန်းမင်းလတ် (ခ)ကိုမောင်ထွန်း
တို့ကို ထပ်မံဖမ်းဆီးခဲ့သည်ဟု ရဲဌာန၏ မှတ်တမ်းများတွင်တွေ့ရသည်။

လက်ရှိအချိန်တွင်ရဲများက လူသတ်ရာတွင် အသုံးပြုခဲ့သည် သက်သေခံဓားကိုလည်း သိမ်းဆည်းထားပြီး သတ်ဖြတ်ရန် ပေးချေသည့် အခကြေးငွေဟု သံသယရှိဖွယ်ကောင်းသော ငွေကြေးများကိုလည်း သိမ်းဆည်းထား
သည်ဟု ရဲဌာနကဆိုသည်။

သစ်ခိုးထုတ်မှူကြောင့် မေယူတောင်တန်းတွင် သစ်တော အကြီးအကျယ် ပြုန်းတီးနေ

ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ် နယ်စပ်တွင် တာဝန်ကျ  ပျက်ဝန်ထမ်းတချို့က  ဒေသအတွင်း စီးပွားရေး သမားများနှင့် ပူးပေါင်းကာ  မေယူတောင်တန်းမှ သစ်များကို ခိုးထုတ်နေသဖြင့် သစ်တောများ အကြီးအကျယ် ပြုန်းတီးလျှက် ရှိကြောင်း သတင်း ရရှိသည်။

ထိုကဲ့သို့ သစ်ခိုးထုတ်မှုကြောင့် သစ်တောများ ပြုန်းတီးနေနေမှုကို  ဒေသခံ ပြည်သူများက အထက်သို့ စာရေး တိုင်ကြား ခဲ့ သည်ဟု ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှမောင်သိန်းက ဆိုသည်။

" ဘူးသီးတောင်မြို့နယ် ကံကော်မြိုင် နတလ ရွာသားတွေက လွန်ခဲ့တဲ့ တပတ်ကျော်က အထက်ကို တင်ပြထားပါတယ်။ ကျွန်တော့်ကိုလည်း သူတို့ တင်ပြတာက  ဒီကိစ္စဟာ အရေး ကြီးပါတယ်။ အခုလို သစ်တွေ ခိုးထုတ်နေတဲ့ အတွက် ဒေသအတွင်းမှာလည်း မတည်ငြိမ်မူတွေ ရှိနေတယ်လို့ ပြောပါတယ်။"

ကံကော်မြိုင် (နတလ)  ကျေးရွာသည်  ဘူးသီးတောင်မြို့နယ် ညောင်ချောင်း ကျေးရွာ အထက်နားတွင် တည်ရှိပြီး ယခုအခါ ကျေးရွာသားများ အနေဖြင့် သစ်ခုတ်သမားများ၏ နှောင့်ယှက်ခြင်း၊ လယ်ယာစိုက်ခင်းများသို့ ၀င်ရောက်ပြီး အသီးအနှံများကို ခူးယူ စားသောက်ခြင်းများလည်းနှင့် ကြုံတွေ့ ရင်ဆိုင် နေရသည်ဟု ဆိုသည်။

ယခင်က သစ်ထုတ်လုပ်မူကို  နစက အမှတ် ၁၃ ညောင်ချောင်း စခန်းမှ ဒု တပ်ကြပ် တစ်ဦးက ဦးဆောင် လုပ်ကိုင်ခဲ့ပြီး နစက ကိုဖျက်သိမ်းလိုက်သော နောက်ပိုင်းတွင်လည်း  တရားမ၀င် သစ်ထုတ်လုပ်မူမှာ ယခုထက်တိုင် တည်ရှိနေသေးသည်ဟု ဆိုသည်။

ရာချီ ရှိသော သစ်ခိုးထုတ်သူများသည် မေယုတောင်ပေါ်တွင် အုပ်စုလိုက် အဖွဲ့များ ဖွဲ့ကာ တဲတန်းများထိုးပြီး ရက်ရှည်လများ နေထိုင်နေကြပြီး သူတို့အတွက် ရိက္ခာများကို သစ်စီးပွားရေး သမားများက ပို့ပေးကြသည်ဟု သိရသည်။

