Wednesday, May 29, 2013

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရည်အသွေးမြင့် Tourist Police များ မွေးထုတ်ပေးရန် လိုအပ်လာကြောင်း နိုင်ငံတကာ ရဲတပ်ဖွဲ့ အကြံပေးက ပြောကြား

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာမှုကြောင့် နိုင်ငံခြားသား ခရီးသွားများ၏ လုံခြုံရေး ဆောင်ရွက်နိုင်ရန် အရည်အသွေးမြင့် Tourist Police များ မွေးထုတ်ပေးရန် လိုအပ်ကြောင်း နိုင်ငံတကာ ရဲတပ်ဖွဲ့ အကြံပေး Mr. Mark Wilson က ဆိုသည်။

"မြန်မာနိုင်ငံကို နိုင်ငံခြားသား ခရီးသွားတွေ ပိုမိုဝင်ရောက် လာတယ်။ နိုင်ငံခြားသား ခရီးသွားတွေရဲ့ အသက်အန္တရာယ် တစ်စုံတစ်ရာ ထိခိုက်လာလို့ရှိရင် နိုင်ငံရဲ့ ဂုဏ်သိက္ခာပါ ထိခိုက်လာနိုင်တယ်။ အဲဒါကြောင့် မြန်မာနိုင်ငံ အနေနဲ့ အရည်အသွေးမြင့်တဲ့ Tourist Police တွေ ရှိဖို့လိုအပ်ပါတယ်" ဟု Mr. Mark Wilson က ဆိုသည်။

မြန်မာ့ရဲတပ်ဖွဲ့ဝင်များ၏ အဓိက လိုအပ်ချက် အနေဖြင့် အင်္ဂလိပ်စာ သင်ကြားပေးရန် လိုအပ်ပြီး ယဉ်ကျေးပျုငှာစွာ ဆက်ဆံတတ်စေရန် သင်ကြားပြသပေးရန် လိုအပ်နေသေးကြောင်း ထပ်မံပြောကြားသည်။ ထိုကဲ့သို့ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် Tourist Police သင်တန်းတွင် အင်္ဂလိပ်စာ သင်တန်းအား တစ်ရက်လျှင် သုံးနာရီကြာ သင်ကြားပေးပြီး အခြားသင်တန်း ပို့ချခြင်းများကို သီတင်းပတ်တစ်ပတ်လျှင် သုံးရက်သင်ကြားပေးကြောင်း သိရသည်။

"ကျွန်တော်တို့ အနေနဲ့ သင်တန်းသား ၁၂၀ ကို သင်တန်းပေးလျက် ရှိပါတယ်။ အခုလို သင်တန်းပေးတဲ့ နေရာမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့ ရာနှုန်းပြည့် ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပါတယ်။" ဟု ၎င်းကဆိုသည်။

ထိုကဲ့သို့ သင်တန်းပေးထားနိုင်ရန် အခြားသော EU အဖွဲ့ဝင် နိုင်ငံများ၊ အမေရိက၊ သြစတြေးလျ၊ ဗြိတိန်၊ ဂျပန်နိုင်ငံများမှ အထောက်အပံ့ပေး ကူညီပေးထားကြောင်း Tourist Police များကို နိုင်ငံခြားသား ခရီးသွားများ ထူထပ်ရာ နေရာများတွင် ထားရှိရန် ရည်ရွယ်ထားကြောင်း Tourist Police သည် ပြည်ထဲရေးအောက်တွင် အထူးဌာနခွဲအဖြစ် ထားမည်ဟု သိရသည်။

အမေရိကန်မှ ပေးအပ်သည့် USAID လူ့အခွင့်အရေးဆိုင်ရာ အကူအညီအတွက် မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၁၇၀ တိုးမြှင့်ထောက်ပံ့

အမေရိကန်မှ ပေးအပ်သည့် USAID လူ့အခွင့်အရေးဆိုင်ရာ အကူအညီအတွက် မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၁၇၀ တိုးမြှင့်ထောက်ပံ့လျက် ရှိကြောင်းသိရသည်။ USAID အနေဖြင့် မြန်မာနိုင်ငံအပေါ် အမေရိကန်၏ စီးပွားရေး ပိတ်ဆို့ မှုကြောင့် အကူအညီများ ရပ်ဆိုင်းထားရာမှ နှစ်ပေါင်း ၂၄ နှစ် ကြာပြီးနောက်တွင် ယခုကဲ့သို့ ပြန်လည်၍ ကူညီထောက်ပံ့မှုများ စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

"အမေရိကန်က မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ထားတဲ့ အချိန်က USAID အနေနဲ့ ဒီမှာ ရုံးခန်းဖွင့်ပြီး လုပ်တာမျိုး မရှိခဲ့ဘဲ ပြည်တွင်းမှာရှိတဲ့ တခြားပြည်ပ လူမှုရေး အဖွဲ့အစည်းတွေမှာ ပူးပေါင်းပါဝင်ပြီး မြန်မာနိုင်ငံကို ကူညီခဲ့တာမျိုးတွေ ရှိပါတယ်။ အခုအစိုးရသစ် လက်ထက်ရောက်လာတော့ အမေရိကန်က ပိတ်ဆို့မှုတွေ ဖြေလျှော့လိုက်တဲ့အတွက် ဒီအဖွဲ့က ၂၀၁၂ ခုနှစ် ဧပြီလကတည်းက ဒီမှာ ရုံးလာဖွင့်ပြီး ပြန်ဝင်လာခဲ့တယ်။ အခုပြည်တွင်းမှာရှိတဲ့ ပြည်ပလူမှုရေး အဖွဲ့အစည်း အချို့နဲ့ USAID တို့ ပူးပေါင်းလုပ်ဆောင်နေတဲ့ စီမံကိန်းတွေလည်း လက်ရှိအထိ လုပ်ဆောင်နေပါသေးတယ်။ အရင်ကတော့ ကျန်းမာရေးနဲ့ စီးပွားရေးဆိုင်ရာ ထောက်ပံ့မှုတွေမှာ အများဆုံး လုပ်ဆောင်ပေးခဲ့ပြီး သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့တဲ့ ဒေသတွေမှာလည်း ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကိုလည်း လုပ်ဆောင်ပေးခဲ့ပါတယ်" ဟု Marie Stopes International မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

USAID နှင့် ပြည်ပလူမှုရေး အဖွဲ့အစည်းများဖြစ်သည့် Pact Cesvi၊ Marie Stopes International နှင့် ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်သည့် UN-Habitat တို့ ပူးပေါင်း၍ ၂၀၁၁ ခုနှစ်မှစ၍ ရန်ကုန်တိုင်းဒေသကြီး အပါအ၀င် စစ်ကိုင်း၊ မကွေး၊ မန္တလေးစသည့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ၌ မိခင်နှင့်ကလေး ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများ၊ အသေးစား ချေးငွေလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် ဆက်စပ်သည့် လုပ်ငန်းများ၊ ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းများ စသည့်လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

USAID သည် မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတ ဘားရတ်အိုဘားမား လာရောက်ခဲ့ပြီးနောက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့မှုများနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများအတွက် တိုးမြှင့်ထောက်ပံ့ ပေးမည်ဟုလည်း USAID ၏ တရားဝင် ၀က်ဘ်ဆိုက်တွင် ကြေညာခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အခြေခံပညာ ကျောင်းများ၌ ကျောင်းအပ်လက်ခံရာတွင် ခေါင်းစဉ်အမျိုးမျိုးဖြင့် အလှူငွေ ကောက်ခံခြင်းများ မပြုလုပ်ရန် ညွှန်ကြား

အခြေခံပညာ ကျောင်းများ၌ ကျောင်းအပ်လက်ခံရာတွင် သတ်မှတ်ထားသော နှုန်းထားများ အတိုင်းသာ ဆောင်ရွက်ကြရန်နှင့် မူလတန်းအဆင့်တွင် ခေါင်းစဉ်အမျိုးမျိုးဖြင့် အလှူငွေ ကောက်ခံခြင်းများ မပြုလုပ်ကြရန် ညွှန်ကြားထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

အခြေခံပညာ ကျောင်းများ၌ မူလတန်းအဆင့် ကျောင်းအပ်လက်ခံရာတွင် မသင်မနေရ မူလတန်းပညာရေး စနစ်အရ အခမဲ့ ကျောင်းအပ်နှံနိုင်ပြီး အလယ်တန်းနှင့် အထက်တန်း အဆင့်တို့တွင် ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် နှုန်းထားအတိုင်း ကျောင်းသုံးဖတ်စာအုပ် ဈေးနှုန်း၊ ကျောင်းလခနှုန်း၊ မိဘဆရာ အသင်းကြေးများသာ ကောက်ခံကြရန် ညွှန်ကြားထားကြောင်း သိရသည်။

"မူလတန်း အဆင့်မှာတော့ အခမဲ့ပညာရေးစနစ် ဖြစ်တဲ့အတွက် ဘာမှမကောက်ခံ ရပါဘူး၊ အလှူငွေ တစ်ပြားတစ်ကျပ်မှ မပေးရပါဘူး၊ အလယ်တန်းအဆင့်နဲ့ အထက်တန်း အဆင့်မှာတော့ ပြဌာန်းစာအုပ်ဖိုး၊ ကျောင်းဝင်ကြေးနဲ့ မိဘဆရာ အသင်းကြေးတွေကို တရားဝင် ပေးရတာကလွဲလို့ ဘာမှမကောက်ခံ ရပါဘူး၊ စာအုပ်တွေကိုလည်း သတ်မှတ်ထားတဲ့ ဈေးနှုန်းထက် ပိုမရောင်းရဘူး ဆိုတာကိုလည်း ညွှန်ကြားထားပါတယ်" ဟု ပညာရေး ၀န်ကြီးဌာန၊ အဆင့်မြင့်ပညာရေး အရာရှိ ဦးတင်လှိုင်က ပြောပြခဲ့သည်။

