Wednesday, August 21, 2013

ထိုင်းထိန်းသိမ်းရေးစခန်းရှိ ရိုဟင်ဂျာတွေ လွှတ်ပေးရေး HRW တောင်းဆို

ထိုင်းနိုင်ငံ လူဝင်မှုစခန်းတွေမှာ ထိန်းသိမ်းထားတဲ့ လှေစီးပြေး ရိုဟင်ဂျာ ဒုက္ခသည်တွေကို ထိုင်းအစိုးရက ပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က တောင်းဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း လူဝင်မှု ထိန်းသိမ်းရေးစခန်း တစ်ခုကနေ ရိုဟင်ဂျာ ၈၀ ကျော် ထွက်ပြေးသွားတယ် ဆိုတဲ့သတင်း ထွက်လာချိန်မှာပဲ HRW အဖွဲ့က အဲဒီလို တောင်းဆိုလိုက်တာပါ။
 
သူတို့ကို ထိန်းသိမ်းထားစဉ်ကာလမှာလည်း ထိုင်းအစိုးရအနေနဲ့ အကာအကွယ်ပေး သင့်တယ်လို့ HRW က ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
 
ထိုင်းနိုင်ငံတ၀ှမ်းက လူဝင်မှု ထိန်းသိမ်းရေးစခန်းတွေနဲ့ လူမှုဝန်ထမ်းဂေဟာတွေမှာ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာ ၁,၈၃၉ ဦးကို ထိုင်း-မြန်မာနယ်စပ်တလျှောက်က ဒုက္ခသည်စခန်းတွေဆီ လွှဲပြောင်းဖို့ ထိုင်းအစိုးရအဖွဲ့က စဉ်းစားနေတယ်ဆိုတဲ့ သတင်း သြဂုတ်လ ၁၃ ရက်နေ့မှာ ထွက်လာခဲ့ပြီး သီတင်းတပတ်အကြာ သြဂုတ်လ ၂၀ ရက်နေ့မှာ HRW အဖွဲ့က ထိုင်းအစိုးရကို တောင်းဆို တိုက်တွန်းလိုက်တာပါ။
 
ဆိုးရွားပြီး ဘေးကင်းလုံခြုံမှု မရှိတဲ့ အခြေအနေနဲ့ လက်ရှိမှာ သူတို့ကို ထိန်းသိမ်းထားတာကနေ ပြန်လွှတ်ပေးစေချင်ပါတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW ရဲ့ အာရှဒေသဆိုင်ရာ ဒုတိယညွန်ကြားရေးမှူး ဖီလ် ရောဘတ်ဆန် (Phil Robertson) က ဗွီအိုအေကို ပြောပါတယ်။
 
"သူတို့ကို ယာယီ အကာအကွယ် ပေးသင့်ပါတယ်၊ သူတို့နဲ့ပတ်သက်ပြီး ဘာလုပ်မယ်ဆိုတာကို အစိုးရက နည်းလမ်းရှာနေတဲ့အချိန်မှာ လွတ်လပ်စွာ သွားလာခွင့်၊ အလုပ်လုပ်ခွင့်တွေ ပေးသင့်ပါတယ်။ သူတို့ကို အခုလိုမျိုး လူတွေပြည့်ကျပ်နေတဲ့၊ သန့်ရှင်းမှုမရှိတဲ့၊ ပွင့်ပွင့်လင်းလင်း ပြောရရင် အန္တရာယ်ရှိတဲ့ လူဝင်မှုစခန်းတွေမှာ ပိတ်လှောင်ပြီး ထိန်းသိမ်းမထားသင့်ပါဘူး။"
 
တရားမ၀င် ၀င်ရောက်လာသူတွေဆိုပြီး ထိုင်းအစိုးရက ဖမ်းဆီးထားသူတွေကို အခုလိုမျိုး လွတ်လပ်စွာ သွားလာခွင့်တွေ၊ အလုပ်လုပ်ခွင့်တွေ ပေးဖို့ဆိုတာဟာ တကယ်တမ်း ဖြစ်နိုင်ခြေရှိရဲ့လားဆိုတာက မေးခွန်းထုတ်စရာပါ။ ဖီလ် ရောဘတ်ဆန်ကတော့ ဒါဟာ ဖြစ်နိုင်ခြေရှိသလို နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းစံထားတွေနဲ့လည်း ကိုက်ညီတယ်လို့ ပြောပါတယ်။ တကယ်တမ်းကျတော့ ရိုဟင်ဂျာတွေကို နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားသူတွေအဖြစ် သတ်မှတ် စဉ်းစားသင့်တယ်လို့ မစ္စတာ ရောဘတ်ဆန်က ပြောပါတယ်။
 
"သူတို့ကို ထိုင်းအစိုးရက အကာအကွယ် ပေးသင့်ပါတယ်၊ သူတို့ဟာ တတိယနိုင်ငံ တစ်ခုကို သွားခွင့်မရကြဘူးဆိုရင်၊ မြန်မာနိုင်ငံမှာ ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံဆီ ပြန်လို့မရနိုင်တာကတော့ သေချာပါတယ်။ သူတို့အတွက် နောက်ထပ် အဖြေတစ်ခုကို ရှာရပါမယ်။ ရိုဟင်ဂျာတွေကို ထားတာဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတယ်ဆိုတာ သေချာစေရေး ထိုင်းနိုင်ငံအနေနဲ့ တိုးမြှင့်လုပ်ဆောင်ရပါမယ်။"
 
ထိုင်းအစိုးရကို HRW အဖွဲ့က တောင်းဆိုလိုက်တဲ့ တစ်ရက်ထဲမှာပဲ ထိုင်းနိုင်ငံတောင်ပိုင်း၊ Sadao ခရိုင်က လူဝင်မှုထိန်းသိမ်း ရေးစခန်းမှာ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာလှေစီးပြေး ဒုက္ခသည်တွေထဲက ၈၆ ယောက် ထက်မနည်းဟာ စခန်းကိုဖောက်ပြီး ထွက်ပြေးသွားတယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။
 
