Wednesday, May 29, 2013

စင်္ကာပူနှင့်ပွဲတွင် လက်ရွေးစင် ယူ-၂၃ သာ အသုံးပြုမည်ဟု နည်းပြပြောဆို

မြန်မာ့လက်ရွေးစင် အသင်းနည်းပြ ပတ်ဆောင်ဟွာက လာမည့်ဇွန်လ ၄ ရက်နေ့တွင် ကစားမည့် စင်ကာပူလက်ရွေးစင်အသင်းနှင့် ချစ်ကြည်ရေး ခြေစမ်းပွဲတွင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းကို အသုံးပြုမည် မဟုတ်ဘဲ လက်ရွေးစင် ယူ-၂၃ အသင်းသာ အသုံးပြုမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

နည်းပြ ပတ်ဆောင်ဟွာက " အစက ဒီစင်ကာပူနဲ့ပွဲက မကစားဖြစ်တော့ဘူးဆိုပြီး အခုမှ ရုတ်တရက် ကစားဖြစ်တာပါ။ ဘယ်လိုပွဲပဲဖြစ်ဖြစ် အနိုင်ရလဒ်ရရှိအောင် ကစားမှာပါ။ ဒါပေမယ့် နိုင်ဖို့အတွက်
ပြင်ဆင်မှုတော့ ရှိရပါမယ်။ စင်ကာပူနဲ့ပွဲက အနိုင် အရှုံး ရလဒ်ထက် ဆီးဂိမ်းအတွက် အခုချိန် ကတည်းက ကြိုတင်ပြင်ဆင်တယ်လို့သဘောထားပါတယ်" ဟု ဆိုသည်။

လက်ရွေးစင် ယူ-၂၃ အသင်းသည် ပြီးခဲ့သည့် မေ ၂၆ ရက်က တောင်ကြီးကွင်း၌ မြန်မာနေရှင်နယ်လိဂ် ညွန့်ပေါင်းအသင်းနှင့် ခြေစမ်းကစားခဲ့ရာ ၂-၁ဂိုးဖြင့် ရှုံးနိမ့်ထားသည်။ ထို့အပြင် အသင်းတွင် ဒဏ်ရာရ ကစားသမားများပြီး ကြံ့ခိုင်မှု မပြည့်ဝသည်က အဓိကပြဿနာ ဖြစ်ကြောင်း နည်းပြ ပတ်ဆောင်ဟွာ ကရှင်းပြသည်။

၎င်းက "All Star အသင်းနဲ့ ခြေစမ်းပွဲ ဒုတိယပိုင်းမှာ နောက်တန်း ကစားသမားတွေ ကြံ့ခိုင်မှုလျော့နည်းလို့ အသင်းက ဖရိုဖရဲဖြစ်ခဲ့ပါတယ်။ နောက်ပြီး ဒုတိယပိုင်းမှာ ဂိုးပေးရတာ ပိုများပါတယ်။ ဒါကို အဓိက
ပြုပြင်ရမှာပါ။ ဒါကို မပြင်ဘူးဆိုရင် စိတ်မချရပါဘူး။ ကစားသမားတွေက ဒီထက်လည်း ရွေးဖို့ မရှိပါဘူး။ ရှိပြီးသား လူတွေနဲ့ပဲ အကောင်းဆုံးပြင်ဆင်ရမှာပါ"ဟု ပြောကြားသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ယူ-၂၃ အသင်းနှင့် မြန်မာနေရှင်နယ်လိဂ် ညွန့်ပေါင်း အသင်း ခြေစမ်းပွဲနှင့် ပတ်သက်၍လည်း "ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကို ကျေနပ်ပါတယ်။
နောက်ပြီးဒီအသင်းက အခုမှ လေ့ကျင့်ရက်လည်း ဘယ်လောက်မှ မရသေးပါဘူး။ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုလည်း မပြည့်ဝသေးပါဘူး။ ဒီအတိုင်းဆက်လက်လေ့ကျင့်မယ်ဆိုရင် ပိုကောင်းလာမှာပါ" ဟု
ပြောကြားခဲ့သည်။

စင်ကာပူ လက်ရွေးစင်အသင်းနှင့် မြန်မာ ယူ-၂၃ အသင်းတို့သည် လာမည့် ဇွန် ၄ ရက် ညနေ ၅း၀၀ နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်း၌ ခြေစမ်းကစားမည် ဖြစ်ပြီး လက်မှတ် ၀င်ကြေးများကို ရိုးရိုးတန်း ၅၀၀ ကျပ်နှင့်အထူးတန်း ၁၀၀၀ ကျပ်ဖြင့် သတ်မှတ်ထားသည်။

ထို့ပြင် မြန်မာအသင်းပရိသတ်များ ပွဲကြည့်ရှုရာတွင် အဆင်ပြေစေရန်အတွက် မ.ထ.သ ယာဉ်လိုင်းများ စီစဉ်ပေးသွားမည်ဖြစ်သည်။

 လက်ရွေးစင် ယူ-၂၃ အသင်းသည် စင်ကာပူအသင်းနှင့် ခြေစမ်းအပြီး ဇွန် ၉ ရက်တွင် ဗီယက်နမ်ကလပ် ဒါနမ်အသင်း၊ ဇွန် ၁၁ ရက်တွင် ဗီယက်နမ် ယူ-၂၃ အသင်းများနှင့် ဗီယက်နမ်နိုင်ငံတွင် သွားရောက်
ခြေစမ်းမည်ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။