"အခြေခံပညာ ကျောင်းတွေမှာ ကျောင်းအပ်နှံတဲ့အခါ မူလတန်းကနေ စတုတ္ထတန်းအထိ အခမဲ့ ကျောင်းအပ်နှံလို့ ရပါတယ်၊ အလယ်တန်းနဲ့ အထက်တန်း ကျောင်းတွေမှာတော့ ကျောင်းအပ်လက်ခံတဲ့အခါ ကျောင်းလခ၊ ဗလာစာအုပ် အစရှိတာတွေကို သတ်မှတ်ထားတဲ့ နှုန်းထားများအတိုင်း ကောက်ခံဖို့ ညွှန်ကြားထားပါတယ်" ဟု အမှတ် (၃)၊ အခြေခံပညာ ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီက ဆိုသည်။

မူလတန်းအဆင့်တွင် အလှူငွေ ကောက်ခံခြင်း၊ အထက်တန်းနှင့် အလယ်တန်း အဆင့်တို့တွင် ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် တရားဝင်ပေးရသည့် အခကြေးငွေများထက် ပိုမိုကောက်ခံခြင်း၊ ခေါင်းစဉ်အမျိုးမျိုးဖြင့် အလှူငွေများ ကောက်ခံခြင်းများ ရှိပါက အထောက်အထားနှင့်တကွ သက်ဆိုင်ရာ ပညာရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးရုံးသို့ တိုင်ကြားနိုင်ကြောင်း သိရသည်။

ကင်ဆာ ဖြစ်စေနိုင်သည့် တရုတ်ဆန်များ နယ်စပ်မှတစ်ဆင့် ၀င်လာနိုင်၍ ထိထိရောက်ရောက် စစ်ဆေးရန်လို

တရုတ်ဆန် အချို့တွင် ကင်ဆာဖြစ်စေနိုင်သည့် စက်မှုလုပ်ငန်းသုံး ဓာတုပစ္စည်းတစ်မျိုး ပါဝင်နေကြောင်း၊ ထို့အတွက် စားသုံးရန် မသင့်ကြောင်းနှင့် ဆန်စက်လုပ်ငန်းများ ရပ်ဆိုင်းခြင်း၊ ဆန်များကို ပြန်လည်သိမ်းဆည်းခြင်း ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းပြည်နယ်၊ ကွမ်ကျိုးမြို့၌ စားသုံးလျက်ရှိသော ဆန်နှင့်ဆက်စပ် စားသောက်ကုန် အချို့တွင် ကင်ဆာဖြစ်စေနိုင်သည့် စက်မှုလုပ်ငန်းသုံး ဓာတုပစ္စည်း တစ်မျိုးဖြစ်သော Cadmium ဓာတ် ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

စားသောက်ဆိုင်နှစ်ခုမှ စားသောက်ဖွယ်ရာများကို စတင်စစ်ဆေးရာမှ နောက်ဆုံးတွင် ဆန်တွင် အဆိုပါဓာတ် ပါဝင်နေခြင်းဖြစ်ကြောင်း ကွမ်ကျိုးမြို့ အစားအသောက်နှင့် ဆေးဝါးစီမံ ခန့်ခွဲရေးဌာနမှ စစ်ဆေးတွေ့ရှိကာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ကွမ်ကျိုးမြို့ ဆန်နှင့် ဆက်စပ်ထွက်ကုန်များ၏ ၄၄ ဒသမ ၄ ရာခိုင်နှုန်းတွင် အဆိုပါဓာတ် ပါဝင်နေကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ၎င်းအပြင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကျူကျိုးမြို့ရှိ ဆန်စက်သုံးခုမှ ကြိတ်ခွဲရောင်းချသည့် ဆန်များတွင်လည်း အဆိုပါဓာတ် ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရ၍ ဆန်စက်သုံးလုံးအား ရပ်ဆိုင်းထားရန်နှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးထားသော ဆန်များကို ပြန်သိမ်းရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက "Cadmium ကို CD လို့ ခေါ်တယ်။ အဲဒီဓာတ်က ဇင့်၊ ပြဒါးဓာတ်တွေနဲ့ တူတယ်။ သတ္တုတူးဖော်ရေး လုပ်ငန်းတွေရဲ့ အောက်ဘက်မှာရှိတဲ့ မြစ်ကမ်းတစ်လျှောက်က သီးနှံနဲ့ ရေတွေမှာ ပါဝင်နေတတ်တယ်။ ကင်ဆာမျိုးစုံ၊ နှလုံးနဲ့ ကျောက်ကပ်ကို အဓိက ထိခိုက်တယ်။ အရင်တုန်းက ဂျပန်မှာ အဖြစ်များခဲ့ဖူးတယ်။ သတိထားသင့်တယ်" ဟု ပြောပြသည်။

အဆိုပါ ဆန်များအား တရုတ်နိုင်ငံရှိ စစ်ဆေးတွေ့ရှိရာ ဒေသများတွင် သိမ်းဆည်းဖျက်ဆီး ခဲ့သည်ဆိုပါက အကြောင်းမဟုတ်သော်လည်း ပတ်ဝန်းကျင် နိုင်ငံများသို့ ဈေးပေါပေါဖြင့် တရားမ၀င် လမ်းကြောင်းမှတစ်ဆင့် ရောင်းချခြင်း၊ ဆန်အနေဖြင့် မဟုတ်ဘဲ စားသောက်ကုန်အဖြစ် Value Added အဆင့် ပြုလုပ်ရောင်းချခြင်းများ ပြုလုပ်လာပါက စိုးရိမ်စရာဖြစ်၍ သတိပြုသင့်ကြောင်း စားသုံးသူများက ပြောကြားသည်။

ထို့ကြောင့် မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက်တွင် တရားမ၀င် ဆန်မှောင်ခိုမှုများအား ထိရောက်စွာ စစ်ဆေးရန်လိုကြောင်း တရုတ်နိုင်ငံဖြင့် ကုန်သွယ်မှု ပြုလုပ်နေသည့် လုပ်ငန်းရှင်တစ်ဦးက "ဖျက်ပစ်ရင် အကြောင်းမဟုတ်ဘူး။ ဆန်အနေနဲ့ပဲဖြစ်ဖြစ် စားသောက်ကုန် လုပ်ပြီးပို့ရင်ပဲဖြစ်ဖြစ် ၀င်လာနိုင်တယ်။ ၀င်လာမယ်လို့ပြောတာ မဟုတ်ဘူး။ ၀င်လာနိုင်တယ်။ နယ်စပ်ကနေပဲ တရားမ၀င် ၀င်လာနိုင်တယ်။ ဥပမာ-မြန်မာက ဆန်ကိုဝယ်မယ် အပြန်မှာ အဲဒီဆန်တွေကို အပေါဆုံးဈေးနဲ့ ပြန်ထည့်ပေးလိုက်နိုင်တယ်။ မြန်မာနိုင်ငံကိုလည်း ၀င်လာနိုင်သလို အခြားနီးစပ်တဲ့ နိုင်ငံတွေကိုလည်း ရောက်သွားနိုင်လို့ စိစစ်ဖို့လိုတယ်လို့ ပြောတာပါ" ဟု ပြောပြသည်။

စင်္ကာပူနှင့်ပွဲတွင် လက်ရွေးစင် ယူ-၂၃ သာ အသုံးပြုမည်ဟု နည်းပြပြောဆို

မြန်မာ့လက်ရွေးစင် အသင်းနည်းပြ ပတ်ဆောင်ဟွာက လာမည့်ဇွန်လ ၄ ရက်နေ့တွင် ကစားမည့် စင်ကာပူလက်ရွေးစင်အသင်းနှင့် ချစ်ကြည်ရေး ခြေစမ်းပွဲတွင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းကို အသုံးပြုမည် မဟုတ်ဘဲ လက်ရွေးစင် ယူ-၂၃ အသင်းသာ အသုံးပြုမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

နည်းပြ ပတ်ဆောင်ဟွာက " အစက ဒီစင်ကာပူနဲ့ပွဲက မကစားဖြစ်တော့ဘူးဆိုပြီး အခုမှ ရုတ်တရက် ကစားဖြစ်တာပါ။ ဘယ်လိုပွဲပဲဖြစ်ဖြစ် အနိုင်ရလဒ်ရရှိအောင် ကစားမှာပါ။ ဒါပေမယ့် နိုင်ဖို့အတွက်
ပြင်ဆင်မှုတော့ ရှိရပါမယ်။ စင်ကာပူနဲ့ပွဲက အနိုင် အရှုံး ရလဒ်ထက် ဆီးဂိမ်းအတွက် အခုချိန် ကတည်းက ကြိုတင်ပြင်ဆင်တယ်လို့သဘောထားပါတယ်" ဟု ဆိုသည်။

လက်ရွေးစင် ယူ-၂၃ အသင်းသည် ပြီးခဲ့သည့် မေ ၂၆ ရက်က တောင်ကြီးကွင်း၌ မြန်မာနေရှင်နယ်လိဂ် ညွန့်ပေါင်းအသင်းနှင့် ခြေစမ်းကစားခဲ့ရာ ၂-၁ဂိုးဖြင့် ရှုံးနိမ့်ထားသည်။ ထို့အပြင် အသင်းတွင် ဒဏ်ရာရ ကစားသမားများပြီး ကြံ့ခိုင်မှု မပြည့်ဝသည်က အဓိကပြဿနာ ဖြစ်ကြောင်း နည်းပြ ပတ်ဆောင်ဟွာ ကရှင်းပြသည်။