ထိုင်းနိုင်ငံတွင်း တရားမ၀င် ၀င်ရောက်လာမှုနဲ့ သူတို့ကို ထိန်းသိမ်းထားတာပါ။ ထွက်ပြေးသွားသူတွေထဲက အနည်းဆုံးနှစ်ယောက်ကို ပြန်ဖမ်းမိပြီလို့တော့ ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။
 
သူတို့တွေ အခုလိုထွက်ပြေးရတာဟာ HRW အဖွဲ့က ပြောသလိုပဲ စခန်းမှာ လူတွေပြည့်ကျပ်နေတာ၊ သန့်ရှင်းမှုနဲ့ လုံခြုံမှုမရှိတဲ့ ဆိုးရွားတဲ့ အခြေအနေတွေကြောင့်ဖြစ်တယ်ဆိုတာကို APHR လို့ခေါ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အရှေ့တောင်အာရှ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ကလည်း ထောက်ပြ ပြောဆိုပါတယ်။
 
ရိုဟင်ဂျာတွေပတ်သက်တဲ့ စိုးရိမ်ချက်တွေကို ထိုင်း အစိုးရအနေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ဒေသဆိုင်ရာ အဖြေတစ်ခုရှာဖို့ APHR အဖွဲ့ကလည်း ထိုင်းအစိုးရကို တောင်းဆိုပါတယ်။
 
APHR အဖွဲ့ဥက္ကဋ္ဌ အင်ဒိုနီးရှားလွှတ်တော်အမတ် မစ္စ အီဗာ ဆွန်ဒါရီပါ။
 
တကယ်ကတော့ မြန်မာနိုင်ငံတွင်းမှာ၊ အထူးသဖြင့် ရခိုင်ပြည်နယ်ဘက်မှာ အခုလို ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲတာကိုက အငြင်း ပွားဖွယ်ကိစ္စတစ်ခု ဖြစ်နေတာပါ။ မြန်မာနိုင်ငံက လူနည်းစု လူမျိုးစုတွေထဲမှာ ရိုဟင်ဂျာဆိုတာ မရှိဘူးလို့ မြန်မာအစိုးရကရော မြန်မာလူထုအများစုကပါ ရပ်တည် ပြောဆိုကြပါတယ်။
 
ဒါပေမဲ့လည်း နိုင်ငံတကာမှာတော့ ရိုဟင်ဂျာလို့ပဲ ခေါ်ဝေါ်သုံးစွဲကြပြီး သူတို့ဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး ခွဲခြားဆက်ဆံမှုနဲ့ အဖိနှိပ်ခံရဆုံး လူနည်းစု လူမျိုးစုဝင်တွေဖြစ်ကြတယ်လို့ ကုလသမဂ္ဂက သတ်မှတ်ထားပါတယ်။

ကင်တားနားကို မိတ္ထီလာမှာ ဒေသခံတွေ ဆန္ဒပြ

မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာ သုံးသပ်ဖို့အတွက် ၁၀ ရက်ကြာရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) မနေ့ညက မိတ္ထီလာမြို့ကို ရောက်လာတဲ့အချိန် ရာနဲ့ချီတဲ့ ဒေသခံတွေ မြို့အ၀င်မှာစောင့်ပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
 
မစ္စတာ ကင်တားနားဟာ သူ့ခရီးစဉ်ရဲ့ ၉ ရက်မြောက်နေ့မှာတော့ သမ္မတရုံး ၀န်ကြီးတွေဖြစ်ကြတဲ့ ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်မြို့ကနေ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က သတင်းပေးပို့ထားပါတယ်။
 
မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်နဲ့ လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာဖို့အတွက် ၁ဝ ရက်ကြာ ရောက်ရှိနေတဲ့ မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံအတွင်း လူမျိုးရေးဆန်တဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ အဓိက မြို့တွေကို သွားရောက် လေ့လာနေတာမှာ မနေ့က ရှမ်းပြည်နယ်ကို သွားရောက်အပြီး မန္တလေးကတဆင့် မိတ္ထီလာမြို့ကို ခရီးဆက်သွားတာ ဖြစ်ပါတယ်။
 
မိတ္ထီလာမြို့ကို သူရောက်လာတဲ့ အချိန်မှာတော့ ရာနဲ့ချီတဲ့ ဒေသခံတွေ စုဝေးပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူ မိတ္ထီလာမြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။
 
ဖြေ။           ။ "ဆန္ဒပြဖြစ်ပါတယ်။"

မေး။          ။ လူအင်အားများလား။ ဘယ်လောက်လောက်ရှိသလဲ။ ဘယ်လိုပြကြတာလဲ။
ဖြေ။           ။ "ကျနော်တို့ ခန့်မှန်းလို့တော့ မရဘူးဗျ။ လူအင်အား တော်တော်များတယ်။ မစ္စတာ ကင်တားနား က ည ၁၀ နာရီ ၃၅ လောက်မှာ လာတယ်ပေါ့။ ဒါပေမဲ့ မစ္စတာ ကင်တားနား မလာခင် ညနေ ၅ နာရီခွဲ ၆ နာရီလောက်ကတည်းက ဆန္ဒပြဖို့အတွက် လူစုလူဝေးတွေက ပြင်ဆင်နေတာပေါ့နော်။ သူ ရောက်လာတဲ့အခါကျတော့ ကျနော်တို့ ဒီ လူအုပ်ကြီးက ညပိုင်းရောက်လာတဲ့အချိန်မှာ လူအုပ်က သူ့ကားကို ၀ိုင်းပြီးတဲ့အခါကျတော့ ကြွေးကြော်သံတွေ အော်တယ်ပေါ့။"

