Wednesday, May 29, 2013

ပုဒ်မ (၁၄၄)ထုတ်ပြန်ခဲ့သော်လည်း ဒေသခံများ နေအိမ်အပြင်သို့မထွက်ရဲ

လားရှိုးမြို့တွင် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ဆူပူအကြမ်းဖက်မှု ဆက်လက်မဖြစ်ပေါ်စေရန် လုံခြုံရေး အပြည့်ဖြင့်   စောင့်ကြည့်လျက် ရှိပြီး ပုဒ်မ (၁၄၄)ထုတ်ပြန်ခဲ့သော်လည်း ဒေသခံများအနေဖြင့် နေအိမ်ပြောင်းရွှေ့သူ များ နှင့် အပြင်သို့ မထွက်ရဲသူများ ရှိနေကြောင်း သိရှိရသည်။

 

"ကြောက်တာပေါ့ အိမ်အပြင်ဘယ်လိုမှ မထွက်ရဲဘူး ၊ အိမ်မှာအရင်ရက်က ၀ယ်ထားတဲ့ ဟင်းချက်စရာတွေ ရှိနေသေးလို့ အဆင်ပြေနေသေးတယ်။ "ဟု လားရှိုးမြို့ ရပ်ကွက် (၁၀)နေ ဒေသခံတစ်ဦးက ပြောသည်။

 

ပဋိပက္ခဖြစ်ပွားရာ ရပ်ကွက်အချို့တွင် မေလ(၂၉)ရက်နေ့ နေ့လည်(၁၁)နာရီမတိုင်ခင် ဈေးဆိုင်များအားလုံး ပိတ်ထားရမည်ဆိုခြင်းကြောင့် ကုန်ပစ္စည်းအရောင်းဆိုင်များ ၊ အင်တာနက်ဆိုင်များနှင့် ဈေးဆိုင်အချို့ကို ပိတ်ထားကြကြောင်းသိရှိရသည်။

 

"ကွန်ပျူတာဆိုင်တော့ ပိတ်ထားလိုက်ပြီ ဈေးဆိုင်အသေးလေးတွေတော့ ဖွင့်ထားကြတာပေါ့ ဒါပေမယ့် သူတို့လည်း အပြင်မထွက်ရဲကြပါဘူး။ ဘယ်နေ့မှာ ဒီလိုပြဿနာစဖြစ်မယ်ဆိုတာကို တစ်ချို့ လူတွေက သိလို့ နေအိမ်ပြောင်း တာတွေ လုပ်ပြီးနေကြပြီ ၊ တစ်ချို့လူတွေဆိုရင် ဒီမြို့ကနေ ပြောင်းရွှေ့နေကုန်ကြပြီ " ဟု မန္တလေးလမ်းရှိ ရပ်ကွက်(၄)တွင် နေထိုင်သူ မတူးက ပြောသည်။

 

လားရှိုးမြို့တွင် ပဋိပက္ခဖြစ်ပွားရခြင်းမှာ မေလ (၂၈)ရက် ညနေ (၄)နာရီခန့်က အသက်(၂၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးအား ကျိုင်းတုံမြို့တွင် နေထိုင်သည့် အသက်(၄၈)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဓာတ်ဆီနှင့် ပတ်၍ မီးရှို့ခဲ့ရာမှ စတင်ခြင်းဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

 

 မီးရှို့ခဲ့သည့် အမျိုးသားကို ဖမ်းဆီးပြီး စစ်ဆေးရာတွင် (WY)တံဆိပ်ပါသည့် စိတ်ကြွဆေး နှစ်ပြားတွေ့ရှိ ခဲ့ခြင်းကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၀၇ ၊ ၄၃၆ ၊ ၃၂၆)အပါအ၀င် မူးယစ်ပုဒ်မ ၁၅/၁၆ (ဂ)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ပြန်ကြားရေးမှ အင်တာနက်စာမျက်နှာတွင် ထုတ်ပြန်ထားသော်လည်း သက်ဆိုင်ရာရဲစခန်းသို့ မေးမြန်းရာတွင် တစ်စုံတစ်ရာမှ ဖြေကြားခဲ့ခြင်းမရှိပေ။

 

"လုံခြုံရေးတွေတော့ အများကြီး အစောင့်ချထားပြီးပါပြီ ကျန်တဲ့အပိုင်းကတော့ ကျွန်တော်တို့ အခုချိန်မှ ပြောပြလို့မရသေးပါဘူး ပြောပြခွင့်လည်းမရှိသေးပါဘူး" ဟု လားရှိုးမြို့ရှိ ရဲစခန်းတစ်ခုမှ တာဝန်ကျဝန်ထမ်းတစ်ဦးက ပြောသည်။

 

လူမျိုးဘာသာမတူသူများထက် ဘာသာတူချင်းဖြစ်သည့် ရာဇ၀တ်မှုနှင့် အငြင်းပွားမှု အရေအတွက်သည် ပို၍ များသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က လူမှုရေးစာမျက်နှာတွင် သုံးသပ်ပြောဆိုထားသည်။

 

မေလ(၂၈)ရက်နေ့တွင် လားရှိုးမြို့ရှိ ရပ်ကွက်(၃)တွင် ည (၇)နာရီ ၀န်းကျင်က လူတစ်စုသည် ဘာသာရေးအဆောက်အဦး နှင့် မိဘမဲ့ကလေး ကျောင်းအောက်ရှိ ဈေးဆိုင်အချို့ကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် လူသေဆုံးမှု မရှိသော်လည်း ဆူပူမှု ကြီးထွားမှုမဖြစ်ပေါ်စေရန် ည(၉)နာရီဝန်းကျင်က ပုဒ်မ (၁၄၄)ထုတ်ပြန်ထားကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဘာသာရေး နှင့် လူမှုရေး အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

 


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။