၎င်းက "All Star အသင်းနဲ့ ခြေစမ်းပွဲ ဒုတိယပိုင်းမှာ နောက်တန်း ကစားသမားတွေ ကြံ့ခိုင်မှုလျော့နည်းလို့ အသင်းက ဖရိုဖရဲဖြစ်ခဲ့ပါတယ်။ နောက်ပြီး ဒုတိယပိုင်းမှာ ဂိုးပေးရတာ ပိုများပါတယ်။ ဒါကို အဓိက
ပြုပြင်ရမှာပါ။ ဒါကို မပြင်ဘူးဆိုရင် စိတ်မချရပါဘူး။ ကစားသမားတွေက ဒီထက်လည်း ရွေးဖို့ မရှိပါဘူး။ ရှိပြီးသား လူတွေနဲ့ပဲ အကောင်းဆုံးပြင်ဆင်ရမှာပါ"ဟု ပြောကြားသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ယူ-၂၃ အသင်းနှင့် မြန်မာနေရှင်နယ်လိဂ် ညွန့်ပေါင်း အသင်း ခြေစမ်းပွဲနှင့် ပတ်သက်၍လည်း "ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကို ကျေနပ်ပါတယ်။
နောက်ပြီးဒီအသင်းက အခုမှ လေ့ကျင့်ရက်လည်း ဘယ်လောက်မှ မရသေးပါဘူး။ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုလည်း မပြည့်ဝသေးပါဘူး။ ဒီအတိုင်းဆက်လက်လေ့ကျင့်မယ်ဆိုရင် ပိုကောင်းလာမှာပါ" ဟု
ပြောကြားခဲ့သည်။

စင်ကာပူ လက်ရွေးစင်အသင်းနှင့် မြန်မာ ယူ-၂၃ အသင်းတို့သည် လာမည့် ဇွန် ၄ ရက် ညနေ ၅း၀၀ နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်း၌ ခြေစမ်းကစားမည် ဖြစ်ပြီး လက်မှတ် ၀င်ကြေးများကို ရိုးရိုးတန်း ၅၀၀ ကျပ်နှင့်အထူးတန်း ၁၀၀၀ ကျပ်ဖြင့် သတ်မှတ်ထားသည်။

ထို့ပြင် မြန်မာအသင်းပရိသတ်များ ပွဲကြည့်ရှုရာတွင် အဆင်ပြေစေရန်အတွက် မ.ထ.သ ယာဉ်လိုင်းများ စီစဉ်ပေးသွားမည်ဖြစ်သည်။

 လက်ရွေးစင် ယူ-၂၃ အသင်းသည် စင်ကာပူအသင်းနှင့် ခြေစမ်းအပြီး ဇွန် ၉ ရက်တွင် ဗီယက်နမ်ကလပ် ဒါနမ်အသင်း၊ ဇွန် ၁၁ ရက်တွင် ဗီယက်နမ် ယူ-၂၃ အသင်းများနှင့် ဗီယက်နမ်နိုင်ငံတွင် သွားရောက်
ခြေစမ်းမည်ဖြစ်သည်။

ကလေးများ အဓမ္မပြုခံရမှုများလာသဖြင့် အကာအကွယ်ပေးမည့် ဥပဒေပြဋ္ဌာန်းရန် လွှတ်တော်တွင် အဆိုတင်မည်

ကလေးများအပေါ် အဓမ္မပြုမှုများ များပြားလာသဖြင့် ကလေးများကို အကာအကွယ်ပေးနိုင်မည့် ဥပဒေ တစ်ရပ်ပြဋ္ဌာန်းရန် လွှတ်တော်တွင်အဆိုတင်မည်ဟု သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ အောက်လွှတ်တော်အမတ် ဦးသိန်းညွန့်က ပြောကြားသည်။

''၂ဝ၁၂ ခုနှစ်ကတည်းက အသက် ၁၆ နှစ်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို မုဒိန်းမှုကျုးလွန်ခံရတဲ့
ဖြစ်ရပ်တွေ သိသာသာများလာတာ သတင်းမီဒီယာတွေမှာ ဖော်ပြချက်အရသိရတယ်။

လတ်တလော မြောက်ဥက္ကလာပမှာ အရွယ်မမြောက်သေးတဲ့ ကလေးသူငယ် စော်ကားခံတဲ့ကိစ္စကို မိဘနှစ်ပါးကိုယ်တိုင် အမှုမှန်ပေါ်အောင်သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး အသိပေးခဲ့တာတွေရှိနေတယ်။ ဒီဖြစ်ရပ်တွေကိုဟန့်တားဖို့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို သတိပေးနေပြီ'' ဟု သူကဆိုသည်။

နိုင်ငံရေး ပြောင်းလဲမှုများနှင့် မြန်မာနိုင်ငံကို နိုင်ငံတကာမှ အာရုံစိုက်လာကြပြီဖြစ်ရာ ရင်းနှီးမြှုပ်နှံလိုသည့် ရည်ရွယ်ချက်ဖြင့် ဝင်ရောက်လာမည့် နိုင်ငံခြားသားများ ရှိလာနိုင်သလို ကလေးသူငယ်များကို လိင်ပိုင်း ဆိုင်ရာ ဖြားယောင်းလိုသည့် နိုင်ငံခြားသားများလည်း ရှိလာနိုင်ကြောင်း ဦးသိန်းညွန့်က ဆက်ပြောသည်။

''ပြီးခဲ့တဲ့လကဆိုရင် ကျွန်တော့် မိတ်ဆွေတစ်ယောက်က ကျွန်တော့် ကိုလာပြီး တိုင်ကြားတယ်၊ အသက် ၁၁ နှစ်ကလေးကို ပြင်သစ်နိုင်ငံသားတစ်ဦးက ဆိုက်ကားသမားတစ်ဦးနဲ့အတူခေါ်လာတာ သူကတွေ့ပြီး ရဲစခန်းကို အပ်တယ်၊ ဒါကို ရဲစခန်းက ဆိုက်ကားသမားနဲ့ နိုင်ငံခြားသားကိုပြန်လွှတ်ပြီးတော့ အသက်မပြည့်
သေးတဲ့ ကလေးကိုပဲခေါ်ပြီး ထိန်းသိမ်းထားတယ်ဆိုတဲ့ အချက်မျိုးပေါ့။ အဲလိုအန္တရာယ်မျိုးကိုလည်း ကျွန်တော်က ဖျက်ချင်တယ်'' ဟု ဦးသိန်းညွန့်ကရှင်းပြသည်။

ရန်ကုန်တိုင်းတွင် ယခုနှစ်ဆန်းမှ ဧပြီလအထိ ဖြစ်ပွားခဲ့သည့် အမှုအခင်းများအနက် အဓမ္မပြုကျင့်မှုသည် အများဆုံးဖြစ်နေပြီး လေးလအတွင်း၌ အမှု ၆ဝ ခန့်ရှိခဲ့ရာ ထိုအမှုများ၏ ထက်ဝက်ကျော်မှာ ကလေးများကို ကျူးလွန်ကြသည့် အမှုများဖြစ်သည်ကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ မှုခင်းထုတ်ပြန်ချက်တွင် လေ့လာတွေ့ရှိသည်။

မြန်မာနိုင်ငံသည် လွန်ခဲ့သော ၂၂ နှစ်ကတည်း ကုလ၏ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ထိုစာချုပ်အပိုဒ် ၃၄ တွင် ကလေးများသည် လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ ညှင်းပန်းခြင်းမှ အကာအကွယ် ရခွင့်ရှိကြောင်းပါရှိသည်။

လွှတ်တော်တွင်တင်သွင်းမည့် ကလေးသူငယ် အကာအကွယ်ပေးရေး ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရန် အဆိုတွင် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ကျုးလွန်သူများကို ထိရောက်သောပြစ်ဒဏ်များတိုးမြှင့် ချမှတ်ပေးရန် ဥပဒေပြင်ဆင်ချက်လည်း ပါဝင်မည်ဟု ဦးသိန်းညွန့် က ဆိုသည်။

လက်ရှိတွင် ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုအများစုကို အရွယ်ရောက်ပြီးသူများအား အဓမ္မပြုကျင့်မှုနှင့် တန်းတူ အဓမ္မရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်သာ တရားစွဲရသည်။ လွန်ခဲ့သော နှစ် ၂ဝ က ပြဋ္ဌာန်းထားသည့် ကလေးသူငယ်ဥပဒေရှိပြစ်မှု၊ ပြစ်ဒဏ်များသည် လျော့နည်းနေသဖြင့် ကျုးလွန်ခံရသူ ကလေးသူငယ်များဘက်မှနစ်နာမှုများ ရှိနေသည်ဟု ကလေးသူငယ်များ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုများ ကို ဥပဒေကြောင်းအရ လိုက်ပါကူညီပေးသည့် သမာဓိဖောင်ဒေးရှင်း၏ အထွေထွေအတွင်းရေးမှူး ဦးငိုင်ဆာ့ က ပြောသည်။

၎င်းက ''ကလေးသူငယ် ဥပဒေပုဒ်မ ၆၅ မှာဆိုရင် ထောင်ဒဏ်ခြောက်လပဲရှိတယ်၊ ပုဒ်မ ၆၆ မှာဆိုလည်း
ထောင်ဒဏ်က နှစ်နှစ်ပဲရှိတော့ အထူးဥပဒေအရ ထောင်ဒဏ် သုံးနှစ်ထက် ပိုပေးနိုင်တဲ့ပြစ်မှုရှိမှ ရဲအရေး ပိုင်တာလေ။ ရဲက အရေးမပိုင်တဲ့အတွက် ရဲမှာအာဏာမရှိဘူး။ ရဲက မဖမ်းတဲ့အခါကျတော့ အရပ်သား တစ်ယောက်က အလုပ်ပျက်ခံအမှုတွေလိုက်ပြီး တိုင်တာတဲ့သူမရှိတော့ဘူး'' ဟု လက်ရှိ ပြဋ္ဌာန်းထားသည့် ကလေးသူငယ်အပေါ် သူ၏အမြင်ကိုပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်တွင် ကလေးသူငယ်လိင်မှုဆိုင်ရာ ကျုးလွန်ခံရသည့် အမှုပေါင်း ၃၂ဝ ကို ၎င်းတို့၏ သမာဓိဖောင်ဒေးရှင်းက အခမဲ့ကူညီဆောင်ရွက်ပေးခဲ့ရပြီး ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့သည် ကလေးသူငယ် လိင်မှုဆိုင်ရာ ကျုးလွန်ခံရသည့် မှုခင်း အများဆုံးရှိနေသည်ဟု ဦးငိုင်ဆာ့ က ပြောသည်။