အထူးသဖြင့် သစ်ခုတ်သမားများမှာ မယူမြစ်  အရှေ့ဘက်ကမ်းမှ ဘင်္ဂလီကျေးရွာမှ ရွာသားများ  ဖြစ်ကြပြီး သူတို့၏ တောင်တက် သစ်ဝါးခုတ်ခွင့်ကို အရေးအခင်းပြီးကတည်းက အဆိုပါ ဒေသတွင် ပိတ်ပင်ထားသဖြင့် မေယူကမ်း အနောက်ဘက် မေယူတောင်တန်းတွင် တရားမ၀င် သစ်ထုတ် လုပ်ရာတွင် လာရောက် လုပ်ကိုင်နေကြသည်ဟု ဆိုသည်။

ထိုသို့ သစ်ခိုးထုတ်သူ များပြားနေသဖြင့် ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ် နယ်စပ်တွင် သစ်ဈေးမှာ အဆမတန် ဈေးကျပြီး သစ်လုပ်သူ စီးပွားရေး သမားများ အနေဖြင့် အထူး အမြတ်အစွန်း ရနေသည်ဟု ရသေ့တောင်မြို့နယ် ကျောက်ရံ- သိန်တောင် ဒေသခံ တစ်ဦးက ပြောသည်။

မယူတောင်မှ ထွက်လာသော သစ်များကို ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျေးရွာမှ တဆင့်  ဘူးသီးတောင်သို့ တင်ပို့ကြသလို ရသေ့တောင်မြို့နယ် ကျောက်ရံကျေးရွာမှ တဆင့် စစ်တွေမြို့သို့ စက်လှေများဖြင့် တင်ပို့ကြသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ တရားမ၀င် သစ်ထုတ်လုပ်ရာတွင် ဒေသအသီးသီးမှ အမည်မသိသူ အများအပြား လာရောက် လုပ်ကိုင်နေသဖြင့်  ရခိုင်နှင့် မူဆလင်များ အကြား မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက် လာမည်ကို စိုးရိမ်သဖြင့် ကျေးရွာသားများက  မြို့နယ်နှင့်  ပြည်နယ်အဆင့် အစိုးရ တာဝန်ရှိသူများထံ တိုင်ကြားစာတွင် ဖေါ်ပြထားကြောင်း ဦးလှမောင်သိန်းက ဆိုသည်။

KIA ပြည်သူ့စစ် တပ်ခွဲ (၅)နှင့် အစိုးရတပ်များ ဆက်လက် တင်းမာနေ

ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေ ပန်ဆိုင်း (ကြူကုတ်) ဒေသတွင် အစိုးရတပ် ခလရ (၁၂၃)နှင့် KIA ပြည်သူ့စစ်တပ်ဖွဲ့ (MHH) တပ်ခွဲ (၅)ကြား ယမန်နေ့က ၁ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆက်လက်၍ တင်းမာနေဆဲဖြစ်ကြောင်းသိရသည်။

ယမန်နေ့ ဇူလိုင်လ ၂၃ ရက်နေ့ ညနေ ၄ နာရီခွဲချိန်မှ ၅ နာရီခွဲထိ အင်အား ၁၀၀ ကျော်ရှိသော အစိုးရတပ်နှင့် MHH တပ်ခွဲ (၅) တို့ ခလဲန်ရွာ (Hka Len) တွင် ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အစိုးရတပ်ဘက်မှ ခလဲန်ရွာကုန်းမှ လက်နက်ကြီး (၈၁ မမ နှင့် ၆၀ မမ) နှင့် စက်လက်များဖြင့် ပစ်ခတ်ခဲ့ကြောင်း တပ်ခွဲ (၅) မှ သိရသည်။

