နယ်စပ်ဒေသကုန်သွယ်ရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် ထုတ်ပေးသော တစ်ဦးချင်းကုန်သွယ်ခွင့် လိုင်စင် (ITC)များကို လုပ်ငန်းလည်ပတ်လျက်ရှိသော နယ်စပ်ဂိတ်အားလုံး၌ ဧပြီလ တစ်ရက်နေ့မှစ၍ ထုတ်ပေးသွား မည် ဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက သိရှိရသည်။
အဆိုပါ တစ်ဦးချင်းကုန်သွယ်ခွင့် လိုင်စင်(ITC)သည် ယခင်က မြ၀တီ၊ မူဆယ်၊ တမူးနှင့် တာချီလိတ်၌သာ ထုတ်ပေးခဲ့သော်လည်း လက်ရှိတွင် လုပ်ငန်းလည်ပတ်လျက်ရှိသည့် နယ်စပ်ကုန်သွယ်ရေး ဂိတ်(၁၃)ခုစလုံးသို့ ထုတ်ပေးသွားမည် ဖြစ်သည်။
"အဓိကကတော့ လွတ်လပ်စွာ ကုန်သွယ်နိုင်ရေးအတွက်ပဲ ကြိုက်တဲ့ နယ်စပ်ဂိတ်ကနေ လျှောက်လို့ရတယ် ဧပြီ ၁ ရက်နေ့ကနေ ထုတ်ပေးမယ်"ဟု နယ်စပ်ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် လက်ရှိ နယ်စပ်ကုန်သွယ်ရေးဂိတ်(၁၃)ခုရှိပြီး နှစ်ဝက်မတိုင်မီမှာပင် နောက်ထပ် နယ်စပ်ဂိတ် တစ်ခု ဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြောင်းကိုလည်း ၎င်းကဆက်ပြောသည်။
"အရင်ကဆို မြ၀တီတို့ မူဆယ်တို့မှာပဲ လျှောက်လို့ရတာ ခုလို ဘယ်နယ်စပ်ဂိတ်မှာ လျှောက်လျှောက်ရတယ် ဆိုတော့ ကုန်သည်တွေအားလုံး အတွက် အဆင်ပြေတာပေါ့ ကုန်သွယ်ခွင့် လှိုင်စင်ကိုလည်း အရင်တုန်းက တစ်ဦးချင်း ထုတ်ပေးတာ မဟုတ်ဘူး ကုမ္ပဏီတွေပဲ လျှောက်လို့ရတာ ခုဆို တစ်နိုင်တစ်ပိုင် လုပ်ချင်တဲ့လူတွေ အတွက် ပိုအဆင်ပြေသွားတယ်"ဟု မူဆယ်မှ ကုန်သည်တစ်ဦးက ပြောသည်။
ယခုကဲ့သို့ တရားဝင် တစ်ဦးချင်းကုန်သွယ်ခွင့် လိုင်စင်ကို နယ်စပ်ဂိတ်အားလုံးတွင် လျှောက်ထား၍ရသည့် အတွက် တရားမ၀င်ကုန်သွယ်မှုများ လျော့ကျသွားနိုင်ကြောင်းကိုလည်း၎င်းက ဆက်ပြောသည်။
တစ်ဦးချင်းကုန်သွယ်ခွင့် လိုင်စင်(ITC) ထုတ်ပေးထားမှု၌ မူဆယ်တွင်(၁၃၁)ခု တမူးတွင်(၆၆)ခု တာချီလိတ်တွင်(၂၅)ခုနှင့် မြ၀တီတွင်(၂၀)၊ စုစုပေါင်း(၂၄၀)အထိထုတ်ထားပေးပြီးဖြစ်သည်။
အဆိုပါ မြ၀တီ၊မူဆယ်၊တမူးနှင့် တာချီလိတ် နယ်စပ်ဂိတ်လေးခုတို့မှ (၃)လတာကာလအတွင်း စုစုပေါင်း ပို့ကုန်သွင်းကုန် တန်ဖိုးငွေကျပ်(၅၂၈၉)သိန်းကျော်ရှိပြီး သွင်းကုန်ပမာဏမှာ ငွေကျပ်သိန်း(၅၀၀၀)ကျော်ရှိ ကြောင်း သိရှိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။