''ရန်ကုန်တိုင်းမှာတင် ကလေးသူငယ်လိင်မှုကျုးလွန်ခံရလို့ မိဘတွေကလာ အကြံဉာဏ်တောင်းတာ ၂ဝ၁၂ ခုနှစ် တစ်နှစ်လုံး ၅ဝဝ ကျော်ရှိတယ်''ဟု ၎င်းကဆိုသည်။ ရန်ကုန်တိုင်း လွှတ်တော်အမတ်ဖြစ်သူ ဦးအေးသိန်း က ''ကလေးသူငယ်နဲ့ အမျိုးသမီးငယ်လေးတွေကို လွှတ်တော်က သီးခြားအဖွဲ့ လေးတွေဖွဲ့ပေးပြီး စောင့်ရှောက် တာတို့ ဆောင်ရွက်ပေးဖို့ လိုအပ်နေပါတယ်'' ဟု မှတ်ချက်ပြုသည်။

ကိုယ်ထူကိုယ်ထ အိမ်ရာကွက်သစ် ဖော်ထုတ်သူ ၁ဝ ဦး ထောင်ချခံရခြင်းအတွက် အယူခံဝင်မည်

စစ်တောင်းမြစ် ကမ်းပါးပြိုကျမှုကြောင့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်များမှ အိမ်ရာမဲ့ဖြစ်သူများအတွက် မြေလွတ်မြေရိုင်းများကို ရှင်းလင်းပြီး အိမ်ရာကွက်များ ဖော်ဆောင်ပေးခြင်းကို ဦးဆောင်သူ ၁ဝ ဦးအား ထောင်ဒဏ်ချမှတ်ခဲ့ရာ ယင်းအတွက် အယူခံဝင်မည်ဖြစ်သည်ဟု ၎င်းးတို့၏ မိသားစုဝင်များက ပြောသည်။

ယင်းသို့ အိမ်ရာကွက် ဖော်ထုတ်ပေးခြင်းအတွက် ဦးဆောင်သူ ၁ဝ ဦးကို ထောင်ဒဏ် ခုနစ်နှစ်ကျော် ချမှတ်ခဲ့ရာ အယူခံဝင်သွားမည်ဟု မေလ ၂၆ ရက်က ရန်ကုန်မြို့၊ ရွှေတောင်ဘုန်းကြီးကျောင်းတွင်
ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မိသားစုဝင်များက ပြောကြား လိုက်ခြင်းသည်။

ကျိုက်ထိုမြို့နယ်နှင့် သံဖြူဇရပ် မြို့နယ်များမှ အိမ်ရာမဲ့မိသားစုများအတွက် မြေလွတ်မြေရိုင်းများ
ဖော်ဆောင်၍ ကိုယ်ထူကိုယ်ထ ကွက်သစ်တစ်ခုကို ဦးဆောင်ဖော်ထုတ်ရန်အတွက် နိုင်ငံတော် သမ္မတရုံး၊ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတို့ထံ ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် စက်တင်ဘာလက စတင်ကာ စာတင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလအထိ ငါးကြိမ်တိုင်တိုင် စာတင်ခဲ့သည်ဟုလည်း ၎င်းတို့က ပြောသည်။

ယင်းသို့ စာတင်ခဲ့ပြီး တရားဝင်ခွင့်ပြုမိန့်ကို အစိုးရက ဖေဖော်ဝါရီလ ၁၃ ရက်တွင် ချပေးခဲ့သော်လည်း ၎င်းတို့က ခွင့်ပြုမိန့်မကျမီပင် သိမ်ဇရပ်တိုက်နယ် အတွင်းရှိ ဝါးဒက်ကွင်းကျေးရွာ အရှေ့ဘက်တွင် ဦးဆောင် သူ ၁ဝ ဦးက ဦးစီးကာ အိမ်ခြေ ၃၆၉ လုံး ဆောက်လုပ်ခဲ့ပြီးဖြစ်သည်ဟု မိသားစုဝင်များက ဆိုသည်။ တရားဝင်ချပေးသော နေရာမှာလည်း ၎င်းတို့ ဖော်ထုတ်ထားသော နေရာမဟုတ်သဖြင့် အိမ်ရာဆောက်လုပ်
နေထိုင်သူများမှာ မိမိနေအိမ်များကို ပြန်လည်ဖြိုဖျက်ကာ ပြောင်းရွှေ့ပေးရမည်ဖြစ်သည်ဟု ခေါင်းဆောင် ၁ဝ ဦး၏ မိသားစုဝင် တစ်ဦးဖြစ်သည့် မစန္ဒာကပြောသည်။

ထောင်ကျခံရသူတစ်ဦး၏ မိသားစုဝင် ဦးထွန်းအောင်က ''ကွက်သစ်ဖော်တဲ့နေရာမှာ အစိုးရပိုင် ယူကလစ် စိုက်ခင်းကို ခုတ်တယ်ဆိုပြီး ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆/၁၊ နောက်ပြီး ရပ်ကွက်အသစ်ကို နေထိုင်မယ့်သူတွေ ပြောင်းရွှေ့တဲ့အခါ ဘုန်းကြီးပင့်ပြီး ခေါင်းဆောင်တဲ့သူရဲ့နာမည်ကို ရပ်ကွက်နာမည်ပေးတဲ့အတွက် ရပ်ကျေးဥပဒေပုဒ်မ ၂၆ စုစုပေါင်းနှစ်မှုနဲ့ တရားစွဲဆိုပြီး ထောင်ခုနစ်နှစ် နဲ့ ခြောက်လချလိုက်ပါတယ်။ ဒါကို ကျွန်တော်တို့ အယူခံ ဝင်ပြီး လွတ်မြောက်အောင် ဆက်လုပ်သွားမှာပါ'' ဟု မဇ္ဈိမသတင်းစာကို ပြောသည်။

ဦးဆောင်သူ ၁ဝ ဦးအား ယခုနှစ် မတ်လအတွင်းက တရားစွဲဆိုခဲ့ပြီး ကျိုက်ထိုတရားရုံးက သုံးရက်အတွင်း အမိန့်ချခဲ့ခြင်းဖြစ်သည်။ တရားစွဲဆိုရာတွင် ဆိုင်းဘုတ်တင်ပွဲနှင့် သံယာတော်များ ဆွမ်းကပ်အမျှဝေမှုနှင့် ပတ်သက်ပြီး သိမ်ဇရပ်တိုက်နယ် အုပ်ချုပ်ရေးမှူး ဦးခင်ဇော်က ခွင့်ပြုမိန့်မရဘဲ အခမ်းအနားပြုလုပ်သည်ဟူ၍ ပုဒ်မ ၂၆ ဖြင့်လည်းကောင်း၊ ယူကလစ်ပင်များ ခုတ်ယူသည်ဟုဆိုကာ ပြည်သူပိုင်ပစ္စည်း ကာကွယ်
စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆/၁ ဖြင့် စစ်တောင်း စက္ကူစက်ရုံမန်နေဂျာမှလည်းကောင်း တရားစွဲဆိုခဲ့သည် ဟု ဦးထွန်းအောင် က ပြောသည်။

ဒဂုံဆိပ်ကမ်း မြေသိမ်းထားမှုများ ကာလပေါက်ဈေးဖြင့် လျော်ကြေးပေးရန် ဝန်ကြီးဌာနသို့ တင်ပြမည်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ၆၁ နှင့် ၆၇ ရပ်ကွက်ရှိ အိုးအိမ်မှ တရားဝင်ဝယ်ယူ ထားသော မြေများ အိမ်ရာစီမံကိန်း ပြုလုပ်ရန်အတွက် ဖယ်ပေးခိုင်းပြီး ယင်းမြေများအတွက် လျော်ကြေး
ပေးရာတွင် ကာလပေါက် ဈေးဖြင့် ပေးလျော်ရန် ဆောက်လုပ် ရေး ဝန်ကြီးဌာနသို့ တင်ပြသွားမည်ဖြစ်သည် ဟု သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးသိန်းညွန့် က ပြောသည်။

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ၆၁ နှင့် ၆၇ ရပ်ကွက်ရှိ အေ၁၈ နှင့် အေ ၁၉ မြေကွက်များပေါ်တွင် ၁၉၉၁ ခုနှစ်က အိုးအိမ်မှ တရားဝင် ဝယ်ယူခဲ့သော မြေများကို ၂ဝဝ၁ ခုနှစ်အတွင်းက အာဆီယံစီမံကိန်းကြောင့်
ရွှေ့ပြောင်း ခိုင်းခဲ့ရာ မပြောင်းသေးသောသူ ၁၈ ဦး ကျန်ရှိနေပြီး ¤င်းတို့ ကိုလည်း ယခုနှစ်အတွင်း အိမ်ရာ စီမံကိန်း ဆောက်လုပ်မည် ဖြစ်သောကြောင့် ရွှေ့ပြောင်းခိုင်းခဲ့သည်။ ၎င်းတို့ကလည်း မပြောင်းရွှေ့နိုင်သော
ကြောင့် ပြီးခဲ့သည့် ဇန်နဝါရီလကပင် နိုင်ငံတော်သမ္မတထံ အသနားခံစာ တင်ကြားခဲ့သည်ဟုလည်း
မြေကွက် ပိုင်ရှင်များက ပြောသည်။