ထိုသို့ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီးနောက် ၎င်းအစိုးရတပ်များသည် ခလဲန်ရွာ (Hka Len) ရွာရှိလီဆူးနှစ်ခြင်း ဘုရားကျောင်းဝင်းထဲသို့ အကာအကွယ် ယူနေသဖြင့် MHH တပ်ခွဲ (၅)မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ရန် ခက်ခဲနေကြောင်း တပ်ခွဲ (၅) မှ တပ်ခွဲမှူးဇော်ဆိုင်း KNG ကချင်သတင်းဌာန သို့ပြောသည်။

"ကျွန်တော်တို့က ရွာသားတွေရှိတဲ့နေရာမှာ မပစ်ဘူးဆိုတာသိတော့ အစိုးရတပ်က ရွာထဲမှာပဲ အကာအကွယ်ယူနေကြတာ။ ဒီနေ့ နေ့လည်ထိ ထွက်မလာရင်တော့ ရွာသားတွေကို ဖယ်ခိုင်းပြီး ပစ်မယ်လို့လုပ်နေကြတာ" ဟုဆိုသည်။

အစိုးရတပ်ဘက်မှ ယမန်နေ့ ဖိုင်ကောင်းရွာတွင် တပ်ခွဲ (၅)မှ တပ်သား ၂ ဦး၏ သေနတ်သိမ်းယူသွား လိုက်ခြင်းကြောင့် ယနေ့ နှစ်ဖက်တပ်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ရန် နေရာယူနေဆဲ ဖြစ်ကြောင်း တပ်ခွဲမှူးဆက်ဆိုသည်။

"မနေ့က ကျွန်တော်တို့ တပ်သား ၂ ယောက် ဖိုင်ကောင်းရွာ (Hpai Kawng mare) သူတို့အိမ်မှာရှိနေချိန် အစိုးရတပ်တွေ ရုတ်တရက်ဝင်လာတော့ သေနတ် ၂ လက်ကျန်ခဲ့ပြီး  ကိုယ်လွတ်ထွက်ပြေးခဲ့ရတော့ ကျန်ခဲ့တဲ့သေနတ် ၂ လက်ကို အစိုးရတပ်တွေသိမ်းသွားတာ အဲဒီလက်နက်ပြန်ရအောင် နေရာချပြီးစောင့်နေကြတာ။"

အဆိုပါတိုက်ပွဲတွင် နှစ်ဖက်တပ်၏ ကျဆုံးဒဏ်ရာရရှိမှုကို မသိရှိသေးပါ။

တပ်မဟာ (၄) နယ်မြေ ပန်ဆိုင်း (ကြူကုတ်) ဆိုင်းထူခက်ရွာ (Seng Htu Hkyet mare) တွင် KIA ပြည်သူ့စစ် (MHH) တပ်ခွဲ (၅)မှ စခန်းချလာချိန်မှစ၍ အစိုးရတပ်များသည် စစ်ရေးလှုပ်ရှားမှုစိပ်လာပြီး နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများ မကြာခဏဖြစ်ပွားလာခြင်းဖြစ်ကြောင်း သိရသည်။

ကျေးရွာပေါင်း ခြောက်သောင်းကို ကျပ်ဘီလီယံ သုံးရာခန့် ငွေထုတ်ချေးရန် စီစဉ်

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကျေးရွာပေါင်း ခြောက်သောင်းခန့်တွင် နေထိုင်သော မိသားစုများကို တစ်အိမ်ထောင်စုလျှင် တစ်သိန်းနှုန်းဖြင့် ကျပ်ငွေ ဘီလီယံသုံးရာခန့် ချေးသွားရန် သမ၀ါယမ၀န်ကြီးဌာနက စီစဉ်နေကြောင်း ၀န်ကြီးဌာန၏သတင်း နှင့် ပြန်ကြားရေး တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်အောင်က မဇ္ဈိမသတင်းစာကို ပြောသည်။

