Tuesday, May 7, 2013

သမ္မတဦးသိန်းစိန်မိန့်ခွန်းအပေါ် မတူကွဲပြားအမြင်

ရခိုင်ပြည်နယ် ပဋိပက္ခကို နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး စတဲ့ ရှုထောင့်ပေါင်းစုံကနေ အရေးယူ ဆောင်ရွက်သွား မှာ ဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန် က ပြောလိုက်ပါတယ်။ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး တနင်္လာနေ့ညဘက်က ရေဒီယိုနဲ့ ရုပ်မြင်သံကြားတို့ကနေတဆင့် လူထုကို ရှင်းလင်း ပြောဆိုတာမှာ သမ္မတက အဲ့ဒီလို ပြောသွားတာပါ။ သမ္မတရဲ့မိန့်ခွန်းပါ အချက်တချို့နဲ့အတူ မိန့်ခွန်းအပေါ် အမြင်သဘောထားတွေကို စုစည်းပြီး ရန်ကုန်-ဗွီအိုအေရုံးခွဲကနေ ကိုကျော်ကျော်သိန်း က သတင်းပေးပို့ခဲ့ပါတယ်။
 
ဧပြီလ ၂၉ ရက်နေ့က ထွက်တဲ့ ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာပါ အကြံပြု တင်ပြချက်တွေ အပါအ၀င် ပဋိပက္ခအပေါ် အမြင်သဘောထားတွေကို သမ္မတ က ရှင်းလင်းပြောဆိုခဲ့တာပါ။ ရခိုင်ပြည်နယ် ပဋိပက္ခအပေါ် အစိုးရအဖွဲ့ရဲ့ သဘောထားနဲ့ ရပ်တည်ချက်ကို သမ္မတ ဦးသိန်းစိန် က အခုလို ပြောခဲ့ပါတယ်။
 
"ရခိုင်ပြည်နယ် ပဋိပက္ခများနဲ့ပတ်သက်ပြီး ကျနော်တို့ အစိုးရရဲ့ ရပ်တည်ချက်ဟာ လက်ရှိအခြေအနေကို လက်တွေ့ကျတဲ့ နည်းလမ်းများနဲ့ ကိုင်တွယ်ဖြေရှင်းပြီး အနာဂတ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မယ့် လူ့အဖွဲ့အစည်းတရပ် ပေါ်ပေါက်လာရေး ရှေးရှုတဲ့ ဦးတည်ချက်များနဲ့ လုပ်ဆောင်သွားမှာဖြစ်တဲ့အကြောင်း ပြောကြားလိုပါတယ်။"

မတူညီတဲ့ ကိုးကွယ် ယုံကြည်မှုတွေကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်အတွက် အခြေခံ အနှစ်သာရဟာ ဘာသာတရား အချင်းချင်း အပြန်အလှန် လေးစားမှု
ဖြစ်ပါတယ်လို့ သမ္မတကဆိုပြီး လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို အကာအကွယ် ပေးသွားမယ်ဆိုတာ အာမခံပြောခဲ့သလို လွတ်လပ်စွာ ပြောဆိုခွင့်ကို တလွဲ အသုံးမပြုဖို့လည်း သတိပေးခဲ့ပါတယ်။
 
"ဒီအခွင့်အရေးကို အလွဲသုံးစားလုပ်ပြီး အမုန်းတရားကို တိုးပွားစေတဲ့ ပြောဆိုမှုများ လုပ်ဆောင်မှုများဟာ ပဋိပက္ခများကို ပိုမို ကြီးထွားစေခဲ့ပါတယ်။ ဒီနေရာမှာ ကျနော်တို့ သတိပြုရမယ့် အချက်တခုက အခွင့်အရေးတခုကို လွဲမှားစွာ အသုံးချခြင်းဟာ တခြား အခွင့်အရေးများကို ဆုံးရှုံးစေတယ်ဆိုတာကို သတိပြုရမှာ ဖြစ်ပါတယ်။"
 
ရခိုင်တိုင်းရင်းသားများနဲ့ အစ္စလာမ် ဘာသာကိုးကွယ်တဲ့ လူ့အဖွဲ့အစည်း နှစ်ခုလုံးရဲ့ ပဋိပက္ခကို ဗုဒ္ဓဘာသာဝင်များနဲ့ မူဆလင်များ ကြားမှာဖြစ်တဲ့ ပဋိပက္ခအဖြစ် သူ့အဆိုအားဖြင့် ကျဉ်းမြောင်းတဲ့အမြင်နဲ့ လွဲမှားစွာ ပုံဖော်နေတာမျိုးဟာ
ပြဿနာကို ဖြေရှင်းဖို့ ပိုပြီး ခက်ခဲစေမယ်လို့ သမ္မတက သတိပေးပါတယ်။ ရခိုင်ပဋိပက္ခကို ဘယ်လိုအခြေခံတွေနဲ့ ကိုင်တွယ်ဖြေရှင်းသွားမယ် ဆိုတာကိုလည်း သမ္မတက ချပြခဲ့ပါတယ်။
 
"ရခိုင်ပဋိပက္ခကို နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေးစတဲ့ ရှုထောင့်ပေါင်းစုံကနေ အစိုးရတရပ်ရဲ့ မှန်ကန်တဲ့ ဦးဆောင်မှုပေးပြီး တိကျပြတ်သားစွာ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေး ပြောကြားလိုပါတယ်။"

သမ္မတရဲ့ပြောဆိုချက်တွေကို မူအားဖြင့် ကြိုဆိုပေမဲ့လည်း ဘ၀င်မကျတာမျိုး ရှိတယ်လို့ ပြောသူကတော့ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ NDPD ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးလှသိန်းပါ။
 
"သမ္မတကြီးရဲ့ မိန့်ခွန်းကိုတော့ ကျနော် ကြိုဆိုပါတယ်။ ဒါပေမဲ့ လက်တွေ့ အကောင်အထည်ဖော်မှုကိုတော့ ကျနော်တို့ စောင့်ကြည့်ရမှာပါပဲ။ နောက်ပြီးတော့ ဒီအထဲမှာ ရခိုင်ကိစ္စနဲ့ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဟာ
ပြည့်စုံလုံလောက်တယ်လို့ ပြောတာကတော့ ကျနော်တို့အနေနဲ့ သိပ်ဘ၀င်မကျဘူးခင်ဗျ။"
 
ကော်မရှင်ရဲ့ လေ့လာတွေ့ရှိချက်နဲ့ အကြံပြုချက်ထဲမှာ အဓိကအချက်တွေအနေနဲ့ ပါဝင်သလို သမ္မတအပါအ၀င် အများစု ထောက်ပြနေကြတာကတော့ အဆမတန် များပြားတဲ့ လူဦးရေကိစ္စနဲ့ နိုင်ငံသားဖြစ်မှု ကိစ္စတွေပါပဲ။ ဒါ့အပြင် ပင်လယ်ပြင် လုံခြုံရေးနဲ့ နယ်စပ်ဒေသ လုံခြုံရေးကိစ္စတွေ၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာတွေဟာလည်း အဓိကအချက်တွေထဲမှာ ပါဝင်ပါတယ်။
 
တရားဥပဒေ စိုးမိုးရေးကို သမ္မတရဲ့ အခွင့်အာဏာ အသုံးပြု လုပ်ဆောင်သွားမယ်လို့ သမ္မတက ပြောခဲ့သလို၊ တရားဥပဒေ စိုးမိုးရေး တာဝန်ယူလုပ်ဆောင်တဲ့ ၀န်ထမ်းတွေ အနေနဲ့လည်း ဥပဒေအရ လုပ်ဆောင်ဖို့ ညွှန်ကြား အမိန့်ပေးထားပြီးဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။
 
သမ္မတရဲ့ ပြောဆိုချက်တွေကို လက်ခံနိုင်စရာ ရှိပါတယ်လို့ဆိုပြီး နိုင်ငံသားကိစ္စမှာ အကျင့်ပျက် ခြစားမှုရှိခဲ့တာတွေကို အရေးယူ လုပ်ဆောင်ဖို့ တိုက်တွန်းသူကတော့ ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ပါ။
 
"ခြုံပြီးတော့ ပြောသွားတာပါပဲ။ အကုန်လုံးကတော့ လက်ခံနိုင်စရာပါပဲ။ ကျနော်တို့ ရခိုင်ပဋိပက္ခ ကော်မရှင်နဲ့ပတ်သက်လို့တော့ သူတို့ဘက်က လုပ်ရမယ့်ဟာတွေကို ရည်ညွှန်းတာဖြစ်မှာပေါ့။ ဒါပေမဲ့ တခုတော့ရှိတာပေါ့နော်။ ဒီအစီရင်ခံစာမှာပါတဲ့ တချို့အချက်တွေအပေါ်မှာ အလေးအနက် ထားရမှာဖြစ်သလို၊ နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်လို့ တကယ်လို့ နိုင်ငံသားဖြစ်ခဲ့ရင် နိုင်ငံသား မူလအခွင့်အရေးအရ
ပြည့်ပြည့်၀၀ ပေးရမှာဖြစ်တယ်ဆိုတာကို ကျနော်တို့ လက်ခံတယ်။ ပြီးခဲ့တဲ့ကာလတလျှောက်လုံးမှာ နိုင်ငံသားဖြစ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေရှိသလို၊ မဖြစ်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း တချို့ ငွေရေးကြေးရေးအရ လာဘ်ပေးလာဘ်ယူ လုပ်ပြီးကာမှ နိုင်ငံသား ရအောင် လုပ်ပေးတာတွေရှိတယ်။ အဲ့ဒါတွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာ အစိုးရအဖွဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ အဲ့လိုမျိုး ငွေပေးပြီးကာမှ ရခဲ့တဲ့ပုဂ္ဂိုလ်တွေ ဒါတွေကို အရေးယူပေးဖို့ လိုပါလိမ့်မယ်။"
 
ပဋိပက္ခတွင်း ဘေးဒဏ်သင့်သူတွေအတွက် ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးဆိုင်ရာတွေမှာ နိုင်ငံတကာ အကူအညီ ရယူမှာဖြစ်ပေမဲ့ နိုင်ငံတကာ အကူအညီပေး အဖွဲ့တွေအနေနဲ့လည်း ပိုရှုပ်ထွေးစေမယ့် အခြေအနေမဖြစ်အောင် သတိထားလုပ်ကြဖို့ သမ္မတက တိုက်တွန်းခဲ့ပါတယ်။
 
အရင်မူဝါဒတွေကြောင့် ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းအတွင်း ပြဿနာတွေ
ဖြစ်ရတာကို သင်ခန်းစာယူဖို့ သမ္မတက ပြောခဲ့သလို၊ ရခိုင်ပြည်နယ်တွင်းမှာ မူလရောက်ရှိနေကြတဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်သူတွေရဲ့ အခြေခံ ရပိုင်ခွင့်တွေနဲ့ အခွင့်အရေးတွေကို လက်တွေ့အကျဆုံး နည်းလမ်းတွေနဲ့ ဆောင်ရွက်ပေးသွား မှာဖြစ်ပြီး၊ ရခိုင် တိုင်းရင်းသားတွေရဲ့ ခံစားမှုနဲ့ လိုလားချက်တွေကိုလည်း လုံးဝ လျစ်လျူရှုမှာ မဟုတ်ပါဘူးလို့ သမ္မတက အလေးအနက် ပြောဆိုသွားပါတယ်။

 

မဲခေါင်သစ်တောပြုန်းတီးမှု WWF စိုးရိမ်

                          မြန်မာနိုင်ငံလည်းအပါအ၀င်ဖြစ်တဲ့ မဟာမဲခေါင်ရပ်ဝန်းဒေသမှာရှိတဲ့ အစိုးရတွေအနေနဲ့ ဒေသတွင်းမှာ ကျန်ရှိနေသေးတဲ့ သစ်တောတွေ ကာကွယ်ထိန်းသိမ်းရေးကို တိုးပြီး မလုပ်သွားဘူးဆိုရင်၊ လာမယ့် ဆယ်စုနှစ် ၂ ခုအတွင်း သစ်တောတွေ ဆက်ပြီး ပြုန်းတီးမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တယ်လို့ WWF လို့ခေါ်တဲ့ ကမ္ဘာ့ တောရိုင်းသဘာဝ စောင့်ရှောက်ရေးအဖွဲ့ရဲ့ ၂၀၁၃ ခုနှစ် မေလ ၂ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
 
အခုလို သစ်တောပြုန်းတီးမှု အန္တရာယ်ကို ကာကွယ်ဖို့ အစိုးရခေါင်းဆောင်ပိုင်းကလည်း ထိထိရောက်ရောက် ပူးပေါင်းပါဝင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံထဲမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းတွေ လုပ်နေတဲ့ FREDA အဖွဲ့အစည်းက ပြောပါတယ်။ ဒီအကြောင်း အသေးစိတ်ကိုတော့ ကိုကျော်သိင်္ခက တင်ပြထားပါတယ်။
 