မေး။          ။ ဘယ်လိုကြွေးကြော်သံမျိုးတွေကို အော်တာလဲ။
ဖြေ။           ။ "ကင်တားနား အလိုမရှိ။ ဆိုင်းဘုတ်တွေလည်း ကိုင်ထားကြတယ်ခင်ဗျ။"

မေး။          ။ ဘယ်လို ဆိုင်းဘုတ်တွေများ ကိုင်ထားလဲ။
ဖြေ။           ။ "ဆိုင်းဘုတ်တွေကကျတော့ ဒီ ဟိုဟာပေါ့ ဘင်္ဂါလီ သွေးထိုးလှုံ့ဆော်သူ ကင်တားနား ထွက်သွားပေါ့။"

မေး။          ။ သူ အဲ့ဒီနေရာမှာ ဘယ်လောက်လောက်ကြာသလဲ။ သူ့ကားတန်းယာဉ်တန်းကြီး ရပ်သွားလား အဲ့ဒီမှာ။
ဖြေ။           ။ ယာဉ်တန်းကတော့ အဲ့ဒီနားမှာ ၅ မိနစ်လောက်တော့ ရပ်လိုက်တယ်ပေါ့နော်။ ၅ မိနစ်လောက်တော့ ရပ်လိုက်ပြီးတော့ သူ ပြန်ထွက်ခွာသွားတယ်ပေါ့နော်။ အဲ့ဒီနောက်မှာတော့ သူ ဟိုဟာကို သွားတယ်လို့ ကျနော်တို့ သတင်းကြားတယ်ပေါ့နော်။ မိတ္ထီလာကန်ဘေးက ဆက်သွယ်ရေး ဧည့်ရိပ်သာမှာ ခဏနေတယ်ပေါ့။

မေး။          ။ သြော် ဟုတ်ပြီ။ ဘယ်သူတွေနဲ့ တွေ့လဲ။ ဘာတွေ ကြားမိသေးလဲ။
ဖြေ။           ။ "ကျနော်တို့ ကြားမိတာကတော့ မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူးနဲ့လည်း တွေ့သွားတယ်လို့လည်း ကြားတယ်ပေါ့။ ဒီနောက်မှာ ဆန္ဒထုတ်ဖော်တဲ့ မစ္စတာ ကင်တားနားကို ပေးမယ့် အိတ်ဖွင့်ပေးစာကိုလည်း မစ္စတာ ကင်တားနားလက်ထဲကို ခရိုင်အုပ်ချုပ်ရေးမှူးကတဆင့် ရောက်အောင် ပေးလိုက်တယ်လို့လည်း ကြားတယ်ဗျ။"

မေး။          ။ ပြီးတော့ရော မစ္စတာ ကင်တားနား က ဒီကနေ့မနက်မှ ပြန်သွားတာပေါ့ ဒါဆို။
ဖြေ။           ။ "မဟုတ်ဘူး။ ညတွင်းချင်းပဲ သူ ထွက်သွားတယ်လို့ ပြောတယ်ဗျ။"

မေး။          ။ ဒါဆို ခဏလေးပဲ၊ နာရီပိုင်းလေးပဲ နေသွားတာပေါ့။
ဖြေ။           ။ "နာရီပိုင်းလေးပဲဗျ။ အဲ့ဒီ ဆက်သွယ်ရေးဧည့်ရိပ်သာမှာလည်း ၁၅ မိနစ်လောက်ပဲ နေသွားတယ်ဗျ။"

မေး။          ။ သူ့ကားက ဘယ်နှစ်စီးလောက်ပါလဲ။ သူ့ယာဉ်တန်းက။
ဖြေ။           ။ "ကားကတော့ ကျနော်တို့ မြင်ရတာဆိုရင် အားလုံးပေါင်း ၆ စီး၊ ၇ စီးလောက်ပါပဲ။"

မေး။          ။ လက်နက်ကိုင် အစောင့်တွေဘာတွေရော ပါတာလား။ သူ့ယာဉ်တန်းထဲမှာ။
ဖြေ။           ။ "အဲ့လိုတော့ မပါပါဘူး။ ဒီက နယ်မြေခံတွေကပဲ နယ်မြေခံ ရဲတပ်ဖွဲ့ကပဲ သူ့အတွက် လုံခြုံရေးပေးထားတာရယ်၊ နောက် ဒီက ဆန္ဒပြတဲ့လူတွေအတွက်တော့ လုံခြုံရေး ပေးထားတာရယ်။"

မေး။          ။ နောက် မိတ္ထီလာမှာက Curfew (ညမထွက်ရအမိန့်) ထုတ်ထားတယ်ဆိုတော့ အဲ့လို ည ၁၀ နာရီ Curfew (ညမထွက်ရအမိန့်) ဆိုတော့ မစ္စတာ ကင်တားနား ရောက်တာပဲ ၁၀ နာရီကျော်နေပြီ၊ ရဲက မတားဘူးလား။ ဆန္ဒပြတဲ့သူတွေကိုပေါ့။
ဖြေ။           ။ "ကျနော်တို့လည်း အဲ့ဒီကိစ္စကိုပဲ စဉ်းစားနေတာပေါ့နော်။ အရင်ရက်တွေကဆိုရင် ကျနော်တို့ မိတ္ထီလာမှာ Curfew (ညမထွက်ရအမိန့်) ထုတ်ထားတယ်ဆိုရင် ၁၀ နာရီနောက်ပိုင်း ကျော်သွားတယ်ဆိုရင် ဖမ်းဆီးတာတွေ၊ စစ်မေးတာတွေ၊ အဲ့လိုပေါ့ အချုပ်ချတာတွေ၊ ဒါမျိုးတွေ ကျနော်တို့ တွေ့နေရတယ်။ ကြားနေရတယ်ပေါ့။ မနေ့ကကျတော့ ကျနော်တို့ ဒီ လူစုလူဝေးကြီးက ၁၀ နာရီခွဲပြီးတော့ အချိန်ထိကို ရဲတပ်ဖွဲ့တွေက လူစုခွဲမယ်လို့လည်း ပြောမထားဘူးပေါ့နော်။ ဒီအတိုင်းပဲ လွှတ်ထားတဲ့သဘောမျိုး ဖြစ်နေတယ်ပေါ့။"