ကျေးရွာတစ်ရွာကို မိသားစုတစ်ရာ သတ်မှတ်ထားရာ ချေးငွေထုတ်ချေးရန် ၀န်ကြီးဌာနအနေနှင့် လေ့လာမှုများပြုလုပ်နေ ပြီး မည်သည့်အချိန်တွင် စချေးမည်ကို အတိမကျ မသတ်မှတ်ရသေးကြောင်း ဆက်ပြောသည်။

ချေးငွေကို သမ၀ါယမအသင်း ၀င်ထားသူများကို ထုတ်ချေးမည်ဖြစ်ပြီး ယင်းချေးငွေရယူလိုပါက အသင်းဝင်ထားရန် လိုအပ်ပြီး အသင်းဝင်ကြေးကို ကျပ် ၅၀၀၀ သတ်မှတ်ထားကြောင်း ဦးမြင့်အောင်က ပြောသည်။

"ချေးငွေကို ၀ိုင်းကြီးချုပ်စနစ်နဲ့ပေးမယ် ချေးမယ့်သူ အချင်းချင်း ၀ိုင်းကြီးချုပ်စနစ် ငါးယောက် စုပြီး ငွေချေးရမယ်"ဟု ၎င်းက ဆက်လက်ပြောသည်။

ချေးငွေတစ်သိန်းကို မှန်မှန်ပြန်ဆပ်ပါက ၎င်းအိမ်ထောင်စုကို ငါးသိန်းကျပ်အထိ ထပ်မံချေးပေးမည် ဖြစ်ပြီး ယင်းချေးငွေများမှာ သမ၀ါယမ၀န်ကြီးဌာနက နိုင်ငံတကာမှရရှိသော နိုင်ငံခြားချေးငွေ၊ ထောက်ပံ့ငွေတို့ဖြင့် ပြန်လည်ထုတ်ချေးခြင်း ဖြစ်ကြောင်း ဦိးမြင့်အောင်က ပြောသည်။

ကျေးလက်ဒေသများမှ အကြွေးမြီများဖြင့် လုပ်ကိုင်သူများသည် ပြင်ပမှအတိုးနှုန်းကြီးကြီးဖြင့် ငွေချေးယူရသည့် အခက်အခဲကို လေး၊ငါးနှစ်အတွင်း ပပျောက်ပြီး ကိုယ်ပိုင်ငွေဖြင့် ရပ်တည်သွားစေရန် ရည်ရွယ်ပြီး ထုတ်ချေးခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

သမ၀ါယမ အသင်းဝင်ရန် ပေးသွင်းရမည့် ငွေကြေးမှာ အစုရှယ်ယာ သဘောမျိုးဖြစ်ပြီး မိမိဆန္ဒအလျောက် နုတ်ထွက်ပါက ယင်းငွေကို ပြန်လည်ထုတ်ယူနိုင်ကြောင်း ဦးမြင့်အောင်က ဆက်ပြောသည်။

ယခု လောလောဆယ်တွင် သမ၀ါယမ၀န်ကြီးဌာနသည် မြို့နယ်ရှိ ရပ်ကွက်များတွင် ၀ိုင်းကြီးချုပ်စနစ်ဖြင့် အသေးစားငွေချေးနှင့် သမ၀ါယမအသင်းဝင်များကို စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးလျက်ရှိသည်။

နှစ်နိုင်ငံ ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် တရုတ်ရေကြောင်းဌာနမှ M.V HAIXUN 01 သင်္ဘော မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်


m.vhaixun01-july25

တရုတ် M.V HAIXUN 01 သင်္ဘောကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်ဆိပ်ကမ်း၌  ဇူလိုင် ၂၄  ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ၀င်းမြင့်ကျော်)

တရုတ်-မြန်မာနှစ်နိုင်ငံ ရေကြောင်းဘက်ဆိုင်ရာ ကိစ္စများ ပူးပေါင်းဆောင်ရွက်ရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရေကြောင်းဌာနမှ M.V HAIXUN 01 သင်္ဘောသည် ဇူလိုင် ၂၄ ရက်က မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့သည်။