မဟာမဲခေါင်ဒေသမှာ တစတစ ကြီးမားလာတဲ့ သစ်တောပြုန်းတီးမှုတွေကြောင့် လာမယ့်ဆယ်စုနှစ် ၂ ခုအတွင်းမှာဆိုရင် အဲ့ဒီဒေသတွင်းမှာ ကျန်ရှိနေသေးတဲ့ သစ်တောတွေရဲ့ ၃ ပုံ ၁ ပုံ ထပ်ပြီး ပြုန်းတီးနိုင်တယ်လို့ WWF ကမ္ဘာ့တောရိုင်းသဘာဝ စောင့်ရှောက်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ အခုလို ဖော်ပြထားတာပါ။
 
မဲခေါင်ဒေသကို သဘာဝတောရိုင်း တိရစ္ဆာန်နဲ့ ဇီဝမျိုးကွဲတွေ အများစုရှိတဲ့ဒေသအဖြစ် နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းနဲ့ ကမ္ဘာ့တောရိုင်း သဘာဝ စောင့်ရှောက်ရေးအဖွဲ့တို့က သတ်မှတ်ထားတာပါ။ မဲခေါင်ဒေသတွင်းမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နဲ့ ဗီယက်နမ် နိုင်ငံတို့ပါဝင်တာ ဖြစ်ပါတယ်။
 
WWF က အခုနောက်ဆုံး ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာတော့ အထူးသဖြင့်       မဲခေါင်မြစ်အောက်ပိုင်းတလျှောက်မှာရှိတဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နဲ့ ဗီယက်နမ် နိုင်ငံတွေက သစ်တောပြုန်းတီးမှု အခြေအနေတွေကို အဓိက ဖော်ပြထားတာပါ။ အဲ့ဒီဒေသတွေဟာ ၁၉၇၃ ခုနှစ်မှာ သစ်တော ၇၀ ရာခိုင်နှုန်းလောက် ဖုံးလွှမ်းနေခဲ့ပေမဲ့ ၂၀၀၉ ခုနှစ်မှာဆိုရင် ၂၀ ရာခိုင်နှုန်းပဲ ရှိတော့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
 
အဲ့ဒီကာလတွေအတွင်း မြန်မာနိုင်ငံမှာတော့ တနိုင်ငံလုံး သစ်တောပမာဏရဲ့ ၂၄ ရာခိုင်နှုန်း ပြုန်းတီးသွားပြီလို့ အစီရင်ခံစာက ဆိုပါတယ်။ အာဏာပိုင်တွေအနေနဲ့ သစ်ခိုးထုတ်သူတွေကို ပြတ်ပြတ်သားသား အရေးယူတာမျိုး မရှိသလို၊ မြေသိမ်း၊ ယာသိမ်းပြီး အဲ့ဒီလို သိမ်းဆည်းထားတဲ့ မြေတွေမှာ သစ်ပင် ပြန်ပြီး စိုက်ပျိုးတာတွေ မရှိတာကလည်း သစ်တောတွေ ပြုန်းတီးရတဲ့ အဓိက အကြောင်းအရင်းထဲမှာ ပါတယ်လို့ မြန်မာနိုင်ငံထဲက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး NGO အဖွဲ့အစည်းတခုဖြစ်တဲ့ FREDA ရဲ့ ဥက္ကဋ္ဌ ဦးအုန်း က ဗွီအိုအေကို ပြောပါတယ်။
 
"လူတွေရဲ့ အကျင့်စာရိတ္တကို အရင် ပြုပြင်ရမှာ။ အရေးယူစရာရှိရင်လည်း ပြတ်ပြတ်သားသား အရေးယူရမှာ။ အဲ့ဒါမှ ရပ်တန့်သွားမှာ။ ခေါင်းဆောင်လုပ်တဲ့ကောင်က သစ်ခိုးပြီး၊ ပျဉ်းကတိုးခိုးပြီးတော့ ရောင်းစားတယ်။ အာဏာရှိတဲ့သူ ပိုက်ဆံရှိတဲ့သူတွေကလည်း မြေကြီးတွေ တောင်းထားတယ်။ ဧက သောင်းနဲ့သိန်းနဲ့။ အဲ့တော့ အဲ့ဒီဟာတွေကို အပြတ်အသတ်ကို ၀န်ကြီးဌာနကရော ပြည်သူလူထုကရော အော်မှ ဒါရပ်မှာ။ သစ်တွေ ရောင်းဝယ်ခွင့်ပြုလို့ရှိရင် အခွန်တော် ဘယ်လောက်ပေးမလဲ။ ဒါတွေပါ ကြပ်မတ်ပေးရမှာ။"
 
လာမယ့် ၂၀၃၀ ခုနှစ်ကျရင် မဲခေါင်ရပ်ဝန်းဒေသအတွင်း သဘာဝပတ်ဝန်းကျင်နဲ့ သားရိုင်းတိရစ္ဆာန်တို့ရဲ့ ဂေဟစနစ် ထိခိုက်ပျက်စီးနိုင်တဲ့ အရေးနဲ့ပတ်သက်ပြီး ကမ္ဘာ့တောရိုင်း သဘာဝ စောင့်ရှောက်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ နှစ်ပိုင်းခွဲပြီး ခန့်မှန်းတွက်ချက်ထားပါတယ်။
 
ပထမတခုကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း လေ့လာခဲ့တဲ့ အချက်အလက် တွေအရ သစ်တောတွေ အဆမတန် ခုတ်လှဲနေတာတွေနဲ့ ၂၀၃၀ ခုနှစ်မှာ သစ်တော ပြုန်းတီးမှု အခြေအနေနဲ့ ပက်သက်ပြီး ခန့်မှန်းတွက်ချက်ထားတာပါ။ ဒုတိယ တခုကတော့ အခုလို သစ်တောတွေ အဆမတန် ခုတ်လှဲနေတာတွေကို ဆင်ဆင်ခြင်ခြင် လုပ်မယ်ဆိုရင်တော့ ၂၀၃၀ ခုနှစ်မှာ သစ်တောပြုန်းတီးမှုရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို ပြန်ပြီး အဖတ်ဆယ်နိုင်မယ်ဆိုပြီး ခန့်မှန်းတွက်ချက်ထားတာ ဖြစ်ပါတယ်။
 
မြန်မာနိုင်ငံထဲမှာတော့ အခုလို သစ်တောတွေ အဆမတန် ခုတ်လှဲနေတာတွေက အစိုးရနဲ့ ကန်ထရိုက် ယူထားသူတွေနဲ့ အစိုးရပိုင်းကိုယ်တိုင်က ပါဝင်ပတ်သက်နေတာ ဖြစ်တဲ့အကြောင်းနဲ့ သစ်တောပြုန်းတီးမှုတွေ မဖြစ်အောင် အစိုးရက ပြည်သူတွေနဲ့ လက်တွဲလုပ်ဆောင်မှ အောင်မြင်နိုင်မယ်လို့လည်း FREDA ရဲ့ ဥက္ကဌ ဦးအုန်းက ပြောပါတယ်။
 
"ဒါတွေလုပ်နေကြတဲ့ အဖွဲ့ကလည်း အစိုးရနဲ့ သစ်ကုန်သည်တွေ လုပ်နေတာ။ ပြည်သူလူထုအတွက် မပါဘူး။ ပြည်သူလူထုအတွက်ကို အစိုးရက စဉ်းစားပြီးတော့ ပြည်သူလူထုနဲ့ ဒိုးတူဘောင်ဘက် တောတွေ ပြန်သိမ်း ရင်တော့ အောင်မြင်ပါလိမ့်မယ်လို့ ကျနော်ပြောချင်ပါတယ်။"
 
WWF ကမ္ဘာ့တောရိုင်း သဘာဝ စောင့်ရှောက်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ လာမယ့်အနှစ် ၅၀ အတွင်း မဲခေါင်ဒေသမှာ သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ပျက်စီးနိုင်ကြောင်း ထောက်ပြပြောဆိုထားပေမဲ့လည်း၊ ဒေသတွင်းမှာ သဘာဝသံယံဇာတကြွယ်ဝမှုတွေက ဆက်ပြီးရှိနေဆဲဖြစ်ကြောင်းနဲ့ ကမ္ဘာပေါ်မှာ အစားအသောက်၊ ရေ နဲ့ အပင်ကနေထွက်တဲ့ လူ့အသုံးအဆောင် ပစ္စည်းတွေ ထုတ်လုပ်မှုနှုန်း အမြင့်ဆုံး ဒေသထဲမှာ မဟာမဲခေါင်ဒေသလည်း ဆက်ပြီး ပါဝင်နေဆဲဖြစ်တဲ့အကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်

ကလောမြေပြိုမှု သေဆုံးသူဦးရေ နှစ်ဆကျော်နိုင်

ကလောမြို့နယ် ရွှေတွင်းရေကြီးမှုကြောင့် သေဆုံးသူ ဦးရေဟာ နောက်ဆုံးရရှိတဲ့ သတင်းတွေအရ အနည်းဆုံး ၁၈ ဦးထိ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာပေမဲ့ တကယ်တမ်း သေဆုံးသူဟာ ဒီထက်မက များနိုင်ကြောင်း ဒေသခံတွေက ပြောပါ တယ်။ လောလောဆယ်မှာတော့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူတွေ ကို ရွှေတူးဖော်ရာ လုပ်ကွက်အတွင်းကို ၀င်ခွင့်မပေးတာကြောင့် အတိအကျ သတင်းရရှိဖို့လည်း အခက်အခဲတွေ ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကို ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က စုံစမ်းပြီး သတင်းပေးပို့ထားပါတယ်။
 
မေလ ၁ ရက်နေ့ သန်းခေါင်ချိန်လောက်မှာ မိုးများပြီး ရေကြီးခဲ့တာကြောင့် ကလောမြို့နယ် ရွှေတောင်ကြား ရွှေတူးဖော်ရေး လုပ်ကွက်မှာ ရွှေတူးဖော်ရေး လုပ်သားအနည်းဆုံး ၁၈ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံ ကူညီကယ်ဆယ်ရေး လုပ်ဆောင်သူတွေက ပြောပါတယ်။
 
"၁၆ ဦးက ကျနော်တို့ ကလောမြို့နယ်တွင်းမှာ သေဆုံးသူပေါ့ ၁၆ ဦး။ အဲ့ဒါပဲ ကျနော်တို့ ရထားတယ်ခင်ဗျ။ ဒါပေမဲ့ ကြားထဲမှာ ၂ ဦးကျန်သေးတယ်ဆိုတော့ ၂ ဦးက ဒီဘက်ကို မသယ်လာတော့ဘူး။ ၂ ဦးကို ဟိုမှာပဲ သင်္ဂြိုဟ်မယ်ဆိုတဲ့ အနေအထားမျိုး။ ဘာလို့လဲဆိုတော့ ရက်က အတော်ကြာသွားပြီလေ။ ၁ ရက်နေ့ကတည်းက ဖြစ်တာဆိုတော့ ဒီဘက်သယ်လာဖို့က အခက်အခဲ ဖြစ်နေတယ် အဲ့ဒါကြောင့်။"
 
ဒါကတော့ ကလောမြို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ဦးသိန်းဇော် ပြောသွားတာဖြစ်ပါတယ်။ ဒဏ်ရာရသူကတော့ ကလောဆေးရုံမှာ ၃ ယောက်နဲ့ တောင်ကြီးဆေးရုံမှာ ၄ ယောက် ရှိတယ်လို့ ပြောပါတယ်။
 
လောလောဆယ်မှာ သေဆုံးသူ စုစုပေါင်း ၁၈ ယောက်သာ စာရင်းရရှိပေမဲ့ အမှန်တကယ် သေဆုံးသူဟာ ၄၀၊ ၅၀ လောက်ရှိမယ်လို့ ဒေသခံတွေက ခန့်မှန်းနေကြောင်း ဦးသိန်းဇော် က အခုလို ဆက်ပြောပါတယ်။
 
"ဒီက လုပ်ကွက်မှာ လုပ်သားအားလုံး ၄ သောင်းကျော်လောက်ရှိပါတယ်။ အဲ့တော့ ရေကြီးမှုဖြစ်သွားတဲ့အချိန်မှာ ရွာသားတွေ ပြောတာက တကျင်း တကျင်းကို ဆင်းနေတဲ့ လုပ်သားတွေက ၁၀ ဦးရှိတယ်။ ၁၅ ဦးရှိတယ်။ ညဘက် ဆင်းနေတဲ့ဟာတွေလည်း ရှိတယ်။ ကျင်းတော်တော်များများက ထိသွားတာကိုး။ ရွာသားတွေ အပြောအရက အနည်းဆုံး ၄၀၊ ၅၀ လောက်ရှိမယ်။ ကျနော်တို့က အခုက စုံစမ်းလို့လည်း မရဘူးဗျာ။"
 