မေး။          ။ ဘာမှကို မပြောတာလား။ သူတို့က လူစုခွဲဖို့ကိစ္စ တခွန်းမှကို မပြောဘူးလား။
ဖြေ။           ။ လူစုခွဲကို ဘာမှကို မပြောတာပေါ့။ အဖမ်းခံပြီးတော့ကို ဆန္ဒပြမယ်လို့လည်း တချို့တွေက ပြောကြတယ်။

မေး။          ။ မစ္စတာ ကင်တားနားကို ဆန္ဒပြတာနဲ့ ပတ်သက်ပြီး ဖမ်းတယ်၊ ဆီးတယ်လို့တော့ လုံးဝ မရှိဘူးပေါ့။ အခုအချိန်ထိတော့။
ဖြေ။           ။ "အခုအချိန်ထိတော့ ဖမ်းတယ်၊ ဆီးတယ်လို့တော့ မရှိဘူးပေါ့။ ကျနော်တို့ ထုံးစံအရဆိုရင် ဒါက ဟို ကျနော်တို့ ဥပဒေအရ ကြည့်မယ်ဆိုရင် ဒါက ပုဒ်မ ၁၈ နဲ့ ငြိစွန်းတယ်လို့လည်း မြင်တယ်ပေါ့။"
 
မစ္စတာ ကင်တားနားဟာ သူ့ရဲ့ မြန်မာပြည်ခရီးစဉ် အစ ရခိုင်ပြည်နယ်ကို သွားရောက်တဲ့အခါတုန်းကလည်း ဒေသခံတွေရဲ့ ကန့်ကွက် ဆန္ဒပြမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။
 
မစ္စတာ ကင်တားနားဟာ မိတ္ထီလာမြို့ကနေ ဒီကနေ့ နေပြည်တော်ကို ရောက်သွားပြီး မနက်ပိုင်းမှာ ပြည်ထောင်စု ၀န်ကြီးတွေဖြစ်ကြတဲ့ ဦးစိုးသိန်း၊ ဦးအောင်မင်းတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ အစိုးရတာဝန်ရှိသူတွေက ဗွီအိုအေကို ပြောပါတယ်။ ပြည်ထောင်စု ၀န်ကြီးတွေနဲ့ မစ္စတာ ကင်တားနားတို့ ဘယ်လို အကြောင်းအရာတွေကို ဆွေးနွေးကြတယ် ဆိုတဲ့ အသေးစိတ် အချက်အလက်ကိုတော့ နှစ်ဘက်စလုံးက ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
 
မစ္စတာ ကင်တားနားဟာ သူ့ရဲ့ ခရီးစဉ်အတွင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။ မနက်ဖြန် သူ မြန်မာနိုင်ငံက ပြန်လည်မထွက်ခွာခင် သူ့ခရီးစဉ်နဲ့ပတ်သက်လို့ ရန်ကုန်လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မယ်လို့ သိရပါတယ်။

ချီဖွေဒေသ KIA တပ်ရင်း ၁၀ သို့ အစိုးရတပ်နှင့် နယ်ခြားစောင့်တပ် ပူးပေါင်းထိုးစစ်ဆင်

ကချင်ပြည်နယ် ချီဖွေမြို့နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ (၁) ဒေသ လက်အောက်ခံ တပ်ရင်း (၁၀) တွင် အစိုးရတပ်နှင့်နယ်ခြားစောင့်တပ်များပူးပေါင်း၍ သြဂုတ်လ ၁၇ ရက်နေ့တွင် ထိုးစစ်ဆင်ရာ ယနေ့နံနက်ပိုင်းအထိ ထပ်မံဖြစ်ပွားနေကြောင်းသိရသည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ တပ်ရင်း (၁၀) နယ်မြေ ၅၉ မိုင်တွင် အစိုးရတပ်ရင်း ခမရ ၅၀၁ နှင့် ဦးဇခုန်တိန့်ယိန်းဖွဲ့စည်းထားသော ကချင်ဒီမိုကရေစီသစ်တပ်မတော် NDA-K နယ်ခြားစောင့်တပ်ပူးပေါင်း အင်အား ၂၀၀ ကျော်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KIO ဌာနချုပ်မှအတည်ပြုသည်။

ndak-border-guard-force

သြဂုတ်လ ၁၇ ရက်နေ့ကဖြစ်ပွားခဲ့သော တိုက်ပွဲသည် နံနက် ၇ နာရီမှ ညနေ ၄ နာရီခန့်ထိ အပြန်အလှန် ပြင်းထန်စွာ  တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အစိုးရဖက်မှ အထိနာသွားခဲ့သည်ဟု တပ်ခွဲမှူး ဇော်ဆိုင်းက KNG ကချင်သတင်းဌာန သို့ပြောသည်။

"အစိုးရ နဲ့ နယ်ခြားစောင့်တပ်တွေစုပေါင်းပြီး အင်အား ၂၅၀ ကျော်နဲ့ တပ်ရင်း ၁၀ ကို တနေ့လုံးထိုးစစ်ဆင်တာ မနိုင်တဲ့ ခါကျတော့ အားလုံး ပြန်နောက်ဆုတ်သွားတယ်။ သူတို့ဆီက   ၄၀ မမ ဗုံး နဲ့ အမ် ၂၄၊ အမ်- ၂၂ တို့  သိမ်းယူနိုင်ခဲ့တယ်လို့ကြားတယ်။ သူတို့ အလောင်းတွေ အားလုံး ၁၀ ယောက်ကျော် ထားခဲ့တယ်လို့ကြား တယ်။ အဲဒါ တချို့ နီးစပ်တဲ့ မိသားစုဝင်တွေက အဲဒီ အလောင်းတွေကို လာယူမယ်လို့ တပ်ရင်း ၁၀ မှာ ခွင့်တောင်းတယ်လို့ အကြောင်းကြားလာပါတယ်" ဟု ပြောသည်။