ယခုကဲ့သို့ ချစ်ကြည်ရေးခရီး လာရောက်ရခြင်းမှာ ၂၀၁၂ နိုဝင်ဘာ ၃၀ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ကျင်းပခဲ့သော (၁၁) ကြိမ်မြောက် အာဆီယံ- တရုတ် ပို့ဆောင်ရေး ၀န်ကြီးများ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရဖြစ်ကြောင်း သိရသည်။

ယခု မြန်မာနိုင်ငံသို့ လာရောက်သော ခရီးစဉ်တွင် တရုတ်နိုင်ငံ၊ ရေကြောင်းဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်နှင့်၊ တရုတ်ဒေသဆိုင်ရာ ရေကြောင်းဌာန အကြီးအကဲများ ပါဝင်ကြောင်း သိရသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရေကြောင်းဌာနသည် အာဆီယံနိုင်ငံများနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးအတွက် သြစတြေးလျနိုင်ငံသို့ လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံသို့ လည်းကောင်း ဦးစွာသွားရောက် လည်ပတ်ခဲ့ပြီး ယခု မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ခရီးစဉ် ပြီးဆုံးပါက မလေးရှားနိုင်ငံသို့ ဆက်လက်ထွက်ခွာမည်ဟု သိရသည်။

M.V HAIXUN 01 သင်္ဘော၏ မြန်မာနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း ဒေသတွင်း ရေကြောင်းဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် နှစ်ဘက်ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ၊ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်များ၊ ချစ်ကြည်ရေး အားကစား အစီအစဉ်များ ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။

"အခု ခရီးစဉ်အတွင်းမှာ ဘာသာရပ်ဆိုင်ရာ ကိစ္စရပ်တွေဖြစ်တဲ့ Port State Control (PSC)/Maritime Investigation ဆိုင်ရာ ကိစ္စရပ်တွေနဲ့ Search and Rescue(SAR)/Maritime Security ကိစ္စရပ်တွေကိုပါ အပြန်အလှန် ဆွေးနွေးသွားဖို့ ရှိပါတယ်" ဟု မြန်မာနိုင်ငံ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ဌေးက ပြောကြားသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရေကြောင်းဌာနမှ ဒုတိယညွှန်ကြားရေးမှူး Zhai Jiugang က "ကျွန်တော်တို့ အခုမြန်မာနိုင်ငံကို လာတာက တရုတ်-မြန်မာ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် ဆက်ဆံရေး ဆောင်ရွက်ရာမှာ ပို့ဆောင်ရေး ကဏ္ဍဖြစ်တဲ့ ရေကြောင်းပို့ဆောင်ရေး ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်နိုင်အောင် ဖြစ်ပါတယ်" ဟု ပြောကြားသည်။

M.V HAIXUN 01 သင်္ဘော၏ မြန်မာနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်သည် ဇူလိုင် ၂၈ ရက်တွင် ပြီးဆုံးမည်ဖြစ်ကာ ယင်းနေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူသို့ ဆက်လက်ထွက်ခွာမည်ဟု သိရသည်။

စစ်သွေးကြွများ လွတ်မြောက်စေရန် အီရတ်ထောင်များကို ဖောက်ခဲ့သည်ဟု အယ်လ်ကေးဒါး မူဂျာဟစ်ဒင်အဖွဲ့ ကြေညာ

alkader-july25

ဘဂ္ဂဒက်အပြင်ဘက်ရှိ အဘူဂါရိတ်ထောင် အပြင်ဘက်တွင် အီရတ်စစ်သားများ စောင့်ဆိုင်းနေမှုကို ၂၀၀၆ ခုနှစ် စက်တင်ဘာ ၂ ရက်က ရိုက်ကူးထားသော ဓာတ်ပုံ (Photo:AP)

ဖမ်းဆီးခံထားရသည့် စစ်သွေးကြွ ရာပေါင်းများစွာ လွတ်မြောက်နိုင်ရန်အတွက် မိမိတို့အဖွဲ့က အီရတ်ထောင်များကို ဖောက်ခဲ့ခြင်းဖြစ်ကြောင်း အယ်လ်ကေးဒါး မူဂျာဟစ်ဒင်အဖွဲ့က ထုတ်ပြန်လိုက်သည်။