သေဆုံးသူစာရင်းဟာ ကလောမြို့နယ်အတွင်း သယ်ယူလာတဲ့ စာရင်းပဲဖြစ်ပြီး သာစည်မြို့နယ်ဘက်က ရွှေတူးဖော်ရေး လုပ်ကွက်က သေဆုံးမှုစာရင်းကိုတော့ မသိရသေးကြောင်းနဲ့ ရေနစ်မြုပ်ခဲ့တဲ့ ရွှေတူးဖော်ရေး လုပ်ကွက်အတွင်းကို ပြင်ပက ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူတွေနဲ့ သတင်းမီဒီယာအဖွဲ့တွေကို ကုမ္ပဏီ အာဏာပိုင်တွေက ၀င်ရောက်ခွင့် မပေးကြောင်း ဦးသိန်းဇော် က ပြောပါတယ်။
 
အခြားဒေသခံ ကူညီရေးဆောင်ရွက်သူတယောက်လည်း သေဆုံးသူဦးရေကို အခုလို ခန့်မှန်းပါတယ်။
 
"အာရှကမ္ဘာမြေကုမ္ပဏီ လက်အောက်က ရွှေတောင်ကြားလုပ်ကွက်ထဲမှာ အင်းပေါင်း ၂၃ အင်းရှိတယ်။ အဲ့ဒီနေ့က အင်းပေါင်း ၂၃ အင်းမှာ မတော်တဆ ထိခိုက်မှုဖြစ်သွားပြီးတော့ ၄ အင်းကတော့ ကယ်ဆယ်တော့ လုံးဝ လွတ်တယ်ပေါ့နော်။ ကျန်တဲ့အင်းတွေကတော့ အဲ့လိုမျိုး နွံတွေ၊ သဲတွေ အကုန်ပြည့်သွားတယ်ဆိုတော့ အဲ့ဒီအချိန်မှာ အကုန်လုံး အလုပ်လုပ်နေတယ်ဆိုရင် အဲ့ဒီအင်းထဲမှာရှိတဲ့သူ အကုန်လုံးကတော့ လစ်မှာပဲဗျ။ အဲ့လိုမျိုး။ ဖြစ်တာက သူတို့ ည ၁ နာရီခွဲနဲ့ ၂ နာရီကြားထဲမှာ ဖြစ်တာဆိုတော့ အဲ့ဒီအချိန်က အလုပ်လုပ်နေတဲ့ အချိန်ကြီးဗျ။ အလုပ်လုပ်နေတဲ့ အချိန်ကြီးမှာ ၂၃ အင်းရှိတဲ့အထဲမှာ ၄ အင်း လွတ်တယ်ဆိုတော့ ၁၉ အင်းပေါ့ဗျာ။ ၁၉ အင်း၊ တကျင်းကို ၁၀ ယောက်နှုန်းနဲ့ပဲ တွက်ပါဦး။ အနည်းဆုံးတော့ ၁၀၀ ကျော်မှာပေါ့ အဲ့လိုမျိုး။"
 
သူပြောတဲ့ အင်း ဆိုတာကတော့ ရွှေတွင်းတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ကလောမြို့နယ်အတွင်းက ရွှေတွင်းတွေဟာ အနည်းဆုံး ပေ ၃၀၀ ကျော်လောက် နက်ပြီး မြေအောက်မှာ လှိုင်ခေါင်းတွေနဲ့ ရွှေတူးဖော်နေတာ ဖြစ်ပါတယ်။ ဒီတွင်းထဲကို ဆင်းပြီး ရွှေတူးမယ်ဆိုရင် မြေပြင်ပေါ်က အောက်ဆီဂျင် ရယူပြီးမှသာ လုပ်ကိုင်နိုင်တာ ဖြစ်ပါတယ်။
 
ရွှေတွင်းလုပ်ငန်းမှာ လုပ်ကိုင်သူအများစုဟာ ဒေသခံ ကလောနယ်သားတွေထက် မြန်မာပြည်အလယ်ပိုင်းဒေသက လာရောက် လုပ်ကိုင်သူတွေက အများစုဖြစ်ပါတယ်။ ဒါကြောင့် ပျောက်ဆုံးသူစာရင်း ရယူဖို့ အခက်အခဲရှိတာ ဖြစ်တယ်လို့ ဒေသခံကူညီသူတွေက ပြောပါတယ်။
 
ကလောမြို့နယ်အတွင်းက ရွှေတောင်ကြား ရွှေတူးဖော်ရေးလုပ်ကွက်ဟာ ရှေးယခင်ခေတ်ကတည်းက တပိုင်တနိုင် တူးဖော်ထုတ်လုပ်ခဲ့တာဖြစ်ပြီး၊ အခုလို ရွှေတူးဖော်ရေး ကုမ္ပဏီတွေက အင်နဲ့အားနဲ့ လုပ်ကိုင်လာတာတော့ တနှစ်ကျော်ကျော်သာ ရှိသေးတာ ဖြစ်ပါတယ်။

 

ဆယ်စုနှစ်များအတွင်း အင်းလေးဒေသ၏ သဘာဝပတ်ဝန်းကျင်၌ အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများဆို


5.5.6
ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ရှမ်းပြည်နယ် အင်းလေးဒေသရှိ သဘာဝပတ်ဝန်းကျင်တွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်ကာ ယိုယွင်းမှုများ ရှိခဲ့ကြောင်း ဒေသခံများက ပြောကြားခဲ့ကြသည်။

အင်းလေးကန်သည် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် တည်ရှိပြီး အင်းလေးဒေသတွင် ကျေးရွာအုပ်စု ၅၀ ကျော်၊ ကျေးရွာပေါင်း ၄၀၀ ကျော် တည်ရှိသည်။

အဆိုပါဒေသသည် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း သဘာဝ ပတ်ဝန်းကျင် အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ရာတွင် သစ်တောပြုန်းတီးမှု၊ ရေပြင်ညစ်ညမ်းခြင်း မြင့်တက်လာမှု၊ ရေပြင်ဧရိယာ ကျဉ်းမြောင်းလာမှု၊ ရေအနက် ယခင်ကထက် လျော့လာမှု၊ ယခုနောက်ပိုင်း ကြုံတွေ့ရသည့် ပူပြင်းခြောက်သွေ့ချိန်တွင် ရေအ၀င်နည်းပါးမှု စသည်တို့ ဖြစ်ကြောင်း သိရှိရသည်။

''ရေပြင် ဧရိယာက အလျားလိုက်လည်း ကျဉ်းမြောင်းသွားသလို အနံလိုက်လည်း ကျဉ်းမြောင်းသွားပါတယ်'' ဟု အင်းသားစာပေ ယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေး အသင်းမှ အမှုဆောင် စိုက်ပျိုးရေး ပညာရှင် ဦးသာဒိုးက ပြောပြသည်။

အင်းလေးကန်သည် ၁၉၃၄ ခုနှစ်တွင် ကန်အကျယ်အ၀န်း ၁၀၄ စတုရန်းမိုင်ရှိပြီး ၂၀၀၅ ခုနှစ်တွင် အကျယ်အ၀န်း ၈၇ ဒသမ ၅၄ စတုရန်းမိုင် ရှိခဲ့သည်။

ယခုအခါ ပြန်လည်တိုင်းတာ ချက်အရ ဧရိယာ ၆၃ စတုရန်းမိုင်သာ ကျန်ရှိတော့ကြောင်း ရှမ်းပြည်နယ်(တောင်ပိုင်း) ဆည်မြောင်း ဦးစီးဌာန၏ အင်းလေးကန်နှင့် မိုင်၂၀ ၀န်းကျင် စိမ်းလန်းစိုပြည်ရေး သစ်တော၊ ရေ၊ မြေ၊ သားငှက်၊ တိရစ္ဆာန် ကာကွယ် ထိန်းသိမ်းရေး စီမံကိန်းလုပ်ငန်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အင်းလေးဒေသတွင် ကန်အကျယ်အ၀န်း ပြောင်းလဲခဲ့သည် သာမက ရေတည်ရှိမှုပိုင်းတွင်လည်း အပြောင်းအလဲများ ရှိခဲ့ကြောင်း ဒေသခံများက ဆိုပါသည်။

အာဆီယံ အမွေအနှစ်ဥယျာဉ် ဖြစ်သည့် အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း ပါဝင်သော အင်းလေးကန်သည် ယခင်က ယင်း၏ အောက်ဘက်ရှိ စံကားအင်း၊ မိုးဗြဲဆည် စသည်တို့၌ ရေခန်းချိန်များတွင်ပင် ရေနည်းပါးမှုမျိုး မရှိခဲ့ကြောင်း၊ ၁၉၉၉ ခုနှစ်က စံကားအင်း ရေခန်းခြောက်ချိန်တွင်ပင် အင်းလေးကန်တွင် ရေအပြည့် ရှိနေခဲ့ကြောင်း သိရှိရသည်။

''အင်းလေးက အဲဒီအချိန်မှာ ရေအပြည့်ပဲ။ ၂၀၁၀ ကျတော့ အင်းလေးက လုံးဝရေကုန်သွားတယ်။ ဟိုဘက်မှာကတော့ ရေက ပေါနေတယ်။ ခုလည်း ဒီအတိုင်း ဖြစ်နေပြီ။ အဲဒါက အပေါ်ဆုံးကန်က ရေကို စီးထွက်နှုန်း တအားများအောင် လုပ်ပစ်လိုက်လို့။ မဆည် ထားတဲ့သဘော'' ဟု စိုက်ပျိုးရေး ပညာရှင် ဦးသာဒိုးက ပြောကြားသည်။

''၂၀၁၀ တုန်းက ရေတော်တော် ခန်းသွားတော့ ရွာထဲကို ဧည့်သည်လာအောင် ရေလမ်းဖောက်ပေးရတယ်။ ကိုယ့်ခြံထဲလည်း ဖောက်ရတယ်။ အခုလည်း ခြံထဲမှာ ဧည့်သည်တွေ ၀င်နိုင်အောင် နေ့တိုင်း ရေလမ်းဖောက်နေရတယ်''ဟု အင်းပေါခုံကျေးရွာ ခေတ်ဆန်းယဉ်ကြာ၊ ပိုးနှင့် ချည်ရက်ကန်းရုံမှ ဦးအေးမောင်က ပြောပြသည်။

အင်းလေးဒေသသည် ၂၀၁၀ ပြည့်နှစ် ဧပြီလကုန် မေလအတွင်းက နှစ်စဉ်နှင့် မတူဘဲ စံချိန်တင် ရေကျဆင်းခဲ့ပြီး အချို့သော ကျေးရွာများမှာ စက်လှေဖြင့် ယခင်ကဲ့သို့ ရွာအရောက် သွားလာနိုင်ခြင်း မရှိခဲ့ဘဲ လူမှုစီးပွားရေးအပေါ် သက်ရောက်မှုလည်း များစွာရှိခဲ့သည်။

''ကျွန်မတို့ ငယ်ငယ်တုန်းက ရေပေါ်ဈေးဆို ကိုယ်ကလည်း ရေပေါ်ကပဲ ၀ယ်တယ်။ ဈေးသည်ကလည်း ရေပေါ်ကပဲ ရောင်းတယ်။ အဲဒါကိုက ပျော်စရာကောင်းတယ်။ အခု နောက်ပိုင်းတော့ ရေခန်းသွားတော့ ရေပေါ်ဈေးလည်း ကုန်းပေါ်ရောက်သွားတယ်။ ကျွန်မတို့လည်း လမ်းလျှောက်ပြီး ဈေးဝယ်ရတယ်။ ငယ်တုန်းက အချိန်တွေကိုတော့ တော်တော်လွမ်းပါတယ်'' ဟု ရေပေါ်ဈေး တည်ရှိသည့် ဟဲယာရွာမမှ ဒေါ်သန်းခင်က ပြောပါသည်။

အင်းလေးဒေသသို့ စီးဝင်သော ချောင်းအရေအတွက်သည် ၂၉ ခုရှိပြီး ရေဆင်းဧရိယာမှာ ၁၄၄၂ စတုရန်းမိုင်ဖြစ်သည်။ အင်းလေးကန်အတွင်းသို့ အဓိက စီးဝင်သော ချောင်းများမှာ နမ့်လတ်ချောင်း၊ နယ်ခြားချောင်း၊ ကလောချောင်း၊ ဘီလူးချောင်းတို့ ဖြစ်သည်။

ပြီးခဲ့သည့်နှစ်အတွင်း အင်းလေးကန်၏ ရေဝေရေလဲ ဧရိယာအတွင်း ပါဝင်သော ညောင်ရွှေမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်၊ ပင်းတယမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ဖယ်ခုံမြို့နယ်တို့တွင် မိုးရေချိန်ရရှိမှု နည်းပါးခဲ့သည်။