တိုက်ပွဲကြောင့် ထိခိုက်ကျဆုံးမှုများရှိသည်ဟု သိရသော်လည်း နှစ်ဖက် အတည်ပြုချက်မရသေးပါ။

အဆိုပါတိုက်ပွဲမဖြစ်ပွားမီ ထိုနယ်မြေများတွင် တပ်ချထားသော KIA တပ်များ အားလုံးကိုဖယ်ရှားပေးရန်နှင့် မဖယ်ရှားပါက ထိုးစစ်ဆင်ပစ်ခတ်မည်ဟု အစိုးရဖက်မှ သတိပေးခဲ့သည်ဟု ဆိုသည်။ ထိုသို့ပြောဆိုပြီး ၂ ရက်အကြာတွင် နယ်ခြားစောင့်တပ်နှင့်ပူးပေါင်း၍ ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟု သိရသည်။

ယခုနှစ်အတွင်း ၄င်းနယ်မြေများတွင် တင်းမာမှုအခြေအနေများ လျှော့နေချိန်ဖြစ်သော်လည်း ချီဖွေနယ် မြေတွင်း တရုတ်အစိုးရနှင့် အစိုးရပူးပေါင်း၍ မေခမြစ်ပေါ်တည်ဆောက်မည့် ရေကာတာစီမံကိန်း ၂ ခုထက်မနည်း ရှိနေသောကြောင့် KIO ကိုရှောင်ရှားစေလိုခြင်းဖြစ်သည်ဟု KIAအရာရှိများကသုံးသပ်သည်။

အစိုးရတပ်များသည် မေခမြစ်တဖက်ကမ်း ၅၉ မိုင်အနီး တပ်ချထားခြင်းဖြစ်ပြီး တိုက်ပွဲများသည် ဆက်လက်တင်းမာနေဆဲဖြစ်ကြောင်းသိရသည်။

ဆီးဂိမ်းအကြို ဟာသပြဇာတ်နဲ့ တေးဂီတဖျော်ဖြေပွဲ ဝင်ကြေးအခမဲ့ ကျင်းပမယ်

အမျိုးသားယဉ်ကျေးမှု အနုပညာဦးစီးဌာနနဲ့ ဆီးဂိမ်းအကြို လှုံ့ဆော်ပွဲတွေကို စဉ်ဆက်မပြတ် ကျင်းပနေတဲ့ ADMA ကုမ္ပဏီတို့ ပူးပေါင်းပြီး ဆီးဂိမ်းအကြို ပြဇာတ်နဲ့ တေးသီချင်း ဖျော်ဖြေပွဲကို သြဂုတ်လ ၂၃ ရက်နေ့ ညနေ ၆ နာရီမှာ ရန်ကုန် အမျိုးသား ပြဇာတ်ရုံမှာ ဝင်ကြေး အခမဲ့ ကျင်းပမယ်လို့ သိရပါတယ်။

ပြဇာတ် အစီအစဉ်မှာ ဒါရိုက်တာ မောင်သီ ရိုက်ကူးမယ့် "ပြိုင်ပွဲ'' အမည်ရ ဟာသပြဇာတ်ကို ကပြမှာဖြစ်ပြီး မြင့်မြတ်၊ဟိန်းဝေယံ၊ သဉ္ဇာဝင့်ကျော်၊ အိချောပို၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ ဧရာ၊ ပေါ်လေး၊ ဟားငါးကောင်တို့ ပါဝင် ကပြကြမှာ ဖြစ်ပါတယ်။

အဲဒီ ဟာသပြဇာတ်ကို မောင်ငယ်ရင်သွေးက ဇာတ်လမ်းရေးသားပေးပြီး လူရွှင်တော် ဧရာနဲ့ ချစ်ချောတို့က ဇာတ်ညွှန်း ခွဲပေးထားပါတယ်။

တေးဂီတဖျော်ဖြေမှု အစီအစဉ်မှာမှာတော့ အမျိုးသားယဉ်ကျေးမှု အနုပညာဦးစီးဌာနက အနုပညာရှင်တွေ ရေးသားစီစဉ်တဲ့ သီချင်းတွေကို တေးသံရှင် ဇော်ဝင်းထွဋ်၊ ထူးအယ်လင်း၊ ဗညားဟန်၊ ဖြိုးကြီး၊ စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ထွန်းထွန်း၊ မေခလာ၊ စိုးစန္ဒာထွန်း၊ ချမ်းချမ်း၊ နေနေ၊ နီနီခင်ဇော်တို့က သီဆိုဖျော်ဖြေ ကြမယ်လို့ သိရပါတယ်။

တေးဂီတအနေနဲ့ အင်ပါယာက တီးခတ်ပေးမှာဖြစ်ပြီး ဆီးဂိမ်းနဲ့ ပတ်သက်တဲ့ တေးသီချင်းတွေကို ပရိသတ်ကို ကြိုတင် ချပြပေးခြင်း ဖြစ်တယ်လို့ ADMA က တာဝန်ရှိသူ ကိုဝေလင်းက ပြောပါတယ်။

"ဆီးဂိမ်း ဖွင့်ပွဲနဲ့ ပိတ်ပွဲမှာ အသုံးပြုမယ့် သီချင်းတွေကို ယဉ်ကျေးမှု ဦးစီဌာနက မီဒီယာတွေကို ချပြတဲ့ပွဲပေါ့။ ဆိးဂိမ်းနဲ့ ပတ်သက်တဲ့ သီချင်းအပုဒ် ၂၀ လောက် ဆိုဖြစ်မယ်။ တယောက်တည်းကော၊ အတွဲကောဆိုမှာပါ" လို့ ဝေလင်းက ရှင်းပြပါတယ်။