ဇူလိုင် ၂၂ ရက်က မြို့တော်ဘဂ္ဂဒက် အနောက်ဘက် အဘူဂါရိတ်မြို့ အကျဉ်းထောင်နှင့် မြို့တော်မြောက်ဘက် တာဂျီမြို့ အကျဉ်းထောင်တို့အား တိုက်ခိုက်မှုများတွင် လူ ၄၀ ကျော် သေဆုံးခဲ့ရာ အီရတ်နိုင်ငံတွင် စစ်သွေးကြွများ ပိုမိုဆိုးရွားလာမှုနှင့် လုံခြုံရေး အခြေအနေ ကျဆင်းလာမှုတို့ကို မီးမောင်းထိုးပြနေသည်။

ဇူလိုင် ၂၃ ရက်ကလည်း ဆွန်နီမွတ်စလင် ဗလီလေးခုတွင် ညနေပိုင်း ၀တ်ပြုရန် ရောက်ရှိနေသူများကို ပစ်မှတ်ထား ဗုံးခွဲတိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၁၂ ဦးနှင့် ဒဏ်ရာရသူ ၄၉ ဦးရှိခဲ့ရာ ယခုလအတွင်း သေဆုံးသူ စုစုပေါင်း ၆၃၈ ဦး ရှိသွားပြီး ယခုနှစ်အတွင်း သေဆုံးမှု အများဆုံးလ ဖြစ်လာခဲ့သည်။

"မူဂျာဟစ်ဒင်အဖွဲ့က လပေါင်းများစွာ ပြင်ဆင်စီစဉ်ပြီး ထောင်နှစ်ခုကို ဖောက်ခဲ့တာ ဖြစ်ပါတယ်" ဟု အီရတ်အစိုးရနှင့် ရှီအိုက်မွတ်စလင်များအဖွဲ့ Levant တို့က လက်မှတ်ရေးထိုး ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

အဆိုပါ မူဂျာဟစ်ဒင်အဖွဲ့ကို အီရတ်ရှိ အယ်လ်ကေးဒါးအဖွဲ့ခွဲနှင့် ဆီးရီးယားမှ ဂျီဟတ်ဒ်အဖွဲ့ အယ်လ်နွတ်ဆာရာ တပ်ဦးတို့ ပေါင်းစပ်ဖွဲ့စည်း ထားခြင်းဖြစ်သည်။

အကျဉ်းထောင်နှစ်ခုအား ဖောက်ခဲ့ရာတွင် စစ်သွေးကြွ ၅၀၀ အပါအ၀င် အကျဉ်းသား ရာပေါင်းများစွာကို လွှတ်ပေးနိုင်ခဲ့ကြောင်း မူဂျာဟစ်ဒင်အဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ယမန်နှစ်က ထွက်ပေါ်ခဲ့သည့် အသံဖိုင်တစ်ခုတွင် မူဂျာဟစ်ဒင် အဖွဲ့ခေါင်းဆောင် အဘူဘက်အယ်ဘက်ဒါဒီက အကျဉ်းထောင်များ ဖောက်ရန်နှင့် တရားစီရင်ရေး အဖွဲ့မှ အရာရှိများကို ပစ်မှတ်ထား တိုက်ခိုက်သွားရန်ဟု ပြောကြားခဲ့သည်။

အကျဉ်းထောင်များအတွင်း ဆူပူမှု ဖြစ်ပေါ်အပြီးတွင် အပြင်၌ အသင့်စောင့်နေသည့် စစ်သွေးကြွများက ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သောကြောင့် စနစ်တကျ အကွက်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

စစ်သွေးကြွများက မော်တာများ၊ ဗုံးများ၊ သေနတ်များ အသုံးပြုကာ လုံခြုံရေး တပ်ဖွဲ့များနှင့် ၁၀ နာရီကြာ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။