အဆိုပါ ပိုင်ရှင် ၁၈ ဦးတွင် မြေကွက် ၃၄ ကွက် ရှိသည်ဟု သိရသည်။ ဦးသိန်းညွှန့်က ''တရားမျှတတဲ့ ကာလပေါက်ဈေးနဲ့ မူလတန်ဖိုး အဆောက်အအုံနှင့် အခြားသက်ဆိုင်ရာ နစ်နာကြေးများကို ပေးလျော်ဖို့ တင်ပြတာကို ပြည်ထောင်စု ဆောက် လုပ်ရေးဌာန ဝန်ကြီးဆီကို ကျွန်တော် ကိုယ်တိုင် လက်မှတ်ထိုးပြီး
မေလ နောက်ဆုံးအပတ်မှာ ပေးပို့သွားမယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကလည်း နိုင်ငံသားတွေ အင်မတန် နစ်နာတဲ့ဟာကို သိဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၆ မှာ တရားဝင်ပိုင်ဆိုင်တဲ့ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းကို ကာကွယ်ပေးရမယ်။ ဒါလည်း ဆဌမအကြိမ် လွတ်တော်မှာ တုန်းကတင်
ပြခဲ့ပြီးပြီ ကာကွယ်ပေးမယ်ဆိုပြီး ပြည်ထဲရေးဝန်ကြီးက ပြန်ကြားခဲ့တာရှိတယ်။ ဒီအခြေခံကို မူတည်ပြီး ၆၁/၆၇ မှာ ရှိတဲ့ ၁၈ ယောက်ရဲ့ တင်ပြချက်ကိုကိုယ်တိုင် ကွင်းဆင်းချက်အရ မှန်ကန်တယ်လို့ ယူဆတဲ့အတွက် ကျွန်တော်တို့ရပ်တည်ပေးမယ်'' ဟု ပြောသည်။

လက်ရှိအချိန်တွင် ယင်းမြေနေရာကို စီမံကိန်း လုပ်ကိုင်ရန်အတွက်မြေနေရာ လာရောက် သတ်မှတ်ထား
ခြင်းများ ရှိနေ၍ ထပ်မံဖယ်ခိုင်းမည်ကို ပိုင်ရှင်များက စိုးရိမ်နေကြခြင်းဖြစ်ရာ မြေပိုင်ရှင် တစ်ဦးဖြစ်သူ ဦးမင်းတလဉာဏ်က'' ၆၁/၆၇ မှာ ကိုယ့်မြေကွက်တွေ ပါတယ်။

ကျွန်တော်တို့ကို သိမ်းထားတယ်။ ကျွန်တော်တို့က မအပ်တဲ့အတွက် ကျွန်တော်တို့ဟာပဲ သိမ်းတာ အထ မမြောက်ဘူး။ ဒီလိုကြော်ငြာတွေ့တဲ့အတွက် တိုက်တွေဆောက်ဖို့ ကိုယ့်ကို ဖယ်ထုတ်မှာ စိုးရိမ်တယ်။ ကူညီဆောင်ရွက်ပေးပို့ ပထမ အသနား ခံစာပို့တယ်။ အစည်းအဝေးတက်ရောက်ဖို့ ခေါ်ပြီး ဒါတွေက သိမ်းပြီးသား ဖြစ်ပါတယ်။ နောက် လုပ်ငန်းတွေ ဆောင်ရွက်မယ်။ ဖယ်ရှားဖို့ ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် ရာပြတ်တွေနဲ့ခြံတွေကို ရှင်းခိုင်းတယ်။

ဘာပြန်လိုချင်လဲလို့ မေးပါတယ်။ ဒီမှာပဲ ပြန်လိုချင်တယ်။ ဟိုတစ်ကွက် ဒီတစ်ကွက် ဖြစ်နေတဲ့အတွက် တူရာတူရာ စုပြီ ဒီနားလေး မှာပဲ ချပေး။ မဖြစ်နိုင်ဘူးဆိုမှာ တရားမျှတတဲ့ လျော်ကြေး ပြန်ပေးဖို့ သမ္မတဆီ အသနားစာ တင်တယ်။ ရွာသာကြီးမှာပဲ ထွက်ပေးဖို့ ပြောတယ်။ သူတို့ပေးပြီးသား ပြောတယ်။ ကျွန်တော်တို့ ယူပြီးသားပါလို့ မသတ်မှတ်ဘူး'' ဟု ပြောသည်။ လက်ရှိတွင် တန်ဖိုးနည်း အိမ်ရာ စီမံကိန်းအတွက် မြို့ရွာနှင့် အိုးအိမ်ဌာနမှ ယခုနှစ် မတ်လ ၆ ရက်တွင် တစ်ကြိမ်၊ မေလ ၆ ရက်တွင် တစ်ကြိမ် မြေပိုင်ရှင်များကို
ခေါ်ယူညှိနှိုင်းခဲ့သည်။ ထိုသို့ ညှိနှိုင်းရာတွင်နှစ် ၆ဝ ဂရန်ပိုင်ဆိုင်ထားသော မြေကွက်နှင့် အဆောက်အဦး
အတွက် တရားမျှတမှု မရှိပါသောကြောင့် အိမ်ရာအတွင်း နေထိုင်သူမည်သူမျှ လက်ခံခြင်းမရှိဟု သိရသည်။

လက်ရှိအချိန်တွင် အိုးအိမ်ဦးစီးဋ္ဌာနနှင့် အိမ်ရာနေ ပြည်သူများ ညှိနှိုင်းဆောင်ရွက်ခြင်းမှာ အဆင်ပြေမှု မရရှိသေးသော်လည်း ကုမ္ပဏီများမှ ဆောက်လုပ်ရေး လုပ်ငန်းသုံးယာဉ်များ၊ စက်ယန္တရားများနှင့် အခြား ဆက်စပ်ပစ္စည်းများအား နေအိမ်ခြံဝင်းအနီးသို့ ဝင်ရောက်ထားရှိခြင်း၊ အများပြည်သူသုံး လမ်းမပေါ်တွင် ယာဉ်ကြီးများ ပိတ်၍ ရပ်ထားခြင်းများ ရှိနေသူဟု ရပ်ကွက်နေ ပြည်သူအချို့က စွပ်စွဲပြောဆို မှုများရှိနေသည်။

ကွမ်းစားခြင်းကြောင့် ဝေဒနာခံစားနေရသူများကို နမူနာယူသင့်ပြီ

ဒဂုံမြို့သစ်မြောက်ပိုင်း၊(၄၂)ရပ်ကွက်ရှိ ကျူးကျော်အိမ်များအကြားတွင် ဆောက်ထားသော အိမ်လေးတစ်လုံး ထဲ၌ အသက် (၄၀)အရွယ် ကိုမောင်ဝင်းတစ်ယောက် လှဲနေသည်။ သူက အသက်ကို ဖြည်းညှင်းစွာ ရှုရင်းမှ ငယ်စဉ် ကလေးဘ၀ကပင် အဘိုးဖြစ်သူကို ကွမ်းဝယ်ပေးရာမှစပြီး   (၉)နှစ်သားအရွယ်တွင် ကွမ်းစားတတ် လာခဲ့ကြောင်း ဆိုသည်။   သူ အသက်(၄၀) အရွယ်မှာတော့ အစာမျိုလမ်းကြောင်းကင်ဆာ ဝေဒနာကို ခံစားနေရပေပြီ။

 

လွန်ခဲ့သော (၁)နှစ်ခန့်မှစကာ လည်ချောင်းများနာလာခြင်းနှင့် ခံတွင်းပျက်ခြင်းစသည့် လက္ခဏာများ မကြာခဏ ဖြစ်ပေါ်ခဲ့သော်လည်း စီးပွားရေးမပြေလည်မှုကြောင့် ဝေဒနာများ ခံစားရပြီး (၅)လကျော် ကြာမှသာ ဆေးစစ်မှုခံရာမှ အစာမျိုလမ်းကြောင်းကင်ဆာဖြစ်နေသည်ကို သိခဲ့ရကြောင်း ၄င်းကဆိုသည်။ထို့ကြောင့် ရောဂါပျောက်ကင်းသည်အထိ ဆေးကုသမှု ခံယူရန်ဆိုသည့် အချက်သည် ငွေကြေးပမာဏ တတ်နိုင်သည့် အပေါ်တွင်သာ မူတည်နေကြောင်း ကိုမောင်ဝင်းက ပြောသည်။

 

အစာမျိုလမ်းကြောင်း ကင်ဆာ ခံစားနေရခြင်းမှာ ကွမ်းစားခြင်းကြောင့် ဖြစ်သည်ဟု ဆေးစစ်ချက် အဖြေအရ သိလိုက်ရသည့်အချိန်တွင် နှစ်ပေါင်း(၃၀)ကျော် စွဲမြဲစွာစားခဲ့သည့် ကွမ်းယာများကိုသာ အပြစ်တင်နေ မိတော့သည်။ 

 

"အခုတော့ ကွမ်းရဲ့ဆိုးကျိုးတွေကိုခံစားနေရပါပြီ ။ ရောဂါဖြစ်တော့ အလုပ်လည်း မလုပ်နိုင်တော့ဘူး။ မိသားစု တာဝန်တွေလည်း မကျေပွန်နိုင်တော့ စိတ်မကောင်းဖြစ်မိတယ်" ဟု ကိုမောင်ဝင်းက ပြောသည်။  သူ ကျန်းမာရေးကောင်းနေစဉ်က ဆိုက္ကားနင်းခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုပြီး သားသမီး(၅)ယောက်ကို ရှာဖွေကျွေးခဲ့ရကြောင်း  ပြောသည်။

 

