Thursday, July 25, 2013

နှစ်နိုင်ငံ ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် တရုတ်ရေကြောင်းဌာနမှ M.V HAIXUN 01 သင်္ဘော မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်


m.vhaixun01-july25

တရုတ် M.V HAIXUN 01 သင်္ဘောကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်ဆိပ်ကမ်း၌  ဇူလိုင် ၂၄  ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ၀င်းမြင့်ကျော်)

တရုတ်-မြန်မာနှစ်နိုင်ငံ ရေကြောင်းဘက်ဆိုင်ရာ ကိစ္စများ ပူးပေါင်းဆောင်ရွက်ရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရေကြောင်းဌာနမှ M.V HAIXUN 01 သင်္ဘောသည် ဇူလိုင် ၂၄ ရက်က မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့သည်။

ယခုကဲ့သို့ ချစ်ကြည်ရေးခရီး လာရောက်ရခြင်းမှာ ၂၀၁၂ နိုဝင်ဘာ ၃၀ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ကျင်းပခဲ့သော (၁၁) ကြိမ်မြောက် အာဆီယံ- တရုတ် ပို့ဆောင်ရေး ၀န်ကြီးများ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရဖြစ်ကြောင်း သိရသည်။

ယခု မြန်မာနိုင်ငံသို့ လာရောက်သော ခရီးစဉ်တွင် တရုတ်နိုင်ငံ၊ ရေကြောင်းဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်နှင့်၊ တရုတ်ဒေသဆိုင်ရာ ရေကြောင်းဌာန အကြီးအကဲများ ပါဝင်ကြောင်း သိရသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရေကြောင်းဌာနသည် အာဆီယံနိုင်ငံများနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးအတွက် သြစတြေးလျနိုင်ငံသို့ လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံသို့ လည်းကောင်း ဦးစွာသွားရောက် လည်ပတ်ခဲ့ပြီး ယခု မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ခရီးစဉ် ပြီးဆုံးပါက မလေးရှားနိုင်ငံသို့ ဆက်လက်ထွက်ခွာမည်ဟု သိရသည်။

M.V HAIXUN 01 သင်္ဘော၏ မြန်မာနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း ဒေသတွင်း ရေကြောင်းဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် နှစ်ဘက်ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ၊ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်များ၊ ချစ်ကြည်ရေး အားကစား အစီအစဉ်များ ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။

"အခု ခရီးစဉ်အတွင်းမှာ ဘာသာရပ်ဆိုင်ရာ ကိစ္စရပ်တွေဖြစ်တဲ့ Port State Control (PSC)/Maritime Investigation ဆိုင်ရာ ကိစ္စရပ်တွေနဲ့ Search and Rescue(SAR)/Maritime Security ကိစ္စရပ်တွေကိုပါ အပြန်အလှန် ဆွေးနွေးသွားဖို့ ရှိပါတယ်" ဟု မြန်မာနိုင်ငံ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ဌေးက ပြောကြားသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရေကြောင်းဌာနမှ ဒုတိယညွှန်ကြားရေးမှူး Zhai Jiugang က "ကျွန်တော်တို့ အခုမြန်မာနိုင်ငံကို လာတာက တရုတ်-မြန်မာ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် ဆက်ဆံရေး ဆောင်ရွက်ရာမှာ ပို့ဆောင်ရေး ကဏ္ဍဖြစ်တဲ့ ရေကြောင်းပို့ဆောင်ရေး ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်နိုင်အောင် ဖြစ်ပါတယ်" ဟု ပြောကြားသည်။

M.V HAIXUN 01 သင်္ဘော၏ မြန်မာနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်သည် ဇူလိုင် ၂၈ ရက်တွင် ပြီးဆုံးမည်ဖြစ်ကာ ယင်းနေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူသို့ ဆက်လက်ထွက်ခွာမည်ဟု သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။