အသက် (၂၁) နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အသတ်ခံရမှု တောင်ဒဂုံမြို့နယ်တွင် ဖြစ်ပွား


killed-july25

အလောင်းတွေ့ရှိသည့် ကွင်းပြင်အား တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)

တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးရပ်ကွက်၌ အသက် ၂၁ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ၎င်းသန္ဓေသားနှင့်အတူ ပုပ်ပွသေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၃ ရက်က တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးရပ်ကွက်ရှိ ဒီဇင်ဘာအိမ်ရာ မုခ်ဦးအ၀င်လမ်း၏ အနောက်ဘက်ကွင်းထဲတွင် ဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးနေသည့် အမျိုးသမီးအလောင်းနှင့် သန္ဓေသား အလောင်းတို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းအလောင်းတို့အား ဒဂုံတောင်မြို့မ ရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ အမှတ် ၂ လမ်း၊ ရွာသာကြီးရပ်ကွက်၊ ဒဂုံအရှေ့မြို့နယ်နေသူ မအေးအေးအောင် ၂၁ နှစ် ဖြစ်ကြောင်း သိရပြီး ၎င်းနှင့်သန္ဓေသား အလောင်းတို့အား သင်္ကန်းကျွန်း စံပြဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးခဲ့ကြောင်း သိရသည်။

အလောင်းအား ရင်ခွဲစစ်ဆေးချက်အရ သေဆုံးသူ မအေးအေးအောင်မှာ လည်ပင်းယာဘက် အရိုက်ခံခဲ့ရပြီး လေပြွန်တွင် သွေးတွေ့ရှိကြောင်း၊ အစာပြွန်တွင် ရွှံ့ဝင်နေပြီး သားအိမ်မှာ ပေါက်ထွက်နေကြောင်း၊ အပြင်တွင် တွေ့ရှိခဲ့ရသည့် ၎င်း၏ငါးလအရွယ်ခန့်ရှိ သန္ဓေသားမှာလည်း ဗိုက်ပေါက်နေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို့အပြင် သေဆုံးသူသည် အရိုက်ခံရပြီး သတိလစ်နေချိန်တွင် လည်ပင်းအား လုံချည်ဖြင့်ညှစ်၍ သတ်ခဲ့ကြောင်း၊ ဗိုက်မှာအကန်ခံရ၍ သားအိမ်ပေါက်ကာ သန္ဓေသားမှာ အပြင်သို့ထွက်ကျခဲ့ပြီးနောက် ဗိုက်ပေါက်အူထွက်ကာ သေဆုံးရခြင်းဖြစ်ပြီး သေဆုံးသည့်အချိန်မှာ ၄/၅ ရက်ခန့် ရှိပြီဖြစ်နိုင်ဖွယ်ရှိကြောင်း ကျူးလွန်သူများမှာ ၃ ယောက် သို့မဟုတ် ၄ ယောက်ခန့် ရှိနိုင်ကြောင်း မှုခင်းဆရာဝန်ကြီး၏ စစ်ဆေးချက်အရ သိရသည်။

အဆိုပါ သေဆုံးသူ မအေးအေးအောင်မှာ ကိုယ်ဝန် ၅ လခန့် ရှိနေကြောင်းသိရပြီး ဇူလိုင် ၁၉ ရက်ညပိုင်းက ၎င်း၏ရည်းစားဖြစ်သူ ပြည့်ဝအောင်မှ ၎င်းအလုပ်လုပ်နေသည့် အအေးခန်းစက်ရုံသို့ လာရောက်ခေါ်ဆောင် သွားခဲ့ကြောင်း စက်ရုံရှိ သက်သေများ၏ ပြောပြချက်အရ သိရသည်။

တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးရပ်ကွက်ရှိ ဒီဇင်ဘာအိမ်ရာ မုခ်ဦးအ၀င်လမ်း၏ အနောက်ဘက်ကွင်းထဲတွင် ဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးနေသည့် အမျိုးသမီးအလောင်းနှင့် သန္ဓေသား အလောင်းတို့အား တွေ့ရှိခဲ့ကြောင်း . . . . .