ဆီးဂိမ်း ဟာသပြဇာတ်မှာ ဆရာမ နေရာကနေ သရုပ်ဆောင်မယ့် ခင်လှိုင်က ဆီးဂိမ်းပွဲကြီးမှာ ကိုယ့်နိုင်ငံ ဂုဏ်သိက္ခာ ညှိုးနွမ်းစေမယ့် အပြုအမူမျိုးတွေမလုပ်မိဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

"ဆီးဂိမ်းက ကျနော်တို့ မီတဲ့အချိန်မှာ ပထမဆုံးလုပ်တာဆိုတော့ ကြည်နူးစရာ၊ ပျော်ရွှင်စရာ ဂုဏ်ယူစရာလည်း ကောင်းပါတယ်။ အိမ်ရှင်အနေနဲ့ လက်ခံရမှာလေ။ တလောကလို ဘောလုံးကွင်းမှာ ဖြစ်တာမျိုး ဆိုရင်တော့ နိုင်ငံတကာနဲ့ ဆိုတော့ အင်မတန် သိက္ခာကျစေမှာပါ။ အဲဒီလိုမျိုး မဖြစ်စေချင်ဘူး။ လူတိုင်းကတော့ ကိုယ့်နိုင်ငံကို နိုင်စေချင်တာပေါ့၊ ဒါမျိုးကျတော့ နိုင်ငံအကြီးအကဲတွေချည်းပဲ ထိန်းလို့ မရဘူး၊ တဦးချင်း တယောက်ချင်းစီ ထိန်းရမှာတွေပါ။ အရေးကြီးတယ်၊ ဒါက ကိုယ့်နိုင်ငံ တခုလုံး ဂုဏ်သိက္ခာ ညှိုးစေမှာလေ။ အားကစားစိတ်နဲ့ပဲ ကြည့်သွား စေချင်တယ်။ အဲဒါလေးကို ပြဇာတ်မှာ ထည့်သွင်းသွားမယ်။ စေတနာနဲ့ပါ။ ဒီလို အခွင့်အရေးကို ရုပ်ဆိုးစေခဲ့မယ်ဆို နောင်နှစ်များစွာတိုင် ဒီလို ဖြစ်လာဖို့ မလွယ်တော့ဘူး။ ဒီဟာလေးကို ပြဇာတ်ထဲမှာ ထည့်ပြီး အသိပေးမှာပါ" လို့ သရုပ်ဆောင်ခင်လှိုင်က ပြောပါတယ်။

တေးသံရှင် ဇော်ဝင်းထွဋ်က "မဟာ" တေးသီချင်းကို အင်ပါယာ တေးဂီတနဲ့ ဖျော်ဖြေမှာ ဖြစ်ပြီး သီချင်း ၂ ပုဒ် သီဆိုမယ်လို့ သိရပါတယ်။

"ဆီးဂိမ်းပွဲမှာ ကိုညီထွဋ်က မဟာသီချင်း ဆိုမယ်။ နောက်တပုဒ်က ရွေးနေတုန်းပါပဲ။ ကျနော်တို့က ကိုညီထွဋ်ကိုပဲ တီးပေး မှာပါ။ ကျန်တဲ့ အဆိုတော်တွေက CD နဲ့ ဆိုကြမယ်" လို့ အင်ပါယာတေးဂီတဝိုင်းရဲ့ မန်နေဂျာ ကိုသန့်ဇော်က ပြောပါတယ်။

အင်ပါယာ တေးဂီတရဲ့ ဘေ့စ်ဂစ်တာသမား ကိုမြတ်မိုးကလည်း သူတို့အနေနဲ့ ကိုယ့်နိုင်ငံမှာ ကျင်းပမယ့် ဆီးဂိမ်းဖြစ်တဲ့ အတွက် တတ်နိုင်သလောက် ဂီတနဲ့ အကောင်းဆုံး လုပ်ပေးချင်တယ်လို့ ဆိုပါတယ်။

"၂၂ ရက် ညကျမှ သီချင်းတိုက်ကြမယ်။ ဆီးဂိမ်းကတော့ ကိုယ်တွေ နိုင်ငံမှာလုပ်တဲ့ပွဲ ဆိုတော့ အကောင်းဆုံး ဖြစ်စေချင်တယ်၊ လုပ်ချင်တယ်ပေါ့။ ဂီတနဲ့ ပတ်သတ်ပြီးလုပ်နိုင်သလောက် လုပ်ပေးတာပါ။ ပရိသတ်တွေလည်း ကျယ်ကျယ်ပြန့်ပြန့် သိစေချင်ပါတယ်" လို့ ကိုမြတ်မိုးက ပြောပါတယ်။

ADMA မီဒီယာ အနေနဲ့ ဆီးဂိမ်းအကြို ပျော်ပွဲရွှင်ပွဲများ၊ ဖျော်ဖြေပွဲများ ကို ၂၀၁၂ ခုနှစ်ကနေ စတင်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပြင်ဦးလွင် တောင်ကြီး စတဲ့ မြို့ကြီးတွေမှာ ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။ ADMA က ဦးစီးပြီး ဇူလိုင် ၁၃ ရက်နေ့တုန်းကလည်း နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမမှာ ဒါရိုက်တာမီးပွားစီစဉ်တဲ့ "မြန်မာ" ဆီးဂိမ်း လှုံ့ဆော်ရေး ပြဇာတ်ကို သရုပ်ဆောင် ဝေဠုကျော်၊ မြင့်မြတ်၊ ဖြိုးငွေစိုး၊ ထွန်းထွန်း၊ မိုးအောင်ရင်၊ ခင်လေးနွယ်၊ ချစ်စနိုးဦး၊ အိချောပို၊ ရွှေမှုန်ရတီ၊ ယုသန္တာတင်၊ နန်းမြတ်ဖြိုးသင်း၊ ဖိုက်စတား လူရွှင်တော် အဖွဲ့တို့နဲ့ ဖျော်ဖြေခဲ့ကြတယ်လို့ သိရပါတယ်။