ယင်းအနက် ညောင်ရွှေမြို့နယ်၊ ရပ်စောက်မြို့နယ်နှင့် ဖယ်ခုံ မြို့နယ်တို့အတွင်း မိုးရရှိမှုသည် အင်းလေးကန်တွင် စံချိန်တင် ရေကျဆင်းခဲ့သည့် ၂၀၁၀ ပြည့်နှစ်က ထက်ပင် ၂၀၁၂ ခုနှစ်၌ မိုးရွာသွန်းမှု နည်းပါးခဲ့သည်။

မိုးနည်းပါးခြင်း၊ သစ်တော ပြုန်းတီးခြင်းနှင့် ဆက်စပ်ကာ မြေဆီလွှာ တိုက်စားပို့ချခြင်း၊ အနည် အနှစ် ကျဆင်းမှု များပြားလာခြင်း စသည့် အကြောင်းအချက်များသည် အင်းလေးကန် အတွင်းသို့ စီးဝင်သော ချောင်းများတွင် ရေနည်းပါးမှုကို အဓိက ဖြစ်ပေါ်စေခဲ့သည်။

လက်ရှိတွင် ကန်မကြီးအတွင်း ရေတည်ရှိမှု အပြောင်းအလဲ မသိသာသေးဘဲ ယင်းသို့ စီးဝင်သော ချောင်းအများစုတွင်မူ ရေနည်းပါးမှုကို ကြုံတွေ့နေရခြင်း ဖြစ်သည်။

''အခုအင်းထဲမှာ ရေခန်းနေတဲ့ ရွာတွေ အများကြီး။ သုံးရေ ခက်တယ်။ သောက်ရေ ခက်တယ်။ ခက်တဲ့အပြင်ကို ရေက အခုစမ်းရေ ထွက်တွေမှာ သွားယူတယ်။ ပြန်လာရင် ကိုယ့်အိမ်ကို သယ်ဖို့ လမ်းမရှိဘူး။ ရေလမ်း မဟုတ်တော့ဘူးလေ၊ ဗွက်လမ်းဖြစ်နေတော့။ အများကြီးပဲ။ ပျက်သုဉ်းတာကတော့။ နောက် သစ်တော။ ဒီနေ့ကြည့်လိုက်ရင် ဒီအပင် ဒီတစ်ကွက် မြင်သေးတယ်။ နောက်ရက် မရှိတော့ဘူး။ ပတ်ဝန်းကျင် ပျက်သုဉ်းမှုကတော့ တစ်နေ့တစ်မျိုးပဲ'' ဟု ဦးသာဒိုးက ပြောကြားသည်။

''ကျွန်တော်တို့ ငယ်တုန်းက ပတ်ဝန်းကျင်နဲ့ အခုပတ်ဝန်းကျင်က အများကြီး ကွာသွားပြီ။ အရင်က အိမ်နားနီး ခပ်ရင်တောင် သောက်ရေက သောက်လို့ရတယ်။ အခုတော့ သောက်သုံးလို့ မရတော့ဘူး။ အင်းပြင်မှာခပ်တောင် မရတော့ဘူး ခုက။ အရင်တုန်းက ရွာထဲမှာ လှေနဲ့ပဲ သွားလို့ရတယ်။ အခုဆိုရင် လမ်းလျှောက်သွားနေရပြီ'' ဟု နန်းပန်ရေလယ်ရပ်မှ ဦးကျော်မိုးက ပြောပြသည်။

အင်းလေးဒေသတွင် သစ်တောပြုန်းတီးမှုလည်း မြင့်တက်လာနေပြီး သဘာဝပတ်ဝန်းကျင် အနေအထားသည် နှစ်ပိုင်းအတွင်းတွင်ပင် အပြောင်းအလဲ မြန်ဆန်စွာ ဖြစ်ပေါ်နေသည်ဟု ဒေသခံများက ဆိုသည်။

အင်းလေးဒေသ ထိန်းသိမ်းရေးအတွက် ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများမှာ အင်းလေးကန် သဘာဝထိန်းသိမ်းရေး နယ်မြေများမှ အခြားမြေ အသုံးချမှုသို့ ပြောင်းလဲအသုံးပြုရန် နည်းလမ်း အမျိုးမျိုးဖြင့် ဆောင်ရွက်လာကြခြင်း၊ ဥပမာ လူနေအိမ် များပြားလာမှု၊ စိုက်ပျိုးမြေများ တိုးချဲ့လာမှု၊ ဟိုတယ်နှင့် စားသောက်ဆိုင်များ များပြားလာမှု၊ ဘေးမဲ့တောအတွင်း ငါးလုပ်ငန်း ဦးစီးဌာနမှ တရားဝင် ငါးဖမ်းလိုင်စင်များ ချထားမှုကြောင့် ဒေသခံတို့၏ ရေရှည်အသုံးချနိုင်မှု အတွက် ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အခက်အခဲရှိခြင်း၊ အင်းလေးကန်တွင်း ရေအရည်အသွေး ကျဆင်းစေသည့် ဖြစ်စဉ်များ တိုးမြှင့်လာခြင်း စသည်တို့ ဖြစ်သည်ဟု သိရှိရသည်။

ခရီးသွား စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးလာ၍ ၀င်ရောက်ရင်းနှီး မြှုပ်နှံလိုသူ များပြားလာသည့် အတွက်လည်း ကန်၏ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးမှု ထိန်းညှိနိုင်ခြင်း မရှိမည်ကို ဒေသခံများက စိုးရိမ်မှု ရှိနေသည်။

အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ၁၉၈၅ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။ အရှေ့တောင်အာရှရှိ အကြီးဆုံး ရေတိမ်ဒေသများတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး ဇီဝမျိုးစုံ မျိုးကွဲကြွယ်ဝသော ဒေသလည်း ဖြစ်သည်။ ဧရိယာ အကျယ်အ၀န်း အားဖြင့် ၂၄၇ ဒသမ ၄၅၃ စတုရန်းမိုင် ကျယ်ဝန်းပြီး ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၂၉၅၀ တွင် တည်ရှိသည်။

အင်းလေးကန်နှင့် အင်းလေးဒေသ

- အင်းလေးကန်သည် မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး အင်းအိုင်ဖြစ်သည်။

- ဘီလူးချောင်းသည် အင်းလေးကန်မှ စီးဆင်းသွားသော ချောင်းဖြစ်သည်။ အင်းလေးကန်သည် လောပိတ ရေအားလျှပ်စစ် စက်ရုံအတွက် အရေးပါသော ရေအရင်းအမြစ်ဖြစ်သည်။

- အင်းလေး၏ မူရင်းအမည်မှာ အင်းလေးရွာ (သို့မဟုတ်) အင်း (၄) ရွာ ဖြစ်သည်။ အင်းလေးဒေသရှိ နမ့်ပန်ရွာစု၊ ၀မ်လုံ(ခေါ်)ရွာကြီးဗန်းပုံစု၊ နောင်တော(ခေါ်)နောင်တောင်းစု၊ ဟိုင်းယ(ခေါ်)ဟဲယာရွာမစု ဟူသော ကျေးရွာအုပ်စု(၄)စုကို စုပေါင်းခေါ်ဆိုထားခြင်း ဖြစ်သည်။

- အင်းသားလူမျိုးတို့ အဓိက နေထိုင်သည်။ တောင်ရိုး၊ ဓနု၊ ရှမ်း၊ ပအို့ဝ်တိုင်းရင်းသားများလည်း နေထိုင်ကြသည်။

- ကျေးရွာအုပ်စု ၅၀ ကျော်၊ ရွာပေါင်း ၄၀၀ ကျော်ရှိသည်။

- အဓိက စီးပွားရေးမှာ စိုက်ပျိုးရေး လုပ်ငန်းဖြစ်သည်။ ကျွန်းမျောများပေါ်တွင် လုပ်ကိုင်သည့် ရေခြံစိုက်ပျိုးရေး လုပ်ငန်းကို မြန်မာနိုင်ငံ၌ အင်းလေးဒေသတွင်သာ တွေ့ရမည် ဖြစ်သည်။

- အခြားစီးပွားရေး လုပ်ငန်းများမှာ ငါးလုပ်ငန်း၊ ရက်ကန်းလုပ်ငန်း၊ ပန်းပဲလုပ်ငန်း၊ ပန်းထိမ်လုပ်ငန်း စသည်တို့ ဖြစ်သည်။

 

ဦးပိန်တံတားမှ ကျွန်းတိုင်များ ပျက်စီးယိုယွင်းမှု ပိုမိုများပြားလာ၍ အန္တရာယ်စိုးရိမ်ရ


upainbridge-may5

ဦးပိန်တံတား အောက်ခြေရှိ ပျက်ယွင်းနေသော ကျွန်းတိုင်များအား ဧပြီ  ၂၉  ရက်က တွေ့ရစဉ်

မန္တလေးမြို့၏ အထင်ကရ နေရာတစ်ခုဖြစ်သော ဦးပိန်တံတား ကျွန်းတိုင်များ ပျက်စီးမှုကို သိသာစွာ မြင်တွေ့လာရသည်။

နှစ်ပေါင်း ၁၆၀ ကျော်လာသည်နှင့်အမျှ ရာသီဥတုဒဏ်တို့ကြောင့် တံတား၏ ခံနိုင်ရည်အားမှာ လျော့နည်းလာခဲ့ပြီး တံတားကြမ်းခင်းနှင့် အောက်ခြေတိုင်များ ဆွေးမြည့်ပျက်ထွက် နေသည်များကို တောင်သမန်အင်း ရေကျချိန်၌ မြင်တွေ့လာရသည်။

"ဦးပိန်တံတားကို ပြည်တွင်းပြည်ပ ခရီးသွားတွေ နေ့စဉ်လိုလို လာရောက်လည်ပတ်ကြတယ်။ အခုလို အင်းရေကျချိန်ဆို တံတားတိုင်ခြေတွေ ဆွေးမြည့်ပျက်ထွက်နေတာတွေက သိသာလွန်းတယ်။ ကမ္ဘာလှည့် ခရီးသွား တချို့ဆိုရင် ပျက်ထွက်နေတဲ့ တိုင်တွေကို မှတ်တမ်းတင် ဓာတ်ပုံတွေ ရိုက်ယူသွားကြတယ်" ဟု တောင်သမန်ကျေးရွာရှိ ဒေသခံတစ်ဦးက ပြောကြားသည်။

ဦးပိန်တံတားကို မြန်မာသက္ကရာဇ် ၁၂၁၁ ခုနှစ် (ခရစ်နှစ် ၁၈၄၉ ခု) ပုဂံမင်း လက်ထက်တွင် အမရပူရမြို့ဝန် ဘိုင်ဆပ်၏ စာရေးဦးပိန်က အင်းဝနှင့် စစ်ကိုင်းမြို့ဟောင်းများမှ နန်းတော်တိုင်များကို အသုံးပြု၍ ဆောက်လုပ်ခဲ့ပြီး တံတား၏ အရှည်မှာ ၃၉၆၇ ပေ၊ အခန်းပေါင်း ၄၂၀၊ မြေပြင်အထက် ၁၂ ပေမြင့်ကာ ကျွန်းတိုင်လုံးပေါင်း ၁၀၈၆ တိုင်ရှိကြောင်း သိရသည်။ ဦးပိန်တံတားမှာ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့အရှည်ဆုံး သစ်သားတံတားဟု တင်စားခံထားရမှုကြောင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လာရောက်လေ့လာလျက် ရှိသည်။

ဦးပိန်တံတားကြီးသည် ရေလွှမ်းမိုးမှုဒဏ်ကို လေးကြိမ်ခန့် ခံစားခဲ့ရပြီး ၂၀၀၄ တွင် ရေလွှမ်းမိုးမှုဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရပြီး တံတားအခန်း ၁၀ ခန်းခန့် ပျက်စီးခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ် သင်္ကြန်အတက်နေ့တွင် လူအသွားအလာ များပြားမှုကြောင့် အခန်းနှစ်ခန်း ပြိုကျပျက်စီးခဲ့ဖူးကြောင်း သိရှိရသည်။

 

ပခုက္ကူမြို့တွင် မိုးခေါင်မှုကြောင့် ရပ်ကွက်အချို့၌ လွန်ဆွဲပွဲများ ပြုလုပ်ပြီး နာရီပိုင်းအကြာ၌ မိုးရွာသွန်းခဲ့


5.4.1

ပခုက္ကူမြို့ အမှတ်(၁)ရပ်ကွက် မိုးရွာသွန်းစေရန်အတွက် လွန်ဆွဲပွဲများပြုလုပ်နေစဉ်

ပခုက္ကူမြို့တွင် မေလတွင်းသို့ ရောက် ရှိလာပြီ ဖြစ်သော်လည်း မိုးရွာသွန်းမှု မရှိခြင်းကြောင့် ၂၀၁၃၊ မေ ၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်၌ မိုးရွာသွန်းစေရန် လွန်ဆွဲပွဲများ ပြုလုပ်ပြီး နာရီပိုင်းအကြာ မိနစ် ၃၀ ခန့် မိုးပြန်လည် ရွာသွန်းခဲ့ကြောင်း သတင်းရရှိသည်။

