Thursday, March 28, 2013

BGF နှင့် ရဲအဖွဲ့ ပူးပေါင်း၍ မြ၀တီမြို့မှ မူးယစ်ဆေးရောင်းဝယ်သူ ၄ ဦးကို ဖမ်းဆီး

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြ၀တီမြို့ အမှတ်(၅)ရပ်ကွက်ရှိ စိုက်ပျိုးရေးဇုံတွင် နယ်ခြားစောင့်တပ်-BGF နှင့် သက်ဆိုင်ရာ ရဲအဖွဲ့များ ပူးပေါင်း၍ ရာဘ (ခေါ်) မြင်းဆေးရောင်းဝယ်သူ ၄ ဦးကို မတ်လ ၂၆ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

BGF (၁၀၁၁)တပ်ရင်းမှ ဗိုလ်ကြီး ဆန်းကျော် ဦးစီးသည့် အင်အား ၂၀ နှင့် မြ၀တီမြို့နယ် မူးယစ်နှိမ်နင်းရေး အဖွဲ့၊ နယ်ထိန်းမြို့နယ်ဦးစီး ရဲများပူးပေါင်း အဖွဲ့မှ မူးယစ်ဆေးရောင်းဝယ်သူတို့ အပါအ၀င် ရာဘဆေးပြား လေးထောင်ကျော်နှင့် ကျပ်ငွေ ၁၃ သိန်းအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးနှိမ်နင်းမှုတွင် ပါဝင်သည့် မြ၀တီရဲအရာရှိတစ်ဦးက "ဖမ်းဆီးခံရတဲ့သူတွေဟာ နှစ်နေရာပါ။ ပထမ နေရာကတော့ မူးယစ်ဆေး ၂၂၃ ပြားနဲ့ ယောက်ျား ၂ ယောက်ကို ဖမ်းမိပါတယ်။ သူတို့ထပ်မေးတဲ့အခါ သူတို့ ဆေးသွားဝယ်တဲ့နေရာ ပြောပြတော့ ကျနော်တို့ အဲဒီနေရာကို သွားတော့ မူးယစ်ဆေး ၃၉၂၇ ပြား၊ ကျပ်ငွေ ၁၃ သိန်း နဲ့အတူ ယောက်ျားနှစ်ယောက်ကို ထပ်မံ ဖမ်းဆီးရမိခဲ့ပါတယ်" ဟု ကေအိုင်စီသို့ ပြောသည်။

ဖမ်းခံရသူများမှာ သန်းနိုင် (ခေါ်) မောင်ကြီး (၂၆)နှစ်၊ ဦးအောင်ဒိန်း (၅၁နှစ်)၊ ဦးတင်အေး (၅၀)နှစ်နှင့် ဦးခင်ဆန်း (၄၄)နှစ်တို့ဖြစ်ပြီး လက်ရှိ ၎င်းတို့ကို မြ၀တီ ရဲစခန်းတွင် ထိန်းသိမ်းထားကာ မူးယစ်ဆေးဝါး ပုဒ်မဖြင့် အရေးယူထားသည်ဟု အဆိုပါ ရဲအရာရှိက ပြောဆိုသည်။

BGF နှင့် နီးစပ်သူတစ်ဦးကလည်း "အခုလို BGF နဲ့ ရဲတွေ ပူးတွဲပြီး ဒီလို မူးယစ်ဆေးရောင်းဝယ်သူတွေကို ဖမ်းတာ သိပ်ကောင်းတယ်။ ရှေ့ဆက်ပြီးတော့ သူတို့တွေ အတူအလုပ်လုပ်သွားဖို့ ရှိပါတယ်" ဟု ဆိုသည်။

ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် ရဲအဖွဲ့နှင့် BGF တို့ ပူးပေါင်း၍ မူးယစ်ဆေးရောင်းဝယ်သူများကို ဖမ်းဆီးသည်မှာ ယခု ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။

မတ်လ ၂၂ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့နှင့် မဲဆောက်မြို့အကြား သောင်းရင်းမြစ် အတွင်းရှိ မူးယစ်ဆေး ရောင်းဝယ်သူများရှိနေသည့် ရေလယ်ကျွန်းကို ကော့မှုးရာ ရင်လူငယ်များအဖွဲ့မှ လက်နက် အပြည့်အစုံဖြင့် ၀င်ရောက်စီးနင်းမှု ပြုလုပ်ခဲ့သေးသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။