Thursday, March 28, 2013

ဂရမ်ကိစ္စများအပါအ၀င် အမည်ပေါက်မှန် မမှန် အွန်လိုင်းမှ စစ်ဆေးနိုင်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အင်တာနက်စာမျက်နှာ၌ ပထမဆုံးအကြိမ်အဖြစ် မြို့ပြ/မြေယာနှင့် ပတ်သက်သည့် ၀န်ဆောင်မှုများအား ပြုလုပ်ပေးလျက်ရှိကြောင်း စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

 

 www.ycdc.com.mm မြို့ပြ/မြေယာနှင့် ပတ်သက်သည့် ၀န်ဆောင်မှုနှင့် ပတ်သက်၍ လျှောက်ထားနိုင်ခြင်း ဖြစ်သည် ။လက်ရှိတွင် ရုံးသို့တိုက်ရိုက်လာလျှောက်ထားသူအရေအတွက်မှာ အွန်လိုင်းမှလျှောက်ထားသူ အရေအတွက်ထက် များပြားလျက်ရှိကြောင်း သိရသည်။

 

"၀က်ဆိုက်က နေလျှောက်လို့ရနေပါပြီ။ အခုလောလောဆယ်တော့ နှစ်မျိုးပဲ လျှောက်ထားလို့ရသေးတယ်။ အွန်လိုင်းက ၀န်ဆောင်မှုကို ပထမဆုံးအနေနဲ့ ဒီ၃လပိုင်းမှာ စတာပါ။"ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြ စီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါ စာမျက်နှာတွင် မြေယာနှင့် ပတ်သတ်သော မြေပုံကူး ယူလျှောက်ထားခြင်းနှင့် အမည်ပေါက်မှန် မမှန် စီစစ်ပေးရေး တို့ကို ရန်ကုန်တိုင်းဒေသကြီးတွင်း ခရိုင်လေးခုရှိ မြို့နယ် (၁၀)မြို့နယ်မှ လျှောက်ထားနိုင်ခြင်းဖြစ်သည်။

 

မြေပုံကူးယူလျှောက်ထားရခြင်းများဖြစ်သော အဆောက်အအုံ အကြီးစားပြင်ဆင်ခွင့်၊ ခြံစည်းရိုး ကာရံခွင့်၊ မှတ်တမ်းအဖြစ် ထားရှိရန်၊ ဘဏ်ငွေချေးခွင့်၊ အ၀ီစီတွင်းတူးခွင့်နှင့် အဆောက်အအုံ ဆောက်လုပ်ခွင့်များကို လျှောက်ထားနိုင်ကြောင်း သိရှိရသည်။

 

"အင်းကျွန်တော်လည်း ကြားမိလို့ ၀င်ကြည့်ကြည့်တာ လျှောက်ရမယ့် ပုံစံရော။ ဘယ်လို လျှောက်ရမယ်ဆိုတာရော။ အစဉ်ပြေပါတယ်။ လွယ်လွယ်ကူကူလျှောက်လို့ ရတော့။ အလုပ်မရှုပ်တော့ဘူးပေါ့။ စည်ပင်သာယာရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေလည်း တွေ့ရတယ်"ဟု မြောက်ဥက္ကပမြို့နယ်၌ အိမ်ခြံမြေအကျိုးဆောင်လုပ်ကိုင်နေသူ ဦးကုလားက ပြောသည်။

 

အင်တာနက်စာမျက်နှာမှ တစ်ဆင့်လျှောက်ထားနိုင်သော မြို့နယ်များမှာ အရှေ့ပိုင်းခရိုင်မှ တောင်ဥက္ကလာပ မြို့နယ်နှင့် မြောက်ဥက္ကလာပ မြို့နယ်၊ နောက်ပိုင်းခရိုင်မှ ဗဟန်း၊ကျောက်တံတား၊ လသာ၊ ပန်းဘဲတန်းနှင့် စမ်းချောင်းမြို့နယ်၊ တောင်ပိုင်းခရိုင်မှ တာမွေမြို့နယ်နှင့် မြောက်ပိုင်းခရိုင်မှ လှိုင်မြို့နယ်နှင့် ကမာရွက်မြို့နယ်တို့ ပါဝင်ကြောင်း သိရှိရသည်။

 

လက်ရှိတွင် အထက်ပါ လျှောက်ထားမူနှစ်မျိုးသာဝန်ဆောင်မူပေးလျက်ရှိပြီး ဂရမ်သစ်၊ ဂရမ်မိထ္တူ၊ ဂရမ်ခွဲ၊ ဂရမ် သတ်တမ်း တိုးခြင်းနှင့် အခြားလျှောက်ထားနိုင်မည့် ၀န်ဆောင်မူများကိုလည်း ၄င်းအွန်လိုင်း စာမျက်နှာတွင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ 

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။