Thursday, March 28, 2013

နတ္တလင်းမြို့နယ်တွင် မတ်လ ၂၆ ရက်နေ့ညနှင့် ၂၇ ရက်နေ့ နံနက်ပိုင်းဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် အိမ်ခြေ ၂၅ လုံး ပျက်စီးခဲ့ပြီး ဗလီတစ်လုံး၊ ကားဂိတ်တစ်ဂိတ် ပျက်စီး


ပဲခူးတိုင်းဒေသကြီး နတ်တ္တလင်းမြို့နယ်တွင် မတ်လ ၂၆ ရက်နေ့ညနှင့် ၂၇ ရက်နေ့ နံနက်ပိုင်းဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် အိမ်ခြေ ၂၅ လုံး ပျက်စီးခဲ့ပြီး ဗလီတစ်လုံး၊ ကားဂိတ်တစ်ဂိတ် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
နတ်တလင်းမြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက“ဒီဖြစ်စဉ်တွေ ဖြစ်ပွားနေတဲ့ အချိန်မှာ ကာယကံရှင်တွေအနေနဲ့ ရရှိတဲ့ သတင်းတွေအရ ကြိုတင်ရှောင်ရှား နေခဲ့ကြတဲ့အတွက် လူအသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာ ရရှိမှုတွေ မရှိပါဘူး။ ပဋိပက္ခ စတင်ဖြစ်ပွားတဲ့ အချိန်မှာ လူ ၂၀၀ လောက်ပဲ ရှိပေမယ့် နောက်ပိုင်း ၅၀၀၊ ၆၀၀ လောက်အထိ ဖြစ်သွားတယ်။ လူအများစု ပါဝင်နေတဲ့အတွက် ဘယ်သူတွေ ပါဝင်ခဲ့တယ်ဆိုတာ အတိအကျတော့ ပြောလို့မရဘူး။ ရဲတပ်ဖွဲ့ကနေ ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိသူ ၂ ဦးကို ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်” ဟု ပြောကြားခဲ့သည်။

နတ်တလင်းမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးအောင်သန်းက“အန္တရာယ် ထပ်မံဖြစ်ပေါ်နိုင်တယ်လို့ ယူဆတဲ့နေရာတွေကို လုံခြုံရေးတွေ စနစ်တကျ စီမံထားပါတယ်။ ပုဒ်မ ၁၄၄ ထုတ်ပြီးနောက်ပိုင်း အခြေအနေတွေ ကောင်းမွန်လာပါတယ်။ တစ်စုံတစ်ခု ထပ်မံမယ်လို့ ယူဆတာနဲ့ အချိန်မီ ဖြေရှင်းနိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် နတ်တလင်းမြို့နယ်တွင် နယ်မြေခံ ရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင် ၆၀ ဦး၊ ဌာနဆိုင်ရာ ၀န်ထမ်း ၂၀ ဦး၊ မီးသတ်တပ်ဖွဲ့ဝင် ၄၀ ဦး ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင် ၂၀ ဦး၊ ကြက်ခြေနီ ၂၀ ဦး အမှတ် (၄) ခြေမြန်တပ်ရင်း (အင်းမတပ်) မှ တပ်မတော်သား ၄၅ ဦးတို့ဖြင့် လုံခြုံရေး ဆောင်ရွက်နေကြောင်း သိရှိရသည်။
လက်ရှိအချိန်တွင် နတ္တလင်းမြို့နယ်၌ အခြေအနေ တည်ငြိမ်လျက်ရှိပြီး မြို့နယ် အုပ်ချုပ်ရေးမှူးရုံး ရပ်ကွက်နေ ပြည်သူများအား လူစုလူဝေး ပြုလုပ်ခြင်းများ ရှောင်ကြဉ်ကြရန် သတိပေးထားသည်။ ပဲခူးတိုင်း ဒေသကြီးအတွင်း ကြို့ပင်ကောက်၊ ပုတီးကုန်း၊ အုတ်ဖို၊ မင်းလှ၊ နတ္တလင်း၊ သာယာဝတီ မြို့နယ်များတွင် ပဋိပက္ခဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။