ဦးမောင်ဝင်းအနေဖြင့် လွန်ခဲ့သည့် (၃)လမှစ၍ အလုပ်မလုပ် နိုင်တော့သဖြင့် မိသားစုစားဝတ်နေရေး ခက်ခဲမှုများ ဖြစ်ပေါ်ခဲ့ရသည့်အတွက် (၉)တန်းကျောင်းသားဖြစ်သည့် သားအကြီးဆုံးမှာ ဖခင်နေရာတွင် ၀င်၍  ဆိုက္ကားနင်းခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် ဖြေရှင်းနေရကြောင်း သိရှိရသည်။  

 

" ကျွန်တော်က အရင်လို မိသားစုအတွက် ရှာမပေးနိုင်တဲ့အပြင် ကျွန်တော့်ကြောင့်  မိသားစုအတွက်       ၀န်ထုပ်ဝန်ပိုးတစ်ခု ပိုနေတဲ့အတွက် မိသားစုကိုလည်း အားနာလှပါပြီ။ ကျွန်တော့လို မဖြစ်အောင်လည်း လူတိုင်း ကွမ်းစားတာကို ဆင်ခြင်စေချင်တယ်။ သင်ခန်းစာယူစေချင်တယ် " ဟုဆိုသည်။

          

ရန်ကုန်သွားဆေးတက္ကသိုလ်၏ သုတေသနပြုချက်အရ (၁)နှစ်လျှင် သွားနှင့်ပတ်သက်သည့် ရောဂါဖြစ်ပွားသူ (၉၀၀၀)၀န်းကျင်ရှိပြီး ၄င်းတို့အထဲမှ ခံတွင်းကင်ဆာဖြစ်ပွားသူဦးရေမှာ (၂၅၀)၀န်းကျင်ရှိကြောင်းနှင့် အဆိုပါခံတွင်းကင်ဆာနှင့်ပတ်သက်၍ ဆေးကုသမှုခံယူသူဦးရေမှာ (၂၅)ယောက်ဝန်းကျင်သာ ရှိကြောင်း သိရသည်။ 

 

အရှေ့တောင်အာရှအတွင်း ခံတွင်းကင်ဆာဖြစ်ပွားမှုသုတေသနအဖွဲ့အား တင်ပြရန်အတွက် ရန်ကုန် သွားဆေးတက္ကသိုလ်နှင့် ဆေးသုတေသီများပူးပေါင်း၍ ၂၀၁၁ ခုနှစ်က မြန်မာပြည်တစ်ပြည်လုံး၌ ဆေးရွက်ကြီးနှင့် ဆက်နွယ်နေသည့် ခံတွင်းကင်ဆာသုတေသနများ ပြုလုပ်ခဲ့ကြသည်။

 

ကွမ်းစားခြင်းကြောင့် သွားကိုအရောင်ညစ်စေခြင်း၊ ကြွေလွှာပြုန်းတီးစေခြင်း၊ မေးရိုးအဆစ်ရောဂါရခြင်း၊ သွားကျောက်တည်ကာ သွားဖုံးဝေဒနာခံစားရခြင်းတို့အပြင် နောက်ဆက်တွဲဆိုးကျိုးအဖြစ် ခံတွင်းကင်ဆာ၊ ပါးစပ်ကင်ဆာ၊ အစာမျိုလမ်းကြောင်းကင်ဆာနှင့် အသည်းကင်ဆာများအား ဖြစ်ပွားစေပြီး ၄င်းကင်ဆာများ ဖြစ်ပွားပါက အသက်ရှင်နိုင်ခြေမှာ (၆၀)%ထက် မပိုကြောင်း သွားဘက်ဆိုင်ရာဆေးပညာရှင်များကဆိုသည်။

 

" ကွမ်းကို တောက်လျှောက်စားပါများရင် သွားကျင်လာမယ်။ အစပ်မစားနိုင်တာတွေ၊ လျှာထူတာတွေဖြစ်ပြီး အရသာကို ကောင်းကောင်းမခံစားနိုင်တော့ဘူး" ဟု မကွေးမြို့မှ သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန် ဦးထွန်းဇော်ကပြောသည်။           

 

မြန်မာနိုင်ငံ၌ ဆေးရွက်ကြီးကြောင့် ကင်ဆာဖြစ်ပွားနှုန်းမှာ (၇၀%)ခန့်ရှိကာ ကွမ်းယာထဲ၌ ဆေးရွက်ကြီးထည့်၍ စားသုံးသောသူများတွင် သွားနှင့်ပါတ်သက်သော ရောဂါဝေဒနာအား ခံစားရပြီး အဆိုပါသွားနှင့် ပတ်သက်သည့်ရောဂါများခံစားရသူများ၏ လေးပုံတစ်ပုံခန့်သည် ကွမ်းစားခြင်းကြောင့် ဖြစ်သည်ဟု သွားဘက်ဆိုင်ရာဆရာဝန်များက ဆိုသည်။     

 

"ခံတွင်းသန့်ဆေးနဲ့ ငုံပေးတာတွေ, ကွမ်းချိုးကို ဆေးပေးတဲ့ သီးသန့်သွားဆေးပေးခန်းတွေလိုမျိုး မြန်မာနိုင်ငံမှာရှိဖို့ လိုအပ်ပါတယ် " ဟုဆက်ပြောသည်။

 

လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရမှ ကွမ်းစားခြင်းနှင့်ပတ်သက်၍ သတ်မှတ်ထားသော ဥပဒေမရှိသော်လည်း ဆေးရုံများနှင့် စာသင်ကျောင်းအချို့တွင် ကွမ်းမစားရန် သတ်မှတ်ထားခြင်း၊ ကွမ်းတံတွေးကို စည်းကမ်းမဲ့ စွန့်ခြင်းအတွက် ဒဏ်ငွေ(၅၀၀၀)ကျပ်အထိ ပေးဆောင်ရန် ဒဏ်ကြေး သတ်မှတ်ထားခြင်းမျိုးကို ဆေးရုံအုပ်ကြီးများနှင့် ကျောင်းအုပ်ကြီးများမှ အသိပေးနှိုးဆော်ချက်များ ပြုလုပ်ထားကြသည်။   

 

"အများပြည်သူကလည်း ကွမ်းစားရင် ဒီလိုဖြစ်နိုင်ပါလားဆိုပြီး ဆင်ခြင်မယ်, ကျန်းမာရေးဝန်ကြီးဌာနတို့၊ နိုင်ငံတော်အစိုးရတို့ အနေနဲ့လည်း ပြည်သူတွေကို ကွမ်းနဲ့ပတ်သက်တဲ့ ကျန်းမာရေးအသိပညာ ပေးတာတွေ၊ မူဝါဒ ချမှတ်တာတွေ လုပ်ပေးသင့်တယ်" ဟုဒဂုံမြို့သစ်မြောက်ပိုင်းမှ သွားနှင့်ခံတွင်းဆရာဝန်တစ်ဦးက ပြောသည်။  

 

ပြည်တွင်းစာနယ်ဇင်းတစ်ခုတွင် ၀င်ရောက် လုပ်ကိုင်နေသည့် အသက်(၃၀)အရွယ် ကိုထွန်းထွန်း ဆိုသူကလည်း ပြီးခဲ့သည့်နှစ်အတွင်းက ကွမ်းစားနေစဉ် အသက်ရှုကြပ်ကာတက်သွားခြင်းမျိုး  ကိုယ်တွေ့ နှစ်ကြိမ် ကြုံခဲ့ဖူးကြောင်းဆိုသည်။  

 

"ကွမ်းစားနေတုန်း လည်ချောင်းထဲမှာ ကွမ်းဖတ်ဆို့ပြီး တက်သွားတာ၊ဘေးနားမှာလူရှိနေလို့ တော်သေးတယ်။  လူသာမရှိရင် အသက်အန္တရာယ်ကိုတောင်  စိုးရိမ်ရတယ်လို့ ဆရာဝန်က ပြောတယ်" ဟု ၄င်းကဆိုသည်။ 

       

ကွမ်းစားသောယဉ်ကျေးမှုမှာ လွန်ခဲ့သည့်နှစ်ပေါင်း(၂၀၀၀)ခန့်မှ စတင်ခဲ့ပြီး ကမ္ဘာတ၀ှမ်းလုံးတွင် ခံတွင်းနှင့် စပ်လျဉ်းသော ရောဂါများဖြစ်ပွားနေသူ ခန့်မှန်းခြေဦးရေမှာ နှစ်စဉ်(၃၉၀,၀၀၀) သို့မဟုတ် (၅၈%) ရှိပြီးအိန္ဒိယတိုက်ငယ်နှင့် အရှေ့တောင်အာရှတို့၌ အဓိကဖြစ်ပွားလျက်ရှိကြောင်း၊ ကွမ်းစားများသော နိုင်ငံများတွင် ခံတွင်း၊လည်ချောင်းနှင့်အစာပြွန်ကင်ဆာ ရောဂါများဖြစ်နှုန်း မြင့်မားကြောင်း၊ အပြည်ပြည် ဆိုင်ရာကင်ဆာသုတေသနအဖွဲ့(IARC) အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။     

 

မြန်မာနိုင်ငံတွင်မူ ကွမ်းကိုဆေးအဖြစ်သုံးခြင်းနှင့် ကွမ်းစားခြင်းဓလေ့ စတင်ပေါ်ပေါက်ခဲ့ သည်နှင့်ပတ်သက်၍   " မြန်မာအစတကောင်းက" ဟု ဆိုရိုးရှိခဲ့သည့်အတိုင်း တကောင်းခေတ်ဦးအချိန်က တကောင်းမင်းများ လက်ထက်တွင် ကွမ်းစားခြင်းအလေ့အထရှိခဲ့ကာ အိန္ဒိယနိုင်ငံမှ အစ ပြု၍ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်ဟု ယူဆကြောင်းကို ဆရာကြီးဒဂုန်နတ်ရှင်၏ " မြန်မာ့ရိုးရာကွမ်းဓလေ့ " စာအုပ်တွင် ရေးသား ဖော်ပြထားသည်။  