မွတ်စလင်ဆန့်ကျင်ရေး မတည်ငြိမ်မှုများ မြန်မာနိုင်ငံတွင် မြင့်တက်မည့် အန္တရာယ်ရှိနေကြောင်း လူ့အခွင့်အရေး အဖွဲ့တစ်ဖွဲ့ သတိပေး

မြန်မာနိုင်ငံတွင် ဘာသာရေး အကြမ်းဖက်မှုများအတွက် မွတ်စလင်ဆန့်ကျင်ရေး ၀ါဒဖြန့်ချိမှုများကို ဖြေရှင်းရမည်ဖြစ်ပြီး ပြစ်ဒဏ်ပေးမှုမှ ကင်းလွတ်ခြင်း အလေ့အထကို ပပျောက်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက အကြမ်းဖက်မှုများ ဆိုးဆိုးရွားရွား မြင့်တက်လာနိုင်သည့် အန္တရာယ်ကို ရင်ဆိုင်ရနိုင်ကြောင်း လူ့အခွင့်ရေး အဖွဲ့တစ်ဖွဲ့က သြဂုတ် ၂၀ ရက်တွင် သတိပေးခဲ့သည်။

ပြီးခဲ့သည့်နှစ်က စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်း မွတ်စလင်တို့အပေါ် တိုက်ခိုက်မှုများသည် "ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ" ဖြစ်နေကြောင်း Physicians for Human Rights အဖွဲ့က ဖော်ပြခဲ့သည်။ အမေရိကန် အခြေစိုက် လူ့အခွင့်အရေးအဖွဲ့က မြန်မာနိုင်ငံတွင် မွတ်စလင်တို့အပေါ် တိုက်ခိုက်သည့် အခြေအနေသည် လတ်တလောတွင် တည်ငြိမ်နေသည်ဟု ထင်ရဖွယ်ရှိကြောင်း၊ စုံစမ်းစစ်ဆေးမှုများ မျှတစွာဆောင်ရွက်ရန် ပျက်ကွက်ခဲ့မှုနှင့် ပဋိပက္ခ၏ အကြောင်းရင်းများကို ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်မှုတို့ကြောင့် ပဋိပက္ခများ ထပ်မံဖြစ်ပွားလာနိုင်သည့် အန္တရာယ်ရှိနေကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာတို့ကို လူမျိုးသုဉ်း သတ်ဖြတ်မှုများ ရှိနေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ Human Rights Watch အဖွဲ့က စွပ်စွဲပြောကြားခဲ့မှုများကို မြန်မာဘက်က ပြင်းပြင်းထန်ထန် ငြင်းဆိုထားခဲ့သည်။

၂၀၁၂ ခုနှစ် ဇွန်နှင့်အောက်တိုဘာက မြန်မာအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ဒေသခံ ဗုဒ္ဓဘာသာဝင်များနှင့် ရိုဟင်ဂျာ မွတ်စလင်တို့အကြား လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ မြန်မာအာဏာပိုင်များသည် ရာဇ၀တ်မှု ကျူးလွန်သည်ဟူသော စွပ်စွဲချက်များဖြင့် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်တို့ကို နှစ်ဖက်စလုံး အရေးယူမှုများ ဆောင်ရွက်ခဲ့ကြောင်း ယင်းလူ့အခွင့်အရေး အဖွဲ့က အသိအမှတ်ပြု ထည့်သွင်းပြောကြားခဲ့သည်။

"ဒါပေမဲ့ မွတ်စလင်တွေက ဗုဒ္ဓဘာသာဝင်တွေထက် ပိုမိုကြာရှည်တဲ့ ပြစ်ဒဏ်ကာလ ချမှတ်ခံရပြီး ဖမ်းဆီးခံရတဲ့ မွတ်စလင်တွေလည်း ပိုများလာနေပါတယ်" ဟု Physicians for Human Rights အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ၀ီလျံဒေးဗစ်က ဘန်ကောက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

"အကြမ်းဖက်မှုက ရပ်တန့်နေပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံဆိုင်ရာ အကြမ်းဖက်မှုက ရှိနေဆဲပါ" ဟု ပြစ်ဒဏ်မှ ကင်းလွတ်သည့် အလေ့အထနှင့် တရားရေးစနစ်ကို ယုံကြည်မှုမရှိခြင်း၊ လူနည်းစုများကို ခွဲခြားဆက်ဆံသည့် ဥပဒေနှင့် ကျင့်ထုံးများကို သွယ်ဝိုက်ရည်ညွှန်းပြီး ၎င်းကဆိုသည်။

Ref:AFP

တီဗွီအပူလွန်ကဲရာမှ စားသောက်ဆိုင် တစ်ဆိုင်လုံးနီးပါး မီးလောင်ကျွမ်းမှု မော်လမြိုင်၌ဖြစ်ပွား

သြဂုတ်လ(၁၉)ရက်၊ နေ့လည် (၁၂း၀၀) နာရီဝန်းကျင်က မွန်ပြည်နယ်မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက်၊ သံလွင်ဥယျာဉ် ၀င်းအတွင်းရှိ City Top စားသောက်ဆိုင်မှ ရုပ်မြင်သံကြားစက်အပူလွန်ကဲရာမှတဆင့် ဆိုင်အတွင်းရှိ  အသုံးဆောင်ပစ္စည်းများကို ကူးစက်ကာ မီးလောင်ကျွမ်းမှု တစ်ရပ်ဖြစ်ပွားခဲ့သည်။

မီးလောင်ကျွမ်းမှုမှာ ဆိုင်ဝန်ထမ်းတစ်ဦးမှ (၂၁)လက်မ Samsung TV ဖွင့်ထားစဉ် မေ့လျောနေခဲ့သောကြောင့် တီဗွီမှတဆင့် အပူလွန်ကဲ၍ ပေါက်ကွဲကာ စားသောက်ဆိုင်အတွင်းရှိ ဆိုဖာများပေါ်သို့ ကူးစက်၍ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။

