Thursday, March 28, 2013

ကရင်နီ ဒုက္ခသည်စခန်း မီးလောင်မှုမှာ ပေါ့ဆမီး မဟုတ်ဟု ထိုင်းရဲမှူးကြီး ယူဆ

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင် ခရိုင်ရှိ ကရင်နီလူမျိုးများ အများစု ခိုလှုံရာ Mae Surin ဒုက္ခသည် စခန်း မီးလောင်မှုမှာ မတော်တဆ ဖြစ်ပွားခြင်း မဟုတ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး Nitinart Wittayawuthikul က မတ်လ ၂၆ ရက်နေ့တွင် ပြောကြားသည်။

ရဲမှူးကြီး Nitinart Wittaywuthikul မှာ ယင်းမီးလောင်မှုကို ပေါ့ဆစွာ ကိုင်တွယ်သည်ဟု စွပ်စွဲခံရပြီး ပြောင်းရွှေ့ ခံခဲ့ရသည်။ မီးလောင်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့မှလည်း သူ့အား ထုတ်ပယ်ထားလိုက်သည်။



လူ အနည်းဆုံး ၃၇ ဦး သေဆုံးခဲ့ရသော Mae Surin ဒုက္ခသည်စခန်း မီးလောင်မှုမှာ မတော်တဆ ဖြစ်ရပ်
ဖြစ်ကြောင်း အတည်ပြုရန် သူက ငြင်းဆန်ခဲ့သဖြင့် ပြစ်ဒဏ်ပေးခံနေရကြောင်း ရဲမှူးကြီး Nitinart က ပြောသည်။

မတ်လ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့သော ဒုက္ခသည် ၃၀၀၀ ကျော် ခိုလှုံနေထိုင်သည့် ထို ဒုက္ခသည်စခန်း မီးလောင်မှု တွင် လူ ၁၀၀ ကျော် ဒဏ်ရာရခဲ့ကာ လူပေါင်း ၂,၃၀၀ ကျော် ခိုလှုံစရာ နေရာမဲ့ခဲ့ရသည်။ မီးလောင်ရခြင်း အကြောင်းရင်းကို အာဏာပိုင်များက ဆုံးဖြတ်နိုင်ခြင်း မရှိသေးပေ။

မီးဖိုချောင်မှ စတင်လောင်ခြင်း ဖြစ်မည်ဟု ရဲတပ်ဖွဲ့က အစပိုင်းတွင် သံသယဖြစ်ခဲ့သည်။ နောက်ထပ် ယူဆချက် တခုမှာ အနီးရှိ မီးလောင်သစ်တောတခုခုမှ မီးကျီခဲတခု လေနှင့်လွင့်ပါလာကာ ဒုက္ခသည် စခန်း ခေါင်မိုး တခုပေါ်သို့ ကျခဲ့ခြင်း ဖြစ်မည်ဟုဆိုသည်။

မီးလောင်မှု အမှုတွဲကို ကိုင်တွယ်နေစဉ်က မျက်မြင်သက်သေအချို့နှင့် စကားပြောခဲ့ရသည်ဟု ရဲမှူးကြီး Nitinart က ဆိုသည်။ ထိုသက်သေများ၏ ထွက်ဆိုချက်အရ မီးလောင်မှုသည် ဒုက္ခသည် စခန်းအတွင်း၌ စတင်ဖြစ်ပေါ်ခဲ့ပြီး မတော်တဆ ဖြစ်ရပ်တခု မဟုတ်ဟု သူ ယုံကြည်လာခဲ့ကြောင်း ရဲမှူးကြီးက ဆက်လက် ပြောကြားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။