 

ကွမ်းရွက်ကြီးသည် ဆေးဖက်ဝင် အရွက်အမျိုးအစားထဲ၌ ပါရှိသော်လည်း ကွမ်းသီး၊ ဆေးရွက်ကြီးနှင့် အမွှေးအကြိုင်များတွင် နိုက်ထရိုစမင်း၊ အလ်ကာလွိုက်နှင့် ပိုလီဖီနောဓါတ်များ အပါအ၀င် ကင်ဆာ ဖြစ်စေနိုင်သော ဒြပ်ပေါင်းအမျိုး(၃၀)ခန့် ပါဝင်သောကြောင့် ထုံးမှ ခံတွင်းသားများကို လောင်စေကာ ထိုမှတဆင့် ကင်ဆာဖြစ်စေသောဓါတ်များ အထဲစိမ့်ဝင်နိုင်အောင် အားပေးလျက်ရှိကြောင်း သွားဘက်ဆိုင်ရာ ဆရာဝန်များက ဆိုသည်။


အများသုံးသန့်စင်ခန်းများ စည်းကမ်းလိုက်နာမှုရှိ/မရှိ စစ်ဆေးအရေးယူမည်

စည်ပင်သာယာရေးကော်မတီမှ ရန်ကုန်မြို့တွင်းရှိ အများပြည်သူသုံးသန့်စင်ခန်းများကို လိုက်လံစစ်ဆေး မည်ဖြစ်ကာ ချမှတ်ထားသော စည်ကမ်းချက်များနှင့် ညီညွှ့တ်မှုမရှိလျှင် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

 

စစ်ဆေးရာတွင် ချမှတ်ထားသော စည်းကမ်းချက်များဖြစ်သည့် သန့်စင်ခန်းအတွင်းပါရှိမည့် အသုံးဆောင် ပစ္စည်းများ ပြည့်စုံမှုရှိရမည်၊ ပျက်စီးနေခြင်း မရှိရ၊ ကျန်းမာရေးနှင့် ကိုက်ညီမှုရှိရမည်၊ သန့်ရှင်းမှု ရှိရမည် အစရှိသည့် အချက်များကို အဓိကထားစစ်ဆေးသွားမည်ဖြစ်ကြောင်း ကိုလည်းသိရသည်။

 

"ကျွန်တော်တို့အနေနဲ့ ကြုံရင်ကြုံသလို ၀င်စစ်မယ်။ ပုံမှန်ကိုတော့ နှစ်ရက်ခြား၊ သုံးရက်ခြားတစ်ခါ အနည်းဆုံး စစ်မယ်။ အရေးယူမှုကို ပထမတစ်ခါ စည်းကမ်းဖောက်ရင် စာနဲ့သတိပေးမယ်။ ဒုတိယအကြိမ်ဆို ဒဏ်ကြေး (၅၀၀၀၀) တတိယအကြိမ်ဆိုရင်တော့ ကန်ထရိုက်ကို ဆက်ပြီးလုပ်ကိုင်ခွင့်ကို သိမ်းတဲ့အထိ အရေးယူမှုတွေ လုပ်သွားမယ်။"ဟု စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန လက်ထောက်ဌာနမှူး ဦးရဲကျော်မိုးက ပြောသည်။ 

 

စည်းကမ်းချက်များနှင့်ကိုက်ညီမှုမရှိသည့် အများသုံးသန့်စင်ခန်းများကို သတိပြုမိပါက ပြည်သူများ အနေဖြင့် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေးဌာန (ဖုန်း-၀၁ ၂၄၆၅၇၁) သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းကို ၄င်းက ဆက်ပြောသည်။

 

"စည်ပင်က လာစစ်စစ် မစစ်စစ် ကုမ္ပဏီက နေ့တိုင်းလာစစ်တယ်။ကျွန်တော် အနေနဲ့ ဒီထဲက ပစ္စည်းတွေ ပျက်ရင် ကုမ္ပဏီကို ချက်ချင်းအကြောင်းကြားတယ်။ ချက်ချင်းပဲ လိုအပ်တာတွေ လာလုပ်ပေးတယ်" ဗိုလ်အောင်ကျော်လမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ သန့်စင်ခန်းဦးနိုင်ထွေးက ပြောသည်။

 

အဆိုပါ အများသုံး သန့်စင်ခန်းများကို မြို့တော် စည်ပင်သာယာရေးကော်မတီ နှင့် ပုဂ္ဂလိက ကုမ္ပဏီများ အကျိုးတူ ပူပေါင်းကာ တင်ဒါစနစ်ဖြင့်ခေါ်ယူ ဆောင်ရွက်ခြင်းဖြစ်ပြီး အများသုံးအိမ်သာများတွင် တစ်ဦးလျှင် ၁၀၀ ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိကြောင်းကိုလည်း ရန်ကုန်စည်ပင်သာယာရေးကော်မတီက သိရသည်။

 

"အရင်ကထက်စာရင် အများသုံးအိမ်သာတွေမှာ ၀င်သုံးရတာ ပိုပြီး အဆင်ပြေလာတယ်၊ သန့်ရှင်းမှု ကောင်းကောင်းနဲ့ တခြားပစ္စည်းတွေ အစုံအလင်ထည့်ပေးထားတော့ စိတ်ချမ်းသာတယ်၊ ဒီလို စနစ်လေးကို ရည်ရှည်ဖြစ်အောင် ထိန်းသိမ်းပေးမယ့် အစီအစဉ်တွေကို လုပ်ပေးတာကောင်းပါတယ်" ဟု ရန်ကုန်မြို့တွင် နေထိုင်သူ ကိုနေမင်းက ပြောသည်။

 

အများပြည်သူသုံး သန့်စင်ခန်းများကို ၂၀၁၃ ခုနှစ် မတ်လ (၉)ရက်နေ့တွင် စတင်ခွင့်ပြုကာ ဆောက်လုပ်ခြင်း ဖြစ်ပြီး လက်ရှိချိန်တွင် စည်းကမ်းမဲ့ သန့်စင်ခန်းများမရှိသေးကြောင်း မြို့တော် စည်ပင်သာယာရေး ကော်မတီထံက သိရှိရသည်။

 

အများသုံးသန့်စင်ခန်း တည်ဆောက်ခြင်းလုပ်ငန်များကို စည်ပင်သာယာရေးကော်မတီမှ တင်ဒါစနစ်ဖြင့်   ခေါ်ယူပြုလုပ်ခြင်း ဖြစ်ပြီး ရန်ကုန်မြို့တွင် သန့်စင်ခန်း အသေး (၃၆)လုံးနှင့် အကြီး (၈)လုံး ရှိရာ ဆက်လက်၍လည်း တည်ဆောက်ရန် အစီအစဉ်ရှိကြောင်းကို သိရှိရသည်။   


အမှုတွဲတွင် ပါဝင်နေခြင်းကြောင့် အလုပ်သမားတစ်ဦး ထပ်မံ ဖမ်းဆီးခဲ့

ရွှေပြည်သာမြို့ ၀ါးတစ်ရာရွာရှိ တော်ဝင်သစ်အချောထည်စက်ရုံ အလုပ်ရှင်မှ အလုပ်သမား(၄၂)ဦးကို ပိုင်နက်ကျူးလွန်မှုဖြင့် တရားရုံးတွင် နံနက်(၁၁)နာရီခန့် ရုံးချိန်းပြုလုပ်ရာ၌ လာရောက်တွေ့ဆုံသည့် အလုပ်သမားတစ်ဦးကို အမှုတွဲပါဝင်သည်ဟုဆိုကာ ထပ်မံ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ ရုံးချိန်းကို မေလ(၂၈)ရက်နေ့တွင် ရွှေပြည်သာမြို့နယ် တရားရုံး၌ ပြုလုပ်ခဲ့ပြီး အလုပ်ရှင်မှ ပိုင်နက်ကျူးလွန်မှု ပုဒ်မ (၄၅၂)ဖြင့် အလုပ်သမား (၄၂)ဦး တရားစွဲဆိုခဲ့သော်လည်း (၁၂)ဦးသာ ဖမ်းဆီးရသေးကြောင်း သိရှိရသည်။

 

တရားစွဲသည့်အမှုထဲတွင် ပါဝင်သည်ဟုဆိုတာ ထပ်မံ ဖမ်းဆီးခံရသူမှာ မလဲ့လဲ့ဝင်းဖြစ်ပြီး တရားရုံးသို့ ရောက်လာချိန်၌ ရွှေပြည်သာမြို့နယ် စခန်းမှူးမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ မလဲ့လဲ့ဝင်းကိုယ်တိုင်မှလည်း အလုပ်ရှင်အား အမှုဖွင့်ထားပြီး ဖြစ်ကြောင်း သိရသည်။

 

တော်ဝင် အလုပ်သမား(၄၂)ဦးကို အလုပ်ရှင်မှ ပုဒ်မ(၄၅၂) ပိုင်နက်ကျူးလွန်မှုဖြင့် ရွှေပြည်သာမြို့နယ် တရားရုံးမှ မေလ(၁၅)ရက်နေ့က တရားစွဲဆိုကာ ရုံးထုတ်ခဲ့ကြောင်း သိရှိရသည်။

 

 "ဖမ်းဆီးခံထားရတဲ့ အလုပ်သမားတွေကို အားပေးဖို့အတွက်လာတယ်။ သက်ဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဆီးဖို့ အတွက် အမိန့်ကျလာတယ်။ ဆိုပြီးတော့ ဖမ်းသွားတယ်။ မဖမ်းခင်မှာ မလဲ့လဲ့ဝင်းက အလုပ်ရှင်ကို တရားစွဲ ထားတာရှိတယ်။ အလုပ်သမားတွေကို အသေရိုက်သတ်တာဖြစ်တဲ့အတွက် ပုဒ်မ(၃၅၂)နဲ့ စွဲသလဲလို့မေးတော့ စကားများ တာတွေရှိခဲ့တယ်။ စခန်းမှူးကိုယ်တိုင်ရောက်လာပြီး ဖမ်းသွားတာပါ။"ဟု ရှေ့နေ ဦးအောင်သူရိန်ထွန်းက ပြောသည်။

 

ဖမ်းဆီးခံရသူ မလဲ့လဲ့ဝင်းသည် ကိုယ်ဝန် (၄)လ လွယ်ထားရသူဖြစ်ပြီး ရှေ့နေမှ အာမခံရရန် နောက်ရုံးချိန်း များတွင် စာတင်ကာ အာမခံလျှောက်ထားမည်ဖြစ်ကြောင်း သိရသည်။

 

"သူဟာကိုယ်ဝန်သည်တစ်ယောက်ဖြစ်တယ်။ အလုပ်သမား (၁၃)ယောက်လုံးအတွက် အာမခံတောင်းဆိုမယ်။ ရုံးချိန်းမှာ အာမခံလျှောက်ထားခဲ့တယ်။ မြန်မာနိုင်ငံတရားရုံးများလက်စွဲ အပိုဒ် (၁၅၄) အပိုဒ်ခွဲ (၁၂)အရ တရားရုံးကိုလျှောက်လဲချက် တင်ဆက်တဲ့အခါမှာ နှုတ်နဲ့သာ လျှောက်လဲရမယ်ဆိုတဲ့ အချက်နဲ့ အညီ နှုတ်နဲ့ လျှောက်ခဲ့တယ်။ တရားရုံးက စာနဲ့တင်ပါလို့ပြောလို့ပြောတဲ့ နောက်ရုံးချိန်းကျရင် စာနဲ့တင်ပါ့မယ်။" ဟု အလုပ်သမားရှေ့နေ ကိုအောင်သူရိန်ထွန်းက ပြောသည်။

 

အဆိုပါ အပြန်အလှန် တရားစွဲဆိုမှုများဖြစ်ပေါ်နေရခြင်းမှာ အလုပ်ရှင်-အလုပ်သမား ပဋိပက္ခဖြေရှင်းရာတွင် အမြင့်ဆုံးဖြစ်သည့် ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်ကို အလုပ်ရှင်မှ မလိုက်နာခြင်းကြောင့်ဖြစ်ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူတို့က ဆိုသည်။

 

"တရားမျှတမှုနဲ့ အမှန်တရားကိုဖော်ထုတ်ဖို့လိုတယ်။ တစ်ဘက်စောင်းနင်းဖြစ်နေတဲ့ တရားဥပဒေတွေကိုတော့ လက်မခံနိုင်ဘူး။ ဘာပဲဖြစ်ဖြစ် အလုပ်ရှင်ရော အလုပ်သမားရော တရားမျှတစွာနဲ့ အမှန်တရားကို ဖော်ဆောင် ပေးဖို့အတွက်ကို တောင်းဆိုထားတယ်။ ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အလုပ်ရှင်က မလိုက်နာဘူး။ ဒီမတိုင်ခင်မှာလည်း အဆင့်ဆင့် ချိုးဖောက်မှုတွေ လုပ်ခဲ့တယ်။ အဲ့ဒီအတွက် ဒီလို အကျိုးဆက်တွေ ဖြစ်ခဲ့ တယ်လို့မြင်တယ်။"ဟု (၈၈) မျိုးဆက် ကျောင်းသူ အလုပ်သမားရေးရာ ဒု-တာဝန်ခံ မသက်သက်အောင်က ပြောသည်။ 

 

ရွှေပြည်သာမြို့နယ်တရားရုံးမှ နှုတ်ဖြင့် အာမခံလျှောက်ထားခြင်းကို လက်မခံဘဲ စာတင်ကာ အာမခံ လျှောက်ထားခိုင်းကြောင်းနှင့် ဇွန်လ(၆)ရက်နေ့တွင် တရားစွဲခံထားရသူများကို ရုံးချိန်းပေးလိုက်ကြောင်း အဆိုပါ မြို့နယ်တရားရုံးက သိရှိရသည်။  

 


ပုဒ်မ (၁၄၄)ထုတ်ပြန်ခဲ့သော်လည်း ဒေသခံများ နေအိမ်အပြင်သို့မထွက်ရဲ

လားရှိုးမြို့တွင် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ဆူပူအကြမ်းဖက်မှု ဆက်လက်မဖြစ်ပေါ်စေရန် လုံခြုံရေး အပြည့်ဖြင့်   စောင့်ကြည့်လျက် ရှိပြီး ပုဒ်မ (၁၄၄)ထုတ်ပြန်ခဲ့သော်လည်း ဒေသခံများအနေဖြင့် နေအိမ်ပြောင်းရွှေ့သူ များ နှင့် အပြင်သို့ မထွက်ရဲသူများ ရှိနေကြောင်း သိရှိရသည်။

 

"ကြောက်တာပေါ့ အိမ်အပြင်ဘယ်လိုမှ မထွက်ရဲဘူး ၊ အိမ်မှာအရင်ရက်က ၀ယ်ထားတဲ့ ဟင်းချက်စရာတွေ ရှိနေသေးလို့ အဆင်ပြေနေသေးတယ်။ "ဟု လားရှိုးမြို့ ရပ်ကွက် (၁၀)နေ ဒေသခံတစ်ဦးက ပြောသည်။

 

ပဋိပက္ခဖြစ်ပွားရာ ရပ်ကွက်အချို့တွင် မေလ(၂၉)ရက်နေ့ နေ့လည်(၁၁)နာရီမတိုင်ခင် ဈေးဆိုင်များအားလုံး ပိတ်ထားရမည်ဆိုခြင်းကြောင့် ကုန်ပစ္စည်းအရောင်းဆိုင်များ ၊ အင်တာနက်ဆိုင်များနှင့် ဈေးဆိုင်အချို့ကို ပိတ်ထားကြကြောင်းသိရှိရသည်။

 

"ကွန်ပျူတာဆိုင်တော့ ပိတ်ထားလိုက်ပြီ ဈေးဆိုင်အသေးလေးတွေတော့ ဖွင့်ထားကြတာပေါ့ ဒါပေမယ့် သူတို့လည်း အပြင်မထွက်ရဲကြပါဘူး။ ဘယ်နေ့မှာ ဒီလိုပြဿနာစဖြစ်မယ်ဆိုတာကို တစ်ချို့ လူတွေက သိလို့ နေအိမ်ပြောင်း တာတွေ လုပ်ပြီးနေကြပြီ ၊ တစ်ချို့လူတွေဆိုရင် ဒီမြို့ကနေ ပြောင်းရွှေ့နေကုန်ကြပြီ " ဟု မန္တလေးလမ်းရှိ ရပ်ကွက်(၄)တွင် နေထိုင်သူ မတူးက ပြောသည်။

 

လားရှိုးမြို့တွင် ပဋိပက္ခဖြစ်ပွားရခြင်းမှာ မေလ (၂၈)ရက် ညနေ (၄)နာရီခန့်က အသက်(၂၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးအား ကျိုင်းတုံမြို့တွင် နေထိုင်သည့် အသက်(၄၈)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဓာတ်ဆီနှင့် ပတ်၍ မီးရှို့ခဲ့ရာမှ စတင်ခြင်းဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

 

 မီးရှို့ခဲ့သည့် အမျိုးသားကို ဖမ်းဆီးပြီး စစ်ဆေးရာတွင် (WY)တံဆိပ်ပါသည့် စိတ်ကြွဆေး နှစ်ပြားတွေ့ရှိ ခဲ့ခြင်းကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၀၇ ၊ ၄၃၆ ၊ ၃၂၆)အပါအ၀င် မူးယစ်ပုဒ်မ ၁၅/၁၆ (ဂ)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ပြန်ကြားရေးမှ အင်တာနက်စာမျက်နှာတွင် ထုတ်ပြန်ထားသော်လည်း သက်ဆိုင်ရာရဲစခန်းသို့ မေးမြန်းရာတွင် တစ်စုံတစ်ရာမှ ဖြေကြားခဲ့ခြင်းမရှိပေ။

 

"လုံခြုံရေးတွေတော့ အများကြီး အစောင့်ချထားပြီးပါပြီ ကျန်တဲ့အပိုင်းကတော့ ကျွန်တော်တို့ အခုချိန်မှ ပြောပြလို့မရသေးပါဘူး ပြောပြခွင့်လည်းမရှိသေးပါဘူး" ဟု လားရှိုးမြို့ရှိ ရဲစခန်းတစ်ခုမှ တာဝန်ကျဝန်ထမ်းတစ်ဦးက ပြောသည်။

 

လူမျိုးဘာသာမတူသူများထက် ဘာသာတူချင်းဖြစ်သည့် ရာဇ၀တ်မှုနှင့် အငြင်းပွားမှု အရေအတွက်သည် ပို၍ များသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က လူမှုရေးစာမျက်နှာတွင် သုံးသပ်ပြောဆိုထားသည်။

 

မေလ(၂၈)ရက်နေ့တွင် လားရှိုးမြို့ရှိ ရပ်ကွက်(၃)တွင် ည (၇)နာရီ ၀န်းကျင်က လူတစ်စုသည် ဘာသာရေးအဆောက်အဦး နှင့် မိဘမဲ့ကလေး ကျောင်းအောက်ရှိ ဈေးဆိုင်အချို့ကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် လူသေဆုံးမှု မရှိသော်လည်း ဆူပူမှု ကြီးထွားမှုမဖြစ်ပေါ်စေရန် ည(၉)နာရီဝန်းကျင်က ပုဒ်မ (၁၄၄)ထုတ်ပြန်ထားကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဘာသာရေး နှင့် လူမှုရေး အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။