 

"ပထမတော့ မီးအားထိန်းစက်က ဖြစ်တယ်လို့ ပြောနေတာ။ ဒါပေမဲ့ အခုမှ TV က ဆိုတာ သိရတယ်။ မီးက တစ်နာရီ လောက် နီးပါးလောင်တယ်။ တော်သေးတယ်။ ဒါတောင် မီးလောင်တဲ့အချိန်က မိုးရွာနေလို့ နို့မို့ မလွယ်ဘူး" ဟု မျက်မြင်သက်သေ တစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုအား မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် (၆)စီးနှင့် ဒေသခံများက ၀ိုင်းဝန်းငြှိမ်းသတ် သည့်အတွက် နေ့လည်(၁၂း၄၅)နာရီ အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဟု မီးသတ်ဦးစီးဌာနမှ သိရှိ ရသည်။

မီးလောင်ကျွမ်းမှုမှာ စားသောက်ဆိုင်တစ်ခုလုံးနီးပါး လောင်ကျွမ်းခဲ့ခြင်းဖြစ်သည့်အတွက် ဆုံးရှုံမှုတန်ဖိုးမှာ စုစုပေါင်း ကျပ် (၁၉) သိန်း ခန့်ရှိခဲ့ကြောင်းနှင့် စားသောက်ဆိုင်ပိတ်ထားသည်မှာ ကြာပြီဖြစ်ကြောင်း မီးလောင်မှုနှင့် ပတ်သက်၍ ဆိုင်ဝန်ထမ်း တစ်ဦးဖြစ်သည့် အောင်အောင် အသက်(၂၅)နှစ်အား မြို့မရဲစခန်းမှ တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက် ထားကြောင်း မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

မော်လမြိုင်ခရိုင်အတွင်းတွင် ၂၀၁၃ ခုနှစ် အတွင်း မီးလောင်မှုစုစုပေါင်း (၃၁) ကြိမ်ခန့်ဖြစ်ပွားခဲ့ကြောင်းနှင့် ဆုံးရှုံးမှု တန်ဖိုး ကျပ်သိန်း(၄၀၀၀)ကျော်ဖိုးရှိကာ ပေါ့ဆမီးကြောင့် လောင်ကျွမ်းမှုအများဆုံး ဖြစ်ရသည်ဟု မော်လမြိုင်ခရိုင် မီးသတ်ဦးစီးဌာနမှ သိရှိရသည်

ကောလာဟလသတင်းများကြောင့် ဒေသခံများစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများလာ

ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ်နတ်မြစ်ကမ်းခြေတစ်လျှောက်တွင် ရေလုပ်ငန်းဖြင့် အသက်မွေး ၀မ်းကျောင်းပြုနေကြသော ဒေသခံရေလုပ်သား တံငါသည်များမှာ ကောလာဟလ သတင်းများကြောင့် နေရပ်ပြန်နေထိုင်ကြကြောင်း ဒေသခံရေလုပ်သားများ၏ပြောပြချက်များအရသိရသည်။

မောင်တောနယ်စပ်နတ်မြစ်ကမ်းခြေတစ်လျောက်၌ ယာယီတဲအိမ်များဆောက်လုပ်ပြီးရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသည့် တံငါသည်အိမ်ထောင်စု(၅၀)ခန့်နှင့်ရေလုပ်သားအရေအတွက်(၂၅၀)ခန့်ရှိပြီး ၄င်းတို့အနေဖြင့်အတည်မပြုနိုင်သော ကောလဟသ သတင်းများကြောင့် စိတ်ပူပင်ကြောင့်ကျလျက်ရှိကြောင်း သိရှိရသည်။

 " RSO(ရိုဟင်ဂျာလွတ်မြောက်ရေးတပ်ဦး)ကဒီကနေ့လာ၊ မနက်ဖြန်လားဆိုပြီး ကျွန်တော်တို့ဒေသခံရေလုပ် သားတွေကို လက်စသတ် သုတ်သင်ရှင်းလင်းသွားမယ်ဆိုတဲ့သတင်းကြားလို့ ရေလုပ်သားတော်တော်များများ နီးစပ်ရာဒေသခံကျေးရွာတွေ ကိုနေရပ်ပြန်သွားကြပါပြီ" ဟုတောင်ပြိုလက်ဝဲနတလကျေးရွာမှရေလုပ်သားတစ်ဦးကဆိုသည်။

အဆိုပါသတင်းစကားများမှာ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ထွက်ပေါ်လာခဲ့ပြီး ဒေသခံများအပေါ်တွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဖြစ်ပေါ် စေရန် ခြိမ်းခြောက်မှုများအသွင်ဖြစ်လာကြောင်း ဒေသခံတို့က သုံးသပ်ပြောဆိုသည်။

`ဒီလိုသတင်းတွေအဆက်မပြတ်ကြားနေရတော့ ဘယ်သူကလုံခြုံရေးကင်းမဲ့တဲ့နယ်စပ်ဒေသတွေမှာ ဆက်ပြီးနေရဲမှာလဲဗျာ။ စိတ်ခြိမ်းခြောက်မှု လွတ်ကင်းတဲ့ နေရပ်တွေကိုပြန်သွားကြတာပေါ့" ဟု တောင်ပြိုလက်ဝဲနတလကျေးရွာမှ ရေလုပ်သားတစ်ဦးကဆိုသည်။

အဆိုပါရေလုပ်သားများမှဖမ်းဆီးရရှိလာသည့်ရေထွက်ပစ္စည်းများကိုတစ်ဆင့်ခံဝယ်ယူပြီးဘင်္ဂလာဒေ့ရှ်သို့ တင်ပို့နေသည့်ဒေသခံငါး၊ပုစွန်၊ ကဏန်းအ၀