မိုးရွာသွန်းမှုနှင့်အတူ လေပြင်းအနည်းငယ် တိုက်ခတ်ခဲ့ခြင်းကြောင့် မဲဇလီပင်၊ ဗာဒံပင်နှင့် ကုက္ကိုပင်များမှ သစ်ကိုင်းများမှာ လျှပ်စစ်ကြိုးများပေါ်သို့ ကျိုးကျခဲ့သည့်အတွက် လျှပ်စစ်မီးများ ပြတ်တောက်မှုများသာ ဖြစ်ပေါ်ခဲ့ပြီး နေအိမ်နှင့်လူများ ထိခိုက်ပျက်စီးမှု မရှိကြောင်း၊ သက်တမ်းရင့် သစ်ပင်ကြီးများလည်း လဲကျမှု မရှိကြောင်း သိရှိရသည်။ ''မိုးခေါင်တဲ့နှစ်တိုင်း အစ်မတို့ ရပ်ကွက်မှာ လွန်ဆွဲပွဲ အမြဲတမ်း လုပ်ဖြစ်တယ်။ ရိုးရာယုံကြည်မှုအရ မိုးပြန်ရွာအောင် လုပ်တာပါ။ အုံးပွဲ၊ ငှက်ပျောပွဲတွေနဲ့ လူကြီး၊ ကလေး အားလုံးပါဝင်ပြီး လွန်ဆွဲကြတယ်'' ဟု လွန်ဆွဲပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ အမျိုးသမီးတစ်ဦးက ပြောသည်။


မိုးကခုထိ တစ်ကြိမ်ပဲ ရွာသေးတယ်။ ရွာတဲ့မိုးကလည်း ရေသိပ်မပါတော့ နေတအား ပူထားတဲ့အတွက် စိုက်လို့ပျိုးလို့ မရသေးဘူး။ ခုချိန်စိုက်လိုက်ရင် အပင်တွေက သေတာများတယ်။ နောက်တစ်မိုးလောက် များများရွာမှ စိုက်လို့အဆင်ပြေမယ်။ ခုလ (မေလ) ထဲမှာပဲ တစ်ကြိမ်လောက်ရွာရင် အဆင်ပြေပါတယ်။ မိုးထပ်မရွာဘူး ဆိုရင်တော့ တောင်သူတွေမှာ ပဲနောက်စိုက်လို့ မမီဘဲ နှမ်းလောက်ပဲ စိုက်နိုင်တော့မယ်..


''မိုးမရွာတာ အတော်ကြာပြီ၊ ခုမှ ပြန်ရွာတာ။ ရွာချိန်က သိပ်မကြာ လိုက်ပေမယ့် ရေကအတော်လေးပါတယ်။ လေလည်းနည်းနည်း တိုက်လိုက်တော့ သစ်ကိုင်းဆတ်တဲ့အပင်က သစ်ကိုင်းတွေ ကျိုးကျတာတော့ရှိတယ်။ သက်တမ်းရင့် သစ်ပင်ကြီးတွေ အပင်လိုက် လဲကျတာတော့ မရှိပါဘူး။ လောလောဆယ် လျှပ်စစ်မီးတော့ ပြတ်သွားတယ်။ မီးကြိုးတွေပေါ် ကျိုးကျနေတဲ့ သစ်ကိုင်းတွေကိုတော့ သက်ဆိုင်ရာက လိုက်ရှင်းနေတာတွေ့တယ်။ လျှပ်စစ်မီးကတော့ မိုးစရွာကတည်းက ပျက်သွားတာ ဒီနေ့(၃.၅.၂၀၁၃နေ့) နေ့လည်ထိအောင် မလာသေးဘူး။ အပူဒဏ်ခဏတော့ သက်သာသွားတာပေါ့'' ဟု ပခုက္ကူမြို့ခံ ကိုဇော်ဝင်းသန်းက ပြောသည်။

5.4.2

လွန်ဆွဲပွဲပြုလုပ်ပြီး နာရီပိုင်းအကြာ၌   မိုးရွာသွန်းခဲ့သည်ကို တွေ့ရစဉ်

ပခုက္ကူမြို့တွင် ဧပြီလပထမပတ်မှစ၍ နေ့အပူချိန်များ သိသိသာသာ မြင့်တက်ခဲ့ပြီး အချို့ရက်များ၏ အမြင့်ဆုံး အပူချိန်များမှာ ၄၄ ဒီဂရီ စင်တီဂရိတ်ထိ မြင့်တက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ မိုးပြန်လည် ရွာသွန်းခဲ့သည့်အတွက် နေအပူချိန်များ လျော့ကျရန်နှင့် မိုးထပ်မံရွာသွန်းရန် ဒေသခံများကြား မျှော်လင့်နေကြောင်း သိရသည်။

''မိုးကခုထိ တစ်ကြိမ်ပဲ ရွာသေးတယ်။ ရွာတဲ့မိုးကလည်း ရေသိပ်မပါတော့ နေတအား ပူထားတဲ့အတွက် စိုက်လို့ပျိုးလို့ မရသေးဘူး။ ခုချိန်စိုက်လိုက်ရင် အပင်တွေက သေတာများတယ်။ နောက်တစ်မိုးလောက် များများရွာမှ စိုက်လို့အဆင်ပြေမယ်။ ခုလ (မေလ) ထဲမှာပဲ တစ်ကြိမ်လောက်ရွာရင် အဆင်ပြေပါတယ်။ မိုးထပ်မရွာဘူး ဆိုရင်တော့ တောင်သူတွေမှာ ပဲနောက်စိုက်လို့ မမီဘဲ နှမ်းလောက်ပဲ စိုက်နိုင်တော့မယ်'' ဟု ဘုန်းကန်ကျေးရွာမှ တောင်သူ မမိမော်က ပြောသည်။

''လက်ရှိမိုးအခြေအနေက တောင်သူတွေအတွက် ဘယ်လိုမှ အဆင်မပြေသေးဘူး။ နောက်ထပ်မိုးထပ်ရွာဖို့ မျှော်နေရတာပဲ။ ပျိုးကြဲပြီးချိန်လောက် တစ်မိုး နှစ်မိုးလောက် ထပ်ရွာရင်တော့ သီးနှံပိုဖြစ်တာပေါ့။ မနှစ်ကတော့ မိုးဦးလုံးဝမကောင်းဘဲ မေလကုန်လောက်မှရွာလို့ တောင်သူတွေမှာ တစ်သီးပဲ စိုက်နိုင်တယ်'' ဟု မြောက်လူးကန်ကျေးရွာမှ တောင်သူ ကိုညွန့်လွင်က ပြောသည်။

 

ရန်ကုန်လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကြောင့် လှော်ကား၊ ရွာမ၊ အလုံ၊ သာကေတတို့တွင် ဓာတ်အားပေးစက်ရုံများ ၂၀၁၃ ခုနှစ်အတွင်း အပြီးတည်ဆောက်မည်

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကြောင့် လှော်ကား၊ ရွာမ၊ အလုံနှင့် သာကေတမြို့နယ်များတွင် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်းကာ ဓာတ်အားပေး စက်ရုံများ ယခုနှစ်အတွင်း အပြီးတည်ဆောက် သွားမည် ဖြစ်ကြောင်း လျပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြည်တွင်းကုမ္ပဏီများဖြင့် လှော်ကားမြို့နယ်တွင် ဇေယျကုမ္ပဏီနှင့် ၅၀ မဂ္ဂါဝပ် Gas Engine Power Plant စက်ရုံတစ်ရုံ၊ ရွာမမြို့နယ်တွင် မြန်ရွှေပြည် ကုမ္ပဏီနှင့် ၅၀ မဂ္ဂါဝပ် Gas Engine Power Plant စက်ရုံတစ်ရုံ၊ သာကေတမြို့နယ်တွင် CIC ကုမ္ပဏီနှင့် ၅၀ မဂ္ဂါဝပ် Gas Engine Power Plant စက်ရုံ တစ်ရုံတို့ကို တည်ဆောက်ရန် ရှိသည်ဟု သိရသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အနေဖြင့် ပြည်ပကုမ္ပဏီများနှင့် လှော်ကားမြို့နယ်တွင် ၅၃၀ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံတစ်ရုံကို Hydro Lang Cang (China) ကုမ္ပဏီနှင့် လည်းကောင်း၊ သာကေတမြို့ နယ်တွင် ၅၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ တစ်ရုံကို Busan Korea Biotechnology (Korea) ကုမ္ပဏီနှင့်လည်းကောင်း၊ အလုံမြို့နယ်တွင် ၁၂၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ တစ်ရုံကို Toyo Thai (Thai) ကုမ္ပဏီနှင့် လည်းကောင်း အသီးသီး တည်ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။

ထို့ပြင် ရွာမစက်ရုံတွင် ထိုင်းနိုင်ငံ EGAT ကုမ္ပဏီ၏ လှူဒါန်းမှုဖြင့် ပြောင်းရွှေ့တပ်ဆင်မည့် ၁၂၀ မဂ္ဂါဝပ် စက်နှစ်လုံး (၂၄၀မဂ္ဂါဝပ်)၊ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို ၂၀၁၃ ခုနှစ် အတွင်း အပြီးတည်ဆောက်သွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

''ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ဓာတ်အားစနစ် (National Grid) မှ လျှပ်စစ်ဓာတ်အားကို ၂၃၀ ကေဗွီ ဓာတ်အားခွဲရုံ ခုနစ်ခုဖြစ်တဲ့ သန်လျင်၊ လှော်ကား၊ လှိုင်သာယာ၊ အလုံ၊ သာကေတ၊ မြောင်းတကာနှင့် ဘုရင့်နောင်ခွဲ ရုံကြီးတွေကနေ တစ်ဆင့်ရယူပြီး ရန်ကုန်မှာရှိတဲ့ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ လေးရုံရဲ့ ထုတ်လုပ်မှုနဲ့ ပေါင်းစပ်ပြီး ဓာတ်အားဖြန့်ဖြူးလျက် ရှိပါတယ်။ နှစ်စဉ် ဓာတ်အားသုံးစွဲမှု ရာခိုင်နှုန်းအရ ယခုနှစ်အတွင်း ဓာတ်အားလိုအပ်ချက် ၈၀၀ မှ ၉၀၀ မဂ္ဂါဝပ်အထိ လိုအပ်မှာ ဖြစ်ပါတယ်။ စီးပွားရေးမြို့တော် ရန်ကုန်တိုင်း ဒေသကြီးရဲ့ လျပ်စစ်ဓာတ်အား လိုအပ်ချက်က ခန့်မှန်းထားတာထက် များစွာပိုမိုလာနိုင်ဖွယ် ရှိပါတယ်။ ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အား မရတဲ့ ကျေးရွာ ၁၅၀၀ ခန့် ကျန်နေတယ်'' ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူက ဆိုသည်။       

မေ ၅ ရက် နံနက်က ကားနှင့် မော်တော်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိရာ နှစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်စွာ ဒဏ်ရာရ


caraccident-may5

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် သစ္စာလမ်းထောင့်မီးပွိုင့် အင်းယားကန်ဘောင် အနီးတွင် မေလ ၅ ရက် နံနက် ၃ နာရီ ၀န်းကျင်က မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိရာ နှစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရှစ်မိုင်ဘက်မှ ကမ္ဘာအေးဘုရား လမ်းမအတိုင်း ဆီဒိုးနားဟိုတယ်ဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ် ၂င/၇၄၀၆ မော်တော်ယာဉ်နှင့် အင်းယားကန်ဘောင်ပေါ်မှ ဆင်းလာပြီး ရှစ်မိုင်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့ သစ္စာလမ်းမီးပွိုင့် အရောက်တွင် မျက်နှာခြင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း အနီးရှိ မျက်မြင်တွေ့ရှိသူများ၏ ပြောပြချက်အရ သိရသည်။        

caraccident2-may5

"ဆိုင်ကယ်က ကန်ဘောင်ပေါ်က ဆင်းလာတာ။ ကားကလည်း ရှစ်မိုင်ဘက်က မောင်းလာတာ။ မီးပွိုင့် အရောက်မှာ မျက်နှာချင်းဆိုင် တိုက်မိတာပါ။ တိုက်မိတဲ့အရှိန်က ပြင်းတော့ ဆိုင်ကယ်ရော ဆိုင်ကယ်ပေါ်က လူသုံးယောက်ရော လွင့်စင်သွားတာ။ ကောင်လေးနှစ်ယောက်ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်။ တစ်ယောက်က မြောင်းထဲမှာ နောက်တစ်ယောက်ကတော့ ပေ ၁၀၀ လောက် အကွာထိ လွင့်စင်သွားတယ်။ ကောင်မလေးကတော့ ဒဏ်ရာပြင်းထန်လို့ ဆေးရုံကို ပို့လိုက်တယ်။ အသက်ရှင် မရှင်တော့ မပြောတတ်ဘူး။ ကားမောင်းတဲ့သူကတော့ ဒဏ်ရာပြင်းထန်ပုံ မရဘူး" ဟု ဖြစ်စဉ်အား မျက်မြင် ကြုံတွေ့ခဲ့သည့် တက္ကစီမောင်းနှင်သူ တစ်ဦးက ပြောသည်။

