
Myanmar News Now
ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြ၀တီမြို့ အမှတ်(၅)ရပ်ကွက်ရှိ စိုက်ပျိုးရေးဇုံတွင် နယ်ခြားစောင့်တပ်-BGF နှင့် သက်ဆိုင်ရာ ရဲအဖွဲ့များ ပူးပေါင်း၍ ရာဘ (ခေါ်) မြင်းဆေးရောင်းဝယ်သူ ၄ ဦးကို မတ်လ ၂၆ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
BGF (၁၀၁၁)တပ်ရင်းမှ ဗိုလ်ကြီး ဆန်းကျော် ဦးစီးသည့် အင်အား ၂၀ နှင့် မြ၀တီမြို့နယ် မူးယစ်နှိမ်နင်းရေး အဖွဲ့၊ နယ်ထိန်းမြို့နယ်ဦးစီး ရဲများပူးပေါင်း အဖွဲ့မှ မူးယစ်ဆေးရောင်းဝယ်သူတို့ အပါအ၀င် ရာဘဆေးပြား လေးထောင်ကျော်နှင့် ကျပ်ငွေ ၁၃ သိန်းအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးနှိမ်နင်းမှုတွင် ပါဝင်သည့် မြ၀တီရဲအရာရှိတစ်ဦးက "ဖမ်းဆီးခံရတဲ့သူတွေဟာ နှစ်နေရာပါ။ ပထမ နေရာကတော့ မူးယစ်ဆေး ၂၂၃ ပြားနဲ့ ယောက်ျား ၂ ယောက်ကို ဖမ်းမိပါတယ်။ သူတို့ထပ်မေးတဲ့အခါ သူတို့ ဆေးသွားဝယ်တဲ့နေရာ ပြောပြတော့ ကျနော်တို့ အဲဒီနေရာကို သွားတော့ မူးယစ်ဆေး ၃၉၂၇ ပြား၊ ကျပ်ငွေ ၁၃ သိန်း နဲ့အတူ ယောက်ျားနှစ်ယောက်ကို ထပ်မံ ဖမ်းဆီးရမိခဲ့ပါတယ်" ဟု ကေအိုင်စီသို့ ပြောသည်။
ဖမ်းခံရသူများမှာ သန်းနိုင် (ခေါ်) မောင်ကြီး (၂၆)နှစ်၊ ဦးအောင်ဒိန်း (၅၁နှစ်)၊ ဦးတင်အေး (၅၀)နှစ်နှင့် ဦးခင်ဆန်း (၄၄)နှစ်တို့ဖြစ်ပြီး လက်ရှိ ၎င်းတို့ကို မြ၀တီ ရဲစခန်းတွင် ထိန်းသိမ်းထားကာ မူးယစ်ဆေးဝါး ပုဒ်မဖြင့် အရေးယူထားသည်ဟု အဆိုပါ ရဲအရာရှိက ပြောဆိုသည်။
BGF နှင့် နီးစပ်သူတစ်ဦးကလည်း "အခုလို BGF နဲ့ ရဲတွေ ပူးတွဲပြီး ဒီလို မူးယစ်ဆေးရောင်းဝယ်သူတွေကို ဖမ်းတာ သိပ်ကောင်းတယ်။ ရှေ့ဆက်ပြီးတော့ သူတို့တွေ အတူအလုပ်လုပ်သွားဖို့ ရှိပါတယ်" ဟု ဆိုသည်။
ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် ရဲအဖွဲ့နှင့် BGF တို့ ပူးပေါင်း၍ မူးယစ်ဆေးရောင်းဝယ်သူများကို ဖမ်းဆီးသည်မှာ ယခု ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။
မတ်လ ၂၂ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့နှင့် မဲဆောက်မြို့အကြား သောင်းရင်းမြစ် အတွင်းရှိ မူးယစ်ဆေး ရောင်းဝယ်သူများရှိနေသည့် ရေလယ်ကျွန်းကို ကော့မှုးရာ ရင်လူငယ်များအဖွဲ့မှ လက်နက် အပြည့်အစုံဖြင့် ၀င်ရောက်စီးနင်းမှု ပြုလုပ်ခဲ့သေးသည်။
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်၊ ၆၄ ရပ်ကွက် စက်မှုဇုန် ၂၊ သံလွင်လမ်းရှိ မုန့်စက်ရုံတစ်ရုံတွင် ယနေ့ (မတ်လ ၂၈ ရက်နေ့) နံနက် ၅ ၀န်းကျင်က မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့သည်။
အဆိုပါ မီးလောင်ကျွမ်းရခြင်း၏ အကြောင်းအရင်းနှင့် ဆုံးရှုံးမှု တန်ဖိုးအား စုံစမ်းစစ်ဆေးလျက်ရှိပြီး မီးလောင်မှုဖြစ်စဉ်ကြောင့် လူသေဆုံး၊ ထိခိုက်ဒဏ်ရာများ မရှိကြောင်း မီးလောင်မှုဖြစ်စဉ်သို့ လာရောက်မီးငြိမ်းသတ်သည့် မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
