Thursday, March 28, 2013

ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ပဋိပက္ခများ ဖြစ်ပွားနေသည်ဟု ထွက်ပေါ်နေသည့် ကောလာဟလ သတင်းများမှာ မှားယွင်းနေပြီး တည်ငြိမ်လျက်ရှိကြောင်း ဒေသခံများနှင့် တာဝန်ရှိသူများ ပြောကြား

ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြောင်းမြမြို့နယ်၊ အိမ်မဲမြို့နယ်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့နယ်များ၌ ပဋိပက္ခများ ဖြစ်ပွားနေသည်ဟု ကောလဟာလများ ထွက်ပေါ်နေများ မမှန်ကန်ကြောင်း မြို့ရွာများ တည်ငြိမ်အေးချမ်းလျက်ရှိကြောင်း ဒေသခံများနှင့် တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

မြောင်းမြမြို့နယ်၊ အိမ်မဲမြို့နယ်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့နယ်များတွင် ဘာသာရေးအကြောင်းပြု၍ လူစုလူဝေးများ ဖြစ်ပေါ်နေကြောင်း ကောလာဟလများ ထွက်ပေါ်နေမှုများ မှန်ကန်ခြင်းမရှိဘဲ မြို့ရွာများ တည်ငြိမ် အေးချမ်းလျက်ရှိပြီး ဒေသခံအာဏာပိုင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ဒေသလုံခြုံအတွက် တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြောင်းမြမြို့နယ် ၅ မိုင်ခန့်အကွာ ကျေးရွာတစ်ခုတွင် ဘာသာရေး အဆောက်အဦတစ်ခု မီးရှို့ဖျက်ဆီးခံရသည်ဆိုသော သတင်းမှာ မမှန်ကန်ကြောင်း ၄င်းကျေးရွာ တည်ငြိမ်အေးချမ်းလျက် ရှိကြောင်း၊ မြို့နယ်လုံခြုံရေးအတွက်
ရဲတပ်ဖွဲ့အင်အားများ ပြည့်ဝစွာ လုံခြုံရေး ချထားပေးကြောင်း၊ တပ်မတော်မှလဲ တပ်စိပ်တစ်စိပ် လာရောက်ကူညီ အင်အားဖြည့်တင်း ပေးထားကြောင်း သတင်းရရှိသည်။

"မြောင်းမြက အေးချမ်းနေပါတယ် အခုလူတွေက ကောလာဟလတွေကို ကြားပြီး စိုးရိမ်နေတာ ရဲတပ်ဖွဲ့က လှည့်ကင်းတွေအပြင် အရပ်ဝတ်နဲ့လည်း နေရာအနှံ့မှာ စောင့်ကြည့်နေပါတယ်။ ၉၃ တပ်ရင်းကလဲ တပ်စိပ်တစိပ်လာပြီး
ကူညီပေးထားတယ် ဘာမှမဖြစ်ပါဘူး။ ပြည်သူတွေ မစိုးရိမ်ပါနဲ့" ဟု မြောင်းမြမြို့နယ်အတွင်း လုံခြုံရေးတာဝန်ကျနေသူ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

အိမ်မဲမြို့နယ်အခြေအနေနှင့်ပတ်သက်၍ အိမ်မဲမြို့ခံတစ်ဦးဖြစ်သူ စာရေးဆရာနှင့် နိုင်ငံပိုင် သတင်းစာများတွင် သတင်းရေးသားနေသူ ဆရာထက်ဝေးက "အိမ်မဲမှာ ဘာမှမဖြစ်ပါဘူး။ မလိုသူတွေက လျှောက်ပြောတာပါ" ဟု ပြောသည်။

ဝါးခယ်မမြို့နယ်တွင်းရှိ ကျေးရွာတစ်ခုတွင်လည်း ဆူပူလှုပ်ရှားမှုများ ဖြစ်ပေါ်နေသည်ဟူသည့် သတင်းနှင့် ပတ်သက်၍ ဝါးခယ်မမြို့ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးက "မနေ့ကညက (မတ်လ၂၆) ရွာတွေဘက်မှာ ဆူတယ်ကြားလို့ ကျွန်တော်တို့ ချက်ခြင်းဆင်းလိုက်သွားတာ မဟုတ်ပါဘူး။ ဘာမှမဖြစ်ပါဘူး။ အေးအေးချမ်းချမ်းရှိပါတယ်" ဟု  ပြောသည်။

ကျုံမငေးမြို့နယ်တွင်လဲ ဆူပူမှုကြောင့် ကျင်းပလျက်ရှိသော ကျုံမငေးစွယ်တော် ဘုရားပွဲတော် ပျက်သွားသည်ဆိုသော ကောလာဟလ သတင်းထွက်ပေါ်နေမှုများနှင့် ပတ်သက်၍ "ဘုရားပွဲတော် မပျက်ပါဘူး လူတွေ စည်စည်ကားကားပါဘဲ နယ်ဖက်က တချို့ဘုရားဖူးတွေသာ ကောလာဟလတွေကြောင့် ကြောက်ပြီး မလာကြတာ ရှိတာပါ။ အရင်နှစ်ကလောက် သိပ်မစည်တော့ပေမဲ့ တော်တော်စည်ပါတယ်။ ပဋိပက္ခဖြစ်တယ်ဆိုတာ မမှန်ပါဘူး" ဟု ကျုံမငေးမြို့ခံ တစ်ဦးဖြစ်သူ ကိုသန်းအေးမှ ပြောသည်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။