ဖြစ်စဉ်သို့ လာရောက်တာဝန် ထမ်းဆောင်သည့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင် တစ်ဦးက "သတင်းရရခြင်း ဖြစ်စဉ်ကို လာပြီး ဒဏ်ရာရတဲ့သူကို ဆေးရုံပို့ဖို့ စီစဉ်ခဲ့ပါတယ်။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဆေးရုံကို ပို့နိုင်ရေး ဆက်လက်ဆောင်ရွက်နေပါတယ်" ဟု ပြောကြားခဲ့သည်။

            

ရန်ကုန်မြို့တော်တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပိုမိုဆိုးရွားနေ

5.7.4
ရန်ကုန်မြို့ ညပိုင်းမြင်ကွင်းကို ဧပြီလ နောက်ဆုံးပတ်အတွင်းက တွေ့ရစဉ်

ရန်ကုန်မြို့တော်တွင် လျှပ်စစ်မီး ပြတ်တောက်မှု အခြေအနေ ဆိုးရွားလာကြောင်း ရန်ကုန်မြို့နေ ပြည်သူများက ပြောကြားခဲ့ကြပြီး ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု အခြာမြို့များထက် ပိုမိုဆိုးရွားနေကြောင်း သိရသည်။

လျပ်စစ်မီး ပြတ်တောက်မှုမှာ ရန်ကုန်မြို့တော် နေရာအနှံ့တွင် မကြာခဏ ပြတ်တောက်မှုများ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး အဓိက လျှပ်စစ်ဓာတ်အား ရရှိသော ရေအားလျှပ်စစ်မှ ဓာတ်အားထုတ်လုပ်နိုင်မှု လျော့နည်းခြင်းကြောင့် ဖြစ်သည်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။


လျှပ်စစ်မီးများ မကြာခဏ ပြတ်တောက်လာသဖြင့် ပြီးခဲ့သည့်နှစ် နွေရာသီကာလများကဲ့သို့ အလှည့်ကျ မီးပေးစနစ် ပြုလုပ်နေပြီလားဟု အများပြည်သူအကြား ပြောဆိုမှုများ ရှိလာကြောင်း၊ သို့သော် အလှည့်ကျမီးပေးစနစ် ပြန်လည်စတင်ရန် မရှိကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက မေလဆန်းပိုင်းတွင် ပြောကြားခဲ့သည်။


နေ့ခင်း ဘက်ပျက်တာကတော့ ဟုတ်ပေမဲ့ ညဘက် နားတဲ့အချိန မီးပျက်တာတော့ တော်တော်ကိုဆိုးတယ်။ တစ်မြို့လုံးလည်း ဒီလိုပျက်နေတာလို့ ပြောကြတော့ မီးပေးတဲ့ပုံစံက ဘယ်လိုလဲဆိုတာ မေးခွန်းထုတ်ရတော့မယ်။  အလှည့်ကျစနစ် စနေပြီလားဆိုတာ . . .


ရွှေလီရေအားလျှပ်စစ် စက်ရုံမှ လျပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုသည် အင်္ကြန်မတိုင်ခင် ကာလ၌ မဂ္ဂါဝပ် ၂၈၀ မှ ၃၀၀ အကြား ထုတ်လုပ်နိုင်ခဲ့သော်လည်း မေလဆန်းပိုင်းတွင် မဂ္ဂါဝပ် ၁၂၀ မှ ၁၈၀ အကြားအထိသာ ထုတ်လုပ်လာနိုင်ကြောင်း၊ ထိုသို့ ရေအားလျှပ်စစ် ထုတ်လုပ်မှု လျော့နည်းနေသည့်အတွက် လူနေရပ်ကွက်များအား ညအချိန် လျှပ်စစ်မီး ပုံမှန်ပေးနိုင်ရန် စက်မှုဇုန်များရှိ စက်ရုံ၊ အလုပ်ရုံများအား ယာယီလျှပ်စစ်မီး ပြတ်တောက်ထားရကြောင်း၊ နေ့အချိန်တွင် စက်မှုလုပ်ငန်းများ လျှပ်စစ်ဓာတ်အား ပြန်လည်ပေးရသည့် အတွက် လူနေရပ်ကွက်များ မကြာခဏမီးပြတ်တောက်နေရခြင်း ဖြစ်သည်ဟုလည်း သိရသည်။

5.7.4

ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းကို ဧပြီလ နောက်ဆုံးပတ်အတွင်းက တွေ့ရစဉ်

နွေရာသီ ရေအားလျှပ်စစ် ထုတ်လုပ်မှုလျော့နည်း၍ လျှပ်စစ်မီး အချိန်အနည်းငယ် ပြတ်တောက်သည်ကို လက်ခံ၍ ရနိုင်သော်လည်း နာရီနှင့်ချီ၍ အချိန်ကြာမြင့်စွာ ပြတ်တောက်ခြင်းမျိုးက မဖြစ်နိုင်ကြောင်း၊ အကယ်၍ ပြတ်တောက်မည် ဆိုလျှင်လည်း အချိန်အတိအကျနှင့် ကြိုတင်ကြေညာမှု များပြုလုပ်သင့်ကြောင်း၊ သို့မှသာ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နိုင်မည် ဖြစ်ကြောင်းလည်း ရန်ကုန်မြို့နေ ပြည်သူများက ပြောကြားခဲ့သည်။

''ကျွန်မတို့ ဗဟန်းမြို့နယ်မှာ မီးကနေ့ခင်းဘက်လည်း ပျက်သလို ညဘက်လည်း ပျက်နေတယ်။ မီးပျက်တာကလည်း အချိန်မှန် မဟုတ်ဘဲ ပျက်ချင်တဲ့အချိန်ကို ပျက်နေတာ။ တစ်ခါတစ်လေ မနက် ၁၀ နာရီ လောက်ကနေ ၁၁ နာရီ ခွဲလောက်အထိ ပျက်တယ်။ တစ်ခါတစ်လေ မွန်းလွဲ ၂ နာရီကနေ ၄ နာရီလောက်အထိ ပျက်နေပါတယ်။ ညဘက်ဆိုလည်း ၇ နာရီ ၈ နာရီလောက်ဆိုရင် မီးပျက်တယ်။ ဘာဖြစ်လို့ ခဏခဏ မီးပျက်နေလဲမသိဘူး။ ပျက်တဲ့အချိန်တွေကလည်း မနက်ဆို ၁၀ နာရီက ထမင်းဟင်း ချက်တတ်တဲ့အချိန်။ ညဘက်ဆိုရင်လည်း အလုပ်တွေပြီးလို့ နားရတဲ့အချိန်ည ၈ နာရီ။ ရာသီဥတုကလည်း အရမ်းပူနေတာ။ ယပ်တောင်နဲ့ပဲ နှစ် ပါးသွားနေရလို့ အရမ်းစိတ်တိုရတယ်'' ဟု ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြောကြားခဲ့သည်။

ထို့အတူ သင်္ကန်းကျွန်း၊ ပုဇွန်တောင်၊ တာမွေ၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ရန်ကင်း အစရှိသည့် မြို့နယ်များတွင်လည်း မကြာခဏ ပြတ်တောက်မှုများရှိပြီး နံနက်၊ နေ့လည်ပိုင်းသာမက ညဘက်များတွင်ပါ မီးပြတ်တောက်နေသည်ဟုလည်း ယင်းမြို့နယ်များတွင် နေထိုင်သူများက ပြောကြားခဲ့သည်။

စက်မှုဇုန်များတွင်မူ လျှပ်စစ်ဓာတ်အား ရရှိမှုမှာ မေလ ၅ ရက်နေ့အထိ တစ်နေ့ ၅ နာရီရှိခဲ့သော်လည်း မေလ ၆ ရက်နေ့မှ စတင်၍ တစ်နေ့လုံး မီးဖြတ်တောက်ထားသည်ဟု ဒဂုံမြိုဆိပ်ကမ်း စက်မှုဇုန်မှစက်ရုံ ပိုင်ရှင်တစ်ဦးက ပြောသည်။

5.7.4

ထိုင်းနိုင်ငံမှ လှူဒါန်းသော တာဘိုင်များ ရန်ကုန်မြို့သို့ရောက်ရှိလာစဉ်

''မေလ ၆ ရက်နေ့ကစပြီး စက်မှုဇုန်တွေကို မီးပေးတာ သုညပါပဲ။ မနေ့က မေလ ၅ ရက်နေ့အထိ တစ်နေ့ကို ငါးနာရီပေးပါတယ်။ မီးလုံးဝမရရင် ကုန်ပစ္စည်း ထုတ်လုပ်မှုအပြင် ဈေးနှုန်းအပေါ်မှာလည်း သက်ရောက်မှုရှိမယ်။ ဒီလိုလျှပ်စစ်ဓာတ်အား ရရှိမှုပုံနဲ့ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လာတော့မလဲ'' ဟု ဒဂုံဆိပ်ကမ်း စက်မှုဇုန်မှ စက်ရုံပိုင်ရှင် တစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် လက်ရှိရန်ကုန်မြို့တော် အတွက် ရေအားလျှပ်စစ်ဖြင့် လျှပ်စစ်မီး ထုတ်လုပ်ပေးနေသော စက်ရုံများတွင် သိုလှောင်ထားသည့် ရေအားလျှပ်စစ် စက်ရုံများတွင် သိုလှောင်ထားသော ရေပမာဏမှာ ၁၃ ရက်စာသာ ရှိတော့ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့အတွက် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စနစ်ဘက်မှလည်း အများအပြား ထုတ်လုပ်နိုင်ရန် လိုအပ်ပြီး အိမ်နီးချင်း နိုင်ငံများသို့ ရောင်းချပေးထားသော သဘာဝဓာတ်ငွေ့ ပမာဏကို ပြည်တွင်းလိုအပ်ချက်အပေါ် ချင့်ချိန်ကာ ရောင်းချသင့်ကြောင်း ရန်ကုန်မြို့နေ ပြည်သူများက ထောက်ပြခဲ့ကြသည်။

ဧပြီလ ၂၈ ရက်နေ့က ရန်ကုန်မြို့ရှိ အလုံဓာတ်အားပေး စက်ရုံဝင်းအတွင်း ထိုင်းနိုင်ငံနှင့် ပူးပေါင်းပြုလုပ်သည့် သဘာဝဓာတ်ငွေ့သုံး ၁၂၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံကို ဖွင့်လှစ်ခဲ့ပြီး ယင်းဓာတ်အားပေး စက်ရုံမှဓာတ်အား ၇ ရာခိုင်နှုန်းကို ရရှိခဲ့ပြီး အခြားထွက်ရှိမည့် လျှပ်စစ်ဓာတ်အားများကိုလည်း တစ်ယူနစ်လျှင် ကျပ်ငွေ ၁၁၃ ကျပ် ၀န်းကျင်ဖြင့် ပြန်လည်ဝယ်ယူကာ ရန်ကုန်မြို့နေ အများပြည်သူသို့ ဦးစားပေး ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားထားခဲ့ပြီး ဖြစ်သည်။

 

ဂျီဟတ်ကို အလွဲသုံး၍ အကြမ်းဖက်မှုများ လုပ်ဆောင်မည်ကို လက်မခံကြောင်းနှင့် ပြည်ပမှ သွေးထိုးလှုံ့ဆော်မှုများကို နားမယောင်ကြရန် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များ တိုက်တွန်း

ဂျီဟတ်ကို အလွဲသုံး၍ အကြမ်းဖက်မှုများ လုပ်ဆောင်မည်ကို လက်မခံကြောင်းနှင့် ပြည်ပမှ အကြမ်းဖက် ခေါင်းဆောင်များ၏ သွေးထိုးလှုံ့ဆော်မှုကို အစ္စလာမ်ဘာသာဝင်များ အနေဖြင့် နားယောင်ကာ မလုပ်ဆောင်ကြရန် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များက တိုက်တွန်း ပြောဆိုလိုက်သည်။

ဂျီဟတ်ဆိုသည်မှာ တစ်နည်းအားဖြင့် မြင့်မြတ်ကောင်းမွန်သည့် အလုပ်ကို လုပ်ဆောင်ခြင်းဟု အဓိပ္ပာယ် သက်ရောက်ကြောင်း၊ မိမိတို့ပြည်တွင်းနေ အစ္စလာမ်များ အနေဖြင့်လည်း ယင်းကဲ့သို့သာ ဆောင်ရွက်နေကြောင်း၊ မိမိတို့သည်လည်း နိုင်ငံသားများဖြစ်၍ နိုင်ငံ၏ အကျိုးစီးပွားနှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်ပျက်ပြားအောင် လုပ်ဆောင်သည့် မည်သည့် အကြမ်းဖက်မှုမျိုးမဆို ကန့်ကွက်ကြောင်းနှင့် လက်မခံကြောင်း အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များက ပြောသည်။


အစ္စလာမ်ဘာသာဝင်တွေ အနေနဲ့လည်း နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်ကြသူတွေဖြစ်လို့ နိုင်ငံတော် အကျိုးစီးပွားကို တန်ဖိုးထားရမယ်။ ကျွန်တော်တို့ အနေနဲ့လည်း အကြမ်းဖက်မှုတွေ မဖြစ်ပွားဖို့အတွက် အတတ်နိုင်ဆုံး ပြည်သူနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်...