သေဆုံးသူ၏ မိခင်ဖြစ်သူ ဒေါ်မိုးမိုးဝင်းက "ကျွန်မသမီးလေးက အဲ့ဒီနေ့က အလုပ်ဆင်းနေတာပါ။ အလုပ်ပြန်ချိန်မှာလည်း သူ့အဖေကို လာကြိုဖို့ကို ပြောထားတယ်။ သူ့အဖေ သွားကြိုတော့ သူနဲ့မတွေ့ခဲ့ဘဲ သူ့ရည်းစားနဲ့ လိုက်သွားတယ်လို့ စက်ရုံက အလုပ်သမားတွေက ပြောပါတယ်။ မနက်ကျတော့ သူ့ရည်းစား အလုပ်လုပ်တဲ့ စက်ရုံကိုသွားပြီး မေးပါသေးတယ်။ သူကမသိဘူးလို့ ဖြေတယ်" ဟု ဇူလိုင် ၂၃ ရက် မွန်းလွဲပိုင်းက ၎င်း၏နေအိမ်တွင် ဆိုသည်။

သေဆုံးသူ၏ မိခင်မှ ဇူလိုင် ၂၀ ရက် နံနက်အစောပိုင်းတွင် ပြည့်ဝအောင်ကို သေဆုံးသူ မအေးအေးအောင်အကြောင်း သွားရောက်မေးမြန်းပြီးနောက် ၎င်းမှာယင်းနေ့နံနက် ၁၀ နာရီခန့်ကပင် ရပ်ကွက်ထဲတွင် မတွေ့ရှိတော့ကြောင်း သိရသည်။

သေဆုံးသူ၏ ဖခင်ဖြစ်သူ ဦးမြင့်အောင်က "၂၁ ရက်မှာ ပြည့်ဝအောင်ရဲ့ နေအိမ်ကို သွားပြီးတော့ သူ့မိဘတွေနဲ့ ကျွန်တော်သွားတွေ့ပါတယ်။ ကျွန်တော့်သမီးလေး ပျောက်သွားတာ သုံးရက်ရှိပြီ။ ကျွန်တော့်သမီးလေးကို ခိုးသွားတယ်ဆိုရင်လည်း ၀ါဝင်တော့မှာမို့လို့ မိသားဖသားပီပီ ပြန်အပ်ပါလို့ပြောတော့ သူတို့က မသိဘူးလို့ပဲ ငြင်းတယ်။ ကျွန်တော့်သမီးလေး ဒီလိုမျိုး ရက်ရက်စက်စက် အသတ်ခံရတာ ကျွန်တော့်စိတ်ထဲမှာ ဘယ်လိုမှ ဖြေဆည်လို့ မရနိုင်ပါဘူး။ ဒီဖြစ်စဉ်ကို တာဝန်ရှိသူတွေက အမှန်တရားကို အမြန်ဆုံး ဖော်ထုတ်ပေးစေချင်ပါတယ်" ဟု ဆိုသည်။

သေဆုံးသူ၏ ဖခင်ဖြစ်သူက ပြည့်ဝအောင်၏ နေအိမ်သို့ သွားရောက်မေးမြန်းခဲ့သည့် ဇူလိုင် ၂၁ ရက်တွင်ပင် ပြည့်ဝအောင်၏ မိသားစုအားလုံးမှာ နေအိမ်တွင် မရှိတော့ဘဲ ဇူလိုင် ၂၄ ရက် ညနေပိုင်းအထိ ပျောက်ဆုံးလျက်ရှိကြောင်းလည်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူဟု ယူဆရသည့် သေဆုံးသူ၏ ရည်းစားဖြစ်သူ ပြည့်ဝအောင်ကို တောင်ဒဂုံမြို့မ ရဲစခန်းမှ (ပ) ၆၀၂/၁၃ ပုဒ်မ-၃၀၂ ဖြင့်အမှုဖွင့်ပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။