မီးလောင်မှုကြောင့် ပေ ၁၀၀ ၀န်းကျင် စက်ရုံအဆောက်အဦ ပျက်ဆီးဆုံးရှုံးခဲ့သည်။
မီးလောင်မှုဖြစ်စဉ်အနီးတွင် နေထိုင်သည့် ကိုဇော်ဦးက" မီးလောင်မှု စဖြစ်တာက နံနက်ငါးနာရီ လောက်ကပါ။ မီးလောင်တာကို သိသိချင်း သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပါတယ်။ ရွှေမင်းသမီး ဇီးထုတ်စက်ရုံပါ။ အခြားဝမ်းတီးတို့ဘာတို့ အမှတ်တံဆိပ်တွေလည်း ထုတ်လုပ်ပါတယ်။ ကျွန်တော်တို့ စက်မှုဇုန်မှာက နေ့လည် ၁၂ နာရီလောက်ကတည်းက တစ်ညလုံး မီးဖျက်ထားတာပါ။ လျှပ်စစ်ကြောင့်တော့ မဟုတ်ပါဘူး" ဟု
ပြောသည်။
''မုန့်အထွေထွေအခန်းမှာ မီးခိုးစတွေ့တယ်လို့ မုန့်စက်ရုံမှ လုံခြုံရေး တာဝန်ကျတဲ့သူက ပြောပါတယ်။ မီးလောင်မှုကြောင့် သေဆုံးမှု ထိခိုက်ဒဏ်ရာရတာတွေ မရှိသလို အခြားပယောဂကြောင့် လာင်တာမျိုး မဟုတ်ဘဲ သာမန် မီးလောင်မှုပါပဲ" ဟု မီးလောင်မှုဖြစ်စဉ်သို့ လာရောက်သည့် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ မီးလောင်မှုမှာ နံနက် ၅ နာရီ ၅ မိနစ်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ၅ နာရီ ၃၀ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ဝင်များထံမှ သိရပြီး မီးလောင်မှုဖြစ်စဉ်ကို မီးသတ်ယာဉ် ၂၃ စီးနှင့် အထောက်ကူပြုယာဉ် ၇ စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြောင်းမြမြို့နယ်၊ အိမ်မဲမြို့နယ်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့နယ်များ၌ ပဋိပက္ခများ ဖြစ်ပွားနေသည်ဟု ကောလဟာလများ ထွက်ပေါ်နေများ မမှန်ကန်ကြောင်း မြို့ရွာများ တည်ငြိမ်အေးချမ်းလျက်ရှိကြောင်း ဒေသခံများနှင့် တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
မြောင်းမြမြို့နယ်၊ အိမ်မဲမြို့နယ်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့နယ်များတွင် ဘာသာရေးအကြောင်းပြု၍ လူစုလူဝေးများ ဖြစ်ပေါ်နေကြောင်း ကောလာဟလများ ထွက်ပေါ်နေမှုများ မှန်ကန်ခြင်းမရှိဘဲ မြို့ရွာများ တည်ငြိမ် အေးချမ်းလျက်ရှိပြီး ဒေသခံအာဏာပိုင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ဒေသလုံခြုံအတွက် တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြောင်းမြမြို့နယ် ၅ မိုင်ခန့်အကွာ ကျေးရွာတစ်ခုတွင် ဘာသာရေး အဆောက်အဦတစ်ခု မီးရှို့ဖျက်ဆီးခံရသည်ဆိုသော သတင်းမှာ မမှန်ကန်ကြောင်း ၄င်းကျေးရွာ တည်ငြိမ်အေးချမ်းလျက် ရှိကြောင်း၊ မြို့နယ်လုံခြုံရေးအတွက်
ရဲတပ်ဖွဲ့အင်အားများ ပြည့်ဝစွာ လုံခြုံရေး ချထားပေးကြောင်း၊ တပ်မတော်မှလဲ တပ်စိပ်တစ်စိပ် လာရောက်ကူညီ အင်အားဖြည့်တင်း ပေးထားကြောင်း သတင်းရရှိသည်။
"မြောင်းမြက အေးချမ်းနေပါတယ် အခုလူတွေက ကောလာဟလတွေကို ကြားပြီး စိုးရိမ်နေတာ ရဲတပ်ဖွဲ့က လှည့်ကင်းတွေအပြင် အရပ်ဝတ်နဲ့လည်း နေရာအနှံ့မှာ စောင့်ကြည့်နေပါတယ်။ ၉၃ တပ်ရင်းကလဲ တပ်စိပ်တစိပ်လာပြီး
ကူညီပေးထားတယ် ဘာမှမဖြစ်ပါဘူး။ ပြည်သူတွေ မစိုးရိမ်ပါနဲ့" ဟု မြောင်းမြမြို့နယ်အတွင်း လုံခြုံရေးတာဝန်ကျနေသူ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
အိမ်မဲမြို့နယ်အခြေအနေနှင့်ပတ်သက်၍ အိမ်မဲမြို့ခံတစ်ဦးဖြစ်သူ စာရေးဆရာနှင့် နိုင်ငံပိုင် သတင်းစာများတွင် သတင်းရေးသားနေသူ ဆရာထက်ဝေးက "အိမ်မဲမှာ ဘာမှမဖြစ်ပါဘူး။ မလိုသူတွေက လျှောက်ပြောတာပါ" ဟု ပြောသည်။
ဝါးခယ်မမြို့နယ်တွင်းရှိ ကျေးရွာတစ်ခုတွင်လည်း ဆူပူလှုပ်ရှားမှုများ ဖြစ်ပေါ်နေသည်ဟူသည့် သတင်းနှင့် ပတ်သက်၍ ဝါးခယ်မမြို့ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးက "မနေ့ကညက (မတ်လ၂၆) ရွာတွေဘက်မှာ ဆူတယ်ကြားလို့ ကျွန်တော်တို့ ချက်ခြင်းဆင်းလိုက်သွားတာ မဟုတ်ပါဘူး။ ဘာမှမဖြစ်ပါဘူး။ အေးအေးချမ်းချမ်းရှိပါတယ်" ဟု ပြောသည်။
ကျုံမငေးမြို့နယ်တွင်လဲ ဆူပူမှုကြောင့် ကျင်းပလျက်ရှိသော ကျုံမငေးစွယ်တော် ဘုရားပွဲတော် ပျက်သွားသည်ဆိုသော ကောလာဟလ သတင်းထွက်ပေါ်နေမှုများနှင့် ပတ်သက်၍ "ဘုရားပွဲတော် မပျက်ပါဘူး လူတွေ စည်စည်ကားကားပါဘဲ နယ်ဖက်က တချို့ဘုရားဖူးတွေသာ ကောလာဟလတွေကြောင့် ကြောက်ပြီး မလာကြတာ ရှိတာပါ။ အရင်နှစ်ကလောက် သိပ်မစည်တော့ပေမဲ့ တော်တော်စည်ပါတယ်။ ပဋိပက္ခဖြစ်တယ်ဆိုတာ မမှန်ပါဘူး" ဟု ကျုံမငေးမြို့ခံ တစ်ဦးဖြစ်သူ ကိုသန်းအေးမှ ပြောသည်။
၂၀၁၃ ခုနှစ် မတ်လ ၂၈ ရက် နေ့ နံနက် ၁၀ နာရီခန့် က အထိတ်တလန့် ဖြစ်စေရန် ရည်ရွယ်၍ ဆိုင်ကယ်စီး လူတစ်ဦးမှ ကလေးမြို့ မြို့မဈေးအနီး ဗလီရှေ့တွင် ဆူပူလှုံ့ဆော်စေရန်ရည်ရွယ်ချက်ဖြင့် အော်ဟစ်သွားသည်ဟု သိရပါသည်။
"ဘယ်လို အော်သွားတယ်ဆိုတာ မသိလိုက်ဘူး ။ ဒီလို အော်လိုက်တော့ ဗလီဘေးမှာ ဈေးရောင်းနေတဲ့ ဈေးသည်တွေက ထပြေးကုန်ပြီး အထိတ်တလန့် ဖြစ်ကုန်ကြတယ်။ နောက်လုံခြုံရေးတွေလည်း ချက်ချင်းရောက်လာတယ်။ ဘာမှ မဖြစ်လိုက်ပေမယ့် လူတွေ အထိတ်တလန့် ဖြစ်ကုန်ပါတယ်" ဟု အခင်းဖြစ်ပွားရာသို့ သွားရောက် ကြည့်ရှုသူ ဒေသခံက ပြောကြားခဲ့ပါသည်။
အဆိုပါ ဆူပူလှုံ့ဆော်စေရန် ရည်ရွယ်ချက်ဖြင့် အော်ဟစ်နေသည်မှာ မတ်လ (၂၆) ရက်နေ့ ည ၁၀ နာရီခွဲခန့်က တစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု သိရှိရပါသည်။
"မြို့လူထု အထိတ်တလန့် မဖြစ်အောင်အတွက် အခုမြို့ထဲမှာ အသံချဲ့စက်နဲ့ လှည့်ပြီး ကြေငြာပါမယ် ။ ကောလာဟလတွေ ဖြစ်နေတယ်။ အထိတ်တလန့်ဖြစ်အောင် လုပ်တဲ့သူတွေကို သတင်းပေးဖို့ ကြေငြာပါမယ်။ ညဖက်ကျရင်လည်း လုံခြုံရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ကလေးမြို့ပေါ်က လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းကင်းလှည့်ဖို့ လုပ်မယ် "ဟု နေသာ ပညာဒါန ဆရာတော် ဦးဓမ္မိက က မိန့်ကြားခဲ့ပါသည်။
ကလေးမြို့၏ လက်ရှိအခြေအနေမှာ ပုံမှန်အတိုင်းရှိနေပြီး ကောလာဟလ ထွက်ပေါ်ခဲ့ရာ ဗလီအနီး၌ တပ်မတော်သားများနှင့် ရဲအစရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး တာဝန်ယူနေကြောင်း သိရပါသည်။
ပုသိမ်မြို့အတွင်း လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များ အား မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် မတ်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်၍ မြို့အနှံ့ လုံခြုံရေးဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့ဝင်များအပြင် တပ်မတော်သားများပါ ကင်းလှည့်စောင့်ကြပ်မှုများနှင့် ရပ်ကွက်အလိုက် လုံခြုံရေးဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိသည်။
"ကောလာဟလတွေကတော့ နေရာပေါင်းစုံကနေ အမျိုးမျိုး ကြားနေတာပါ၊ ကျွန်တော်တို့လည်း လုံခြုံရေးသတိ အမြဲရှိစွာနဲ့ နေပါတယ်၊ ကိုယ်မြို့သူမြို့သား အချင်းချင်းကတော့ ဘာမှပြဿနာ ဖြစ်စရာမရှိပါဘူး၊ မမြင်နိုင်တဲ့ရန်သူကိုဘဲ ကြောက်တယ်၊ အခုလို ရဲတပ်ဖွဲ့ဝင်တွေရော တပ်မတော်သားတွေပါ လုံခြုံရေး ဆောင်ရွက်နေပြီဆိုတော့ သိပ်တော့ မစိုးရိမ်ရတော့ဘူး" ဟု ပုသိမ်မြို့ခံတစ်ဦးက ပြောပြသည်။
ယ္ခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများအပေါ် အခြေခံ၍ ပုသိမ်မြို့တွင်လည်း ကောလာဟလ သတင်းများ ထွက်ပေါ်နေမှုကြောင့် အစ္စလာမ်ဘာသာဝင်များ အပါအ၀င် မြို့သူမြို့သား အများစုမှာ စိုးရိမ်ပူပန်မှုများ ရှိနေကြရာ ရဲတပ်ဖွဲ့ဝင်များက လွန်ခဲ့သည့် ရက်များမှပင် နေ့ရောညပါ မြို့တွင်းမြို့ပြင် ကင်းလှည့်စောင့်ကြပ်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပုသိမ်မြို့အတွင်း လှည့်ကင်းဆောင်ရွက်နေသည့် တပ်မတော်သားများအား မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်
"ပုသိမ်မြို့ပေါ်မှာရှိတဲ့ ရပ်ကွက် ၁၅ ခုမှာတော့ မတ်လ ၂၆ ရက်နေ့ကစပြီး ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး ကော်မတီ ဖွဲ့ခဲ့တယ်၊ အဲဒီကော်မတီက ရပ်ကွက်နဲ့ ပတ်သက်ပြီး ပဋိပက္ခဖြစ်စေမဲ့ ကိစ္စတွေကို ၀ိုင်းဝန်းထိန်းသိမ်းသွားဖို့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်" ဟု ပုသိမ်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပြသည်။
ပုသိမ်မြို့တွင် ဆူပူအကြမ်းဖက်မှုများနှင့် ပဋိပက္ခများ မဖြစ်ပွားစေရေးတွက် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများနှင့်အတူ ဘာသာရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် လူ့အခွင့်အရေး အဖွဲ့များ၊ လူမှုရေး အဖွဲ့အစည်းများ ပူးပေါင်း၍ ဒေသတည်ငြိမ်ရေးအတွက် ဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။