''အစ္စလာမ်ဘာသာဝင်တွေ အနေနဲ့လည်း နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်ကြသူတွေဖြစ်လို့ နိုင်ငံတော် အကျိုးစီးပွားကို တန်ဖိုးထားရမယ်။ ကျွန်တော်တို့ အနေနဲ့လည်း အကြမ်းဖက်မှုတွေ မဖြစ်ပွားဖို့အတွက် အတတ်နိုင်ဆုံး ပြည်သူနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလို ဂျီဟတ်ကို အလွဲသုံးစားလုပ်ပြီး အကြမ်းဖက်မှုကိုလည်း မလိုလားပါဘူး'' အစ္စလာမ် သာသနာရေးရာ ကောင်စီမှ ဒုဥက္ကဋ္ဌ ဦးအေးကြူက ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် မြန်မာ မွတ်စလင် လူငယ်များအဖွဲ့၊ အစ္စလာမ် သာသနာရေးရာ ကောင်စီ၊ မော်လ၀ီများအဖွဲ့၊ အိုလမာသာသနာ့ ပညာရှင်များအဖွဲ့၊ မြန်မာမွတ်စလင် အမျိုးသားရေးရာ အဖွဲ့ဟူ၍ အဖွဲ့အစည်းပေါင်း ငါးဖွဲ့ရှိကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံတွင် အကျဉ်းကျခံနေရသော အစ္စလာမ္မစ် စစ်သွေးကြွခေါင်းဆောင် အဘူဘာကာဘာရှာက မြန်မာနိုင်ငံကို ဂျီဟတ် (ဘာသာရေးစစ်ပွဲ) ဆင်နွှဲရန်ခြိမ်းခြောက် ပြောဆိုလိုက်ပြီးနောက် နာရီအနည်းအငယ်အတွင်း အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးကို ဗုံးဖောက်ခွဲရန် ကြံစည်သူများကို လက်ရဖမ်းဆီးမိခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း ပြည်ပနိုင်ငံအချို့မှ အကြမ်းဖက်သမားများ ၀င်ရောက်ကာ ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ရန် သတင်းများ ရရှိထားသဖြင့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များအားလုံး လုံခြုံရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မေလ ၂ ရက် ညပိုင်းအချိန်က မန္တလေးမြို့ ၃၅ လမ်းတစ်လျောက်တွင် ကောလာဟလများ ဖြစ်ပေါ်ခဲ့ပြီး လူစုလူဝေးများ ဖြစ်ပေါ်ခဲ့သဖြင့် ကျူးလွန်သူများကို သက်ဆိုင်ရာမြို့ နယ်ရဲစခန်းများတွင် ပုဒ်မ ၅၀၅(ခ) အရအမှုဖွင့်ထားပြီး သက်ဆိုင်ရာမြို့ နယ်တရားရုံးများတွင် မေလ ၃ ရက်က တရားစွဲဆိုမှုကို စစ်ဆေးကြားနာကာ မေလ ၇ ရက်တွင် ထပ်မံစစ်ဆေးရန် ရုံးချိန်းပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ခွင့်ပြုချက်မဲ့ ဆန္ဒပြ၍ အရေးယူထားသော မဒေးကျွန်းသားများကို ရုံးတင်

စစ်တွေ (မဇ္ဈိမ)။     ။ CNPC အား ခွင့်ပြုချက်မဲ့ ဆန္ဒပြမှုဖြင့် မဒေးကျွန်းရဲစခန်းမှ ဧပြီ၁၈ရက်နေ့က အရေးယူထားခဲ့သူ ၁၀ ဦးအား မေလ ၆ ရက်နေ့တွင် ကျောက်ဖြူမြို့နယ် တရားရုံး၌ ရုံးတင် တရားစွဲလိုက်ပြီ
ဖြစ်ကြောင်း မဒေးကျွန်း ဒေသဖွံ့ဖြိုးရေး ကော်မတီ တာဝန်ရှိသူများက ဆိုသည်။

ဒေသဖွံ့ဖြိုးရေး ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းကြည်က "အားလုံးကို အာမခံပေးပြီး ပြန်လွှတ် လိုက်ပါတယ်။
နောက်တကြိမ် ရုံးချိန်းကိုတော့ မေလ၁၆ရက်နေ့မှာ စစ်ဆေးမှာ ဖြစ်ပါတယ်။ အမှုရဲ့ တရားလိုကတော့
ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးကျော်ဌေး ဖြစ်ပါတယ်"ဟု မဇ္ဈိမကို ပြောသည်။

 တရားစွဲခံရသူ၁၀ဦးမှာ ကျောက်တန်းရွာမှ ကိုမျိုးနိုင်၊ ကိုမောင်မောင်မြင့်၊ ကိုယဉ်လှ၊ ပြိန်ရွာမှ ကိုဆန်းအေး၊ ကိုမောင်မောင်စိုး၊ ရွာမရွာမှဦးထွန်းကြည်၊ ကိုအောင်သိန်းထွန်း၊ ကိုမောင်ဖြူသီး၊ ဦးထွန်းခိုင်နုနှင့် ပန်းထိမ်ဆည်ရွာမှ ကိုတင်ဦးကျော်တို့ ဖြစ်ကြသည်။

 ယနေ့ ရုံးတင်ရာသို့ ရာနှင့်ချီသော မဒေးကျွန်းသား တို့စက်လှေဖြင့် လာရောက်ခဲ့ကြကြောင်း ဦးထွန်းကြည်က ဆိုသည်။

 ဥပဒေနှင့် တရားမျှတမှုပိုင်း ဆိုင်ရာ အနေအထားနှင့် ပတ်သက်၍ "မည်သူမဆို ခွင့်ပြုချက်မဲ့ ဆန္ဒဖော်ထုတ် ရင်တော့ ဒီဥပဒေနဲ့ အကြုံးဝင်ပါတယ်။ တရားမျှတမှုပိုင်း မှာတော့ ဥပဒေကို ကိုင်တွယ်သူအပေါ်မှာ မူတည်ပါမယ်" ဟု ကျောက်ဖြူမြို့မှ ရှေ့နေ ဦးထိန်လင်းက သုံးသပ်သည်။

 မဒေးကျွန်းသားများကို ဥပဒေကြောင်းအရ အရေးယူ လိုက်ခြင်းမှာ လက်ရှိရင်ဆိုင် နေရသော တင်းမာမှု၏ အဖြေတရပ် ဟု သူ့အနေနှင့်မယုံကြည်ကြောင်း ကျောက်ဖြူလူမှုကွန်ယက်မှ ဦးထွန်းလွင်ကမှတ်ချက်ပြုသည်။

၎င်းက "ဒေသခံတွေ အမှန်တကယ် ရသင့်ရထိုက်တာကို မျက်ကွယ်ပြုရာကနေ ပေါ်ထွက်လာတဲ့ ဆန္ဒပြပွဲ
ဖြစ်တယ်။ ဥပဒေကို လေးစားလိုက်နာလို့ပဲ မဒေးကျွန်းသားတွေက ဥပဒေနဲ့အညီ တရားဝင်လုပ်ခွင့်တင်ခဲ့ တယ်။ ဒါပေမယ့် ခိုင်မာတဲ့ အကြောင်းပြချက် တစုံတရာမရှိဘဲ ငြင်းပယ်ခဲ့တယ်။ ပြီးတော့ဥပဒေမဲ့ လုပ်တယ်ဆိုပြီး အရေးယူပြန်တယ် " ဟုဆိုသည်။

ဧပြီလ ၁၈ရက်နေ့က ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရေး အပါအ၀င် တောင်းဆိုချက်များ ရရှိရေး မဒေးကျွန်းသားတို့က CNPC အား ဆန္ဒပြခဲ့ရာ လူ၈၀၀ ပါဝင်ခဲ့ပြီး ၁၀ဦးကို ဧပြီလ ၁၉ ရက်နေ့မှစ၍ မဒေးကျွန်းရဲစခန်းက ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ(၁၈)အရ အမှုဖွင့် အရေးယူထား ခဲ့ခြင်းဖြစ်သည်။

ကားလမ်းကူးခုံးကျော်တံတားများ ရန်ကုန်တွင် ထပ်မံတည်ဆောက်မည်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရထားလမ်းနှင့် ကားလမ်းဆုံရာ နေရာတိုင်းတွင် ကားလမ်းကူး ခုံးကျော် တံတားများ ထပ်မံ တည်ဆောက်သွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား၊ မြို့ပြ အင်ဂျင်နီယာ ဌာနမှ လက်ထောက် အထွေထွေ မန်နေဂျာ ဦးတင်ဝင်းက ပြောသည်။

၎င်းက "ရန်ကုန်မှာ ရှိသမျှကားနဲ့ ရထားဆုံတဲ့ နေရာတွေမှာ ကားလမ်းကူး ခုံးကျော်တံတားတွေ တည်ဆောက်ဖို့ ရှိပါတယ်။ လက်ရှိထပ်ဆောက်မဲ့ သုံးလုံးကတော့ အစိုးရအဖွဲ့က သုံးလုံးတပြိုင်ထဲ
ဆောက်ခိုင်းမလား ဘယ်နေရာကို ဦးစားပေးပြီး ဆောက်မယ်ဆိုတာ အတိအကျ မသိရသေးဘူး" ဟု ဆိုသည်။

ထိုသို့ တည်ဆောက်ရာတွင် တနှစ်လျှင် ကားလမ်းကူး ခုံးကျော်တံတား ၃စင်း တည်ဆောက်သွားမည် ဖြစ်ပြီး လက်ရှိဆောက်လုပ်မည့် ခုံးကျော် တံတား ၃စင်းမှာ ပါရမီ ၂ ကားလမ်းကူး ခုံးကျော်တံတား (အုတ်ကျင်း- သမိုင်း)၊ ခရေပင်ကားလမ်းကူး တံတား(မင်္ဂလာဒုံဈေးဘူတာ)၊ သစ္စာ ကားလမ်းကူး ခုံးကျော်တံတား (ကန်ဘဲ့-ဘောက်ထော်) တို့ဖြစ်သည်။

ကားလမ်းကူး ခုံးကျော်တံတား သုံးစင်း တည်ဆောက်ရန် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနနှင့် ရန်ကုန်တိုင်း
ဒေသကြီး အစိုးရအဖွဲ့တို့ ဆွေးနွေးမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း၊ ဆောက်လုပ် ဖြစ်ပါက ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တစင်းနှင့် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ နှစ်စင်းတို့ တာဝန်ယူ ဆောက်လုပ်ရန် အစီအစဉ်ရှိကြောင်း ဦးတင်ဝင်းက ရှင်းပြသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ကားလမ်းကူး ခုံးကျော်တံတား ၂၄စင်းရှိပြီး နောက်ထပ်သုံးစင်း ထပ်မံဆောက်လုပ်ပါက ကားလမ်းကူး ခုံးကျော်တံတား ၂၇စင်းအထိ ရှိလာမည် ဖြစ်သည်။

ထို့ပြင် လူကူးခုံးကျော် တံတားများကိုလဲ အသစ်ထပ်မံ ဆောက်လုပ်ခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းများကို ယခုနှစ်အတွင်း ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း ထပ်မံသိရသည်။

လုံခြုံရေးကြောင့် စစ်တွေ-မင်းပြား ရေလမ်းခရီးအသုံးပြုမှုများနေဆဲ

စစ်တွေ-မင်းပြား သွားလာနေသော ခရီးသည်များအနေဖြင့် ကားလမ်းခရီး လုံခြုံရေးအခြေအနေ စိုးရိမ်ဖွယ်အနေအထားကြောင့် ငွေကြေးပိုမိုကုန်ကျသည့်ရေလမ်းခရီးဖြင့်သာ သွားလာနေရကြောင်း ဒေသခံများထံက သိရှိရသည်။

 

 

"ကျွန်တော်ဆို ကြာလှပြီး ကုန်လမ်းကနေ မသွားတာ။ ပဋိပက္ခတွေဖြစ်နေတဲ့အချိန်ကနေ အခုထိပဲ။ ကုန်းလမ်း ခရီးကလုံခြုံရေးအားနည်း နေသေးတယ်။ စိုးလည်း စိုးရိမ်ရတယ်။"ဟု စစ်တွေ-မင်းပြား ခရီးပုံမှန်သွားလာ နေသည့် ကုန်သည်တစ်ဦးက ပြောသည်။

