Wednesday, May 29, 2013

အခြေခံပညာ ကျောင်းများ၌ ကျောင်းအပ်လက်ခံရာတွင် ခေါင်းစဉ်အမျိုးမျိုးဖြင့် အလှူငွေ ကောက်ခံခြင်းများ မပြုလုပ်ရန် ညွှန်ကြား

အခြေခံပညာ ကျောင်းများ၌ ကျောင်းအပ်လက်ခံရာတွင် သတ်မှတ်ထားသော နှုန်းထားများ အတိုင်းသာ ဆောင်ရွက်ကြရန်နှင့် မူလတန်းအဆင့်တွင် ခေါင်းစဉ်အမျိုးမျိုးဖြင့် အလှူငွေ ကောက်ခံခြင်းများ မပြုလုပ်ကြရန် ညွှန်ကြားထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

အခြေခံပညာ ကျောင်းများ၌ မူလတန်းအဆင့် ကျောင်းအပ်လက်ခံရာတွင် မသင်မနေရ မူလတန်းပညာရေး စနစ်အရ အခမဲ့ ကျောင်းအပ်နှံနိုင်ပြီး အလယ်တန်းနှင့် အထက်တန်း အဆင့်တို့တွင် ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် နှုန်းထားအတိုင်း ကျောင်းသုံးဖတ်စာအုပ် ဈေးနှုန်း၊ ကျောင်းလခနှုန်း၊ မိဘဆရာ အသင်းကြေးများသာ ကောက်ခံကြရန် ညွှန်ကြားထားကြောင်း သိရသည်။

"မူလတန်း အဆင့်မှာတော့ အခမဲ့ပညာရေးစနစ် ဖြစ်တဲ့အတွက် ဘာမှမကောက်ခံ ရပါဘူး၊ အလှူငွေ တစ်ပြားတစ်ကျပ်မှ မပေးရပါဘူး၊ အလယ်တန်းအဆင့်နဲ့ အထက်တန်း အဆင့်မှာတော့ ပြဌာန်းစာအုပ်ဖိုး၊ ကျောင်းဝင်ကြေးနဲ့ မိဘဆရာ အသင်းကြေးတွေကို တရားဝင် ပေးရတာကလွဲလို့ ဘာမှမကောက်ခံ ရပါဘူး၊ စာအုပ်တွေကိုလည်း သတ်မှတ်ထားတဲ့ ဈေးနှုန်းထက် ပိုမရောင်းရဘူး ဆိုတာကိုလည်း ညွှန်ကြားထားပါတယ်" ဟု ပညာရေး ၀န်ကြီးဌာန၊ အဆင့်မြင့်ပညာရေး အရာရှိ ဦးတင်လှိုင်က ပြောပြခဲ့သည်။

"အခြေခံပညာ ကျောင်းတွေမှာ ကျောင်းအပ်နှံတဲ့အခါ မူလတန်းကနေ စတုတ္ထတန်းအထိ အခမဲ့ ကျောင်းအပ်နှံလို့ ရပါတယ်၊ အလယ်တန်းနဲ့ အထက်တန်း ကျောင်းတွေမှာတော့ ကျောင်းအပ်လက်ခံတဲ့အခါ ကျောင်းလခ၊ ဗလာစာအုပ် အစရှိတာတွေကို သတ်မှတ်ထားတဲ့ နှုန်းထားများအတိုင်း ကောက်ခံဖို့ ညွှန်ကြားထားပါတယ်" ဟု အမှတ် (၃)၊ အခြေခံပညာ ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီက ဆိုသည်။

မူလတန်းအဆင့်တွင် အလှူငွေ ကောက်ခံခြင်း၊ အထက်တန်းနှင့် အလယ်တန်း အဆင့်တို့တွင် ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် တရားဝင်ပေးရသည့် အခကြေးငွေများထက် ပိုမိုကောက်ခံခြင်း၊ ခေါင်းစဉ်အမျိုးမျိုးဖြင့် အလှူငွေများ ကောက်ခံခြင်းများ ရှိပါက အထောက်အထားနှင့်တကွ သက်ဆိုင်ရာ ပညာရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးရုံးသို့ တိုင်ကြားနိုင်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။