 

အဆိုပါ စစ်တွေ-မင်းပြား ကုန်းလမ်းခရီးသည် မိုင် (၁၀၀)ကျော်ရှိပြီး ခရီးလမ်းတစ်လျှောက်တွင် သက်ဆိုင်ရာ လုံခြုံရေးချထား ဆောင်ရွက်ပေးမှုအားနည်းလျက်ရှိကြောင်း ၄င်းက ဆက်ပြောသည်။

 

ကုန်းလမ်းခရီးအတွက် ခရီးသည်တစ်ဦးလျှင် ကားခ ကျပ် (၃၀၀၀)ကျပ်သာရှိပြီး လုံခြုံရေးစိုးရိမ်းဖွယ် အနေအထားကြောင့် ဒေသခံများအနေဖြင့် ဈေးနှုန်းထက်ဝက်ခန့်ကွာဟသော ရေလမ်းခရီးကို အသုံးပြု နေရကြောင်း သိရသည်။

 

"လမ်းခရီးလုံခြုံမှုမရှိတဲ့တွက် စစ်တွေ-မင်းပြားကုန်းလမ်းခရီးနဲ့ မသွားတာကြာပြီ။ ခရီးစရိတ် ပိုကုန်ကျမှုများ ရင်လည်း ရေလမ်းနဲ့ပဲသွားရတာပေါ့ဗျာ။"ဟု မင်းပြားမြို့မဈေးကြီးမှအထည်ဆိုင်ပိုင်ရှင် ဦးမောင်ထွန်းသိန်းက ပြောသည်။

 

ရေလမ်းခရီးတွင် စပိဘုတ်၊ စက်လှေများရှိသလို  ပုဂ္ဂလိကအမြန်ရေယာဉ်များဖြစ်သည့် မလိခ၊ ရွှေပြည်တန်အစရှိသည့် ရေယာဉ်များကို အသုံးပြုနေရပြီး  အမြန်ရေယာဉ်များမှာ ခရီးသည်တစ်ဦးလျှင် ယာဉ်စီးခ ကျပ် (၅၀၀၀)မှ (၆၀၀၀)ကျပ်ဝန်းကျင်ရှိသည်ဟု သိရသည်။

http://www.myitmakhamediagroup.com/administratorpanel/image/SAM_2999.JPG

ပုသိမ်ခရိုင် ရွာ(၃၀)ကျော်၌ သန့်စင်သော သောက်သုံးရေအခက်အခဲကြီးမားနေ

အပူရှိန်လွန်ကဲမှုများဖြစ်ပေါ်နေ၍ ရေတွင်းရေကန်များခန်းခြောက်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်တွင်းရှိ ကျေးရွာပေါင်း(၃၀)ကျော်မှာ သောက်သုံးရေရရှိရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိ သည်ဟု သိရှိရသည်။

 

ပုသိမ်ခရိုင်အတွင်းရှိ ငပုတောမြို့နယ်၊ သာပေါင်းမြို့နယ်၊ ကန်ကြီးဒေါင့်မြို့နယ်များမှ ကျေးရွာများ သည် ပူပြင်းသော ရာသီဥတုကြောင့် သောက်သုံးရေအတွက် အားထားနေရသော ရေတွင်းရေကန် များ ခန်းခြောက်ကာ ရေအခက်အခဲများဖြစ်ပေါ်နေခြင်းဖြစ်သည်။

 

"ဒီနှစ် နေကအရမ်းပြင်းတော့ ရွာကရေကန်တွေ ခန်းသွားတယ်၊ အဲ့ဒါရေရဖို့ နှစ်နာရီလောက် လမ်းလျှောက်ရတဲ့ တောထဲက ရေချိုကန်တွေမှာ သွားခပ်ရတယ်၊ အနီးကရွာတွေ အကုန်လုံးပဲ ဆိုတော့ သောက်ရေရဖို့ တစ်ချို့နေ့တွေဆို ည(၁၂)နာရီကျော်လောက်ထိ စောင့်ခပ်ရတယ်" ဟု ငပုတောမြို့နယ် ကိုးသိန်းကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။

 

ပုသိမ်မြို့မှလူမှုရေးအသင်းအဖွဲ့တစ်ခုဖြစ်သော မြို့မသောက်ရေသန့်မှ ရွာအချို့နှင့် ပုသိမ်မြို့ပေါ်ရှိ ရပ်ကွက်များအား သောက်ရေသန့်များ လိုက်လံလှူဒါန်းနေကြောင်း ၄င်းအဖွဲ့မှအဖွဲ့ဝင် တစ်ဦးက ယခုကဲ့သို့ ပြောသည်။

 

"ကျွန်တော်တို့အဖွဲ့ကတော့ ကိုယ်တွေလုပ်အားရယ်၊ ငွေကြေးတတ်နိုင်တဲ့အနေအထားမှာပဲ နိုင်သ လောက် လိုက်လှူနေတာပါ၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ အခြားရေအလှူရှင် တွေလည်း ကျေးရွာလေးတွေမှာ လိုက်လှူပေးနေတာတွေရှိတယ်၊ တကယ်အခက်အခဲဖြစ်နေတဲ့ ရွာလေးတွေက တော်တော်ကို သွားရေးလာရေးခက်ခဲတဲ့ နေရာတွေဆိုတော့ လှူတဲ့အခါမှာ အခက်အခဲတွေ ရှိနေတယ်"ဟု မြို့မသောက်ရေသန့် အသင်းမှအသင်းဝင်တစ်ဦးကပြောသည်။

 

ယခုအခါရွာများ၌ အားပြုသောက်သုံးနေရသော သောက်သုံးရေများမှာလည်း အာဆင်းနစ်ဓါတ်များ များပြားနေမှုကြောင့် ၀မ်းရောဂါ၊ ငှက်ဖျားရောဂါ စသည့်ရောဂါများ ဖြစ်ပွါးနိုင်သည့် အန္တရာယ်ရင်ဆိုင် နေရကြောင်းကိုလည်း ဒေသခံတို့က ဆိုသည်။

 

 "ကျွန်တော်တို့ရွာကတော့ ဒီချိန်ဆိုမိုးရွာတာ နောက်ကျတဲ့နှစ်တိုင်း ဒီလိုဖြစ်နေကြပါ၊ အဓိကကတော့ စက်ရေတွင်းလေး နှစ်တွင်းလောက်လှူမယ့် အလှူရှင်မျိုး ပေါ်လာရင်တော့ အဆင်ပြေသွားနိုင် ပါတယ်" ဟုသာပေါင်းမြို.နယ် ကညင်ငူကျေးရွာမှ ရွာသားတစ်ဦးက ဆိုသည်။

http://www.myitmakhamediagroup.com/administratorpanel/image/DSC00037.JPG

မိုးညှင်း အမှတ်(၂)အောင်သပြေဈေးသစ် မစည်ကား၍ ပဋိပက္ခဖြစ်ပွားနေ

မိုးညှင်းမြို့ရှိ အမှတ်(၂) အောင်သပြေဈေးသစ် မှ ဈေးသူဈေးသားများနှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ အစည်းများကြား ဈေးလူမစည်သည့်ကိစ္စနှင့်ပါတ်သတ်၍ ပဋိပက္ခဖြစ်ပွားလျှက်ရှိသည်။

အဆိုပါဈေးမှာ ကိုယ်ထူကိုယ်ထ ဆောက်လုပ်သည့်ဈေးဖြစ်သည်နှင့်အညီ ဈေးဧရိယာ ကျယ်ကျယ်ဝန်းဝန်းနှင့် ဈေးဆိုင်ခန်းပေါင်း ၃၀၀ ကျော်ရှိသည့် ဈေးသစ်ဖြစ်သည်။

"ဈေးမှာ အခွန်အခ နေ့တိုင်းပေးနေရပေမယ့်၊ လူမရှိတဲ့ ဈေးကိုလာပြီး ဈေးသည် အချင်းချင်း တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြန်နေရတယ်၊ အရင်ဈေး ဖျက်ခိုင်းတုန်းကပေးခဲ့တဲ့ ကတိတွေအတိုင်းလည်း ဆောင်ရွက်ပေးခြင်း မရှိလို့ ဈေးသည်တွေ ဒုက္ခရောက်နေရတော့ ကတိအတိုင်း လုပ်ပေးစေချင်တယ်"ဟု အောင်သပြေဈေးမှ ဈေးဖွင့်လှစ်ရောင်းချသူတစ်ဦးကပြောသည်။

အဆိုပါဈေးသစ်ဖွင့်လှစ်ပါက မိုးမလင်းဈေးနှင့်ကျူးကျော်ဈေးသည်များအား ရောင်းချခွင့်ဖျက်သိမ်းခိုင်းမည်ဟု ပြောဆိုခဲ့ခြင်း၊ လူစည်ကားစေရန်လိုင်းတို သုံးဘီးကားဂိတ်များကို ဖွင့်လှစ်ပြေးဆွဲစေမည်ဟု ပြောကြားထား ခြင်း၊ ဈေးသန့်ရှင်းရေး ရေမြောင်းတူးဖော်ပေးမည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ဈေးသည်များအား ပြောဆိုကာ ပြောင်းရွှေ့ဖွင့်လှစ်စေခြင်းဖြစ်သည် ဟု အောင်သပြေဈေးသူဈေးသားတို့က ဆိုသည်။

ဈေးသူဈေးသားများအနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များထံသို့ အကြောင်းကြားစာ အကြိမ်ကြိမ်တင်ပြတောင်းခံကာ ဈေးစည်ကားရန် ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်တွင် ထူးခြားမှုမရှိဟု ဈေးသူဈေးသားများက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မိုးညှင်းမြို့နယ် စည်ပင်သာယာရေးရုံး၌ မေလ ၆ ရက်နေ့က အစည်းအဝေး တစ်ရပ်ပြုလုပ်ခဲ့သည်ဟု သိရသည်။

"ဒီနေ့ အစည်းအဝေးမှာတော့ အချက်(၃) ချက်ကို ဆွေးနွေးခဲ့ကြတယ်၊ ဈေးသူဈေးသားတွေကတော့ အရင် ကိစ္စတွေကို ပြန်ပြောကြတယ်၊ မြောင်းကတော့ စဖေါ်နေပြီ ၊ အုတ်မတတ်နိုင်သေးတာပဲရှိတယ်၊ ဖွင့်ပြီးမှ အပြင် ပျံကျ ဈေးသည်တွေကို တားမြစ်ပေးမှာ၊ ဈေးမြန်မြန်ဖွင့်ဖို့ဆိုတာက ဆိုင်ခန်းအားလုံးပြီးမှ ဖြစ်မယ်"ဟု မိုးညှင်း မြို့မိမြို့ဖ ဥက္ကဌ ဦးမြင့်အေးက ပြောသည်။

ထိုအစည်းအဝေး၌ လုံခြုံရေးဝန်ထမ်းထားရှိပေးခြင်း၊ မြောင်းများကို ပြန်လည်တူးဖော်ပေးခြင်းနှင့် ဈေးသစ် ဖွင့်လှစ်နိုင်ရေးအတွက် အမြန်ဆုံးအကောင်အထည်ဖေါ်ရေး ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

"ဆောက်လို့ မပြီးသေးတဲ့ ဆိုင်ခန်းတွေကို (၃)ရက်အတွင်း ခေါ်ပြီးဆွေးနွေးမယ်၊ မဆောက်နိုင်ရင် သိမ်းပြီး တော့ လေလံပစ်မယ်၊ ဈေးကို မြန်မြန်ဖွင့်နိုင်အောင်လုပ်ရမယ်၊ ချေးငွေလိုတယ်ဆိုလို့ လွန်ခဲ့တဲ့ ၂လက ချေးငွေ လည်း စီစဉ်ပေးခဲ့တယ်"ဟု ဦးမြင့်အေးက ဆက်ပြောသည်။

အောင်သပြေ အမှတ် (၂) ဈေးကို အဆင့်မြင့်ဈေးအဖြစ် ဆောက်လုပ်ပေးရန်အတွက် လွှတ်တော်သို့ စာတင် ပေးခဲ့ဖူးကြောင်း၊ လာမည့်လွှတ်တော်အစည်းအဝေး၌လည်း ယခုကိစ္စကို ဦးစားပေးအနေဖြင့် စီစဉ်ဆောင်ရွက် ပေးရန် တင်ပြပေမည်ဖြစ်ကြောင်း ဈေးဖွင့်လှစ်ပြီးမှ အနီးအနားကားဂိတ်များမှာလည်း လိုက်ပါဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းတင့်အောင်က ဆိုသည်။

http://www.myitmakhamediagroup.com/administratorpanel/image/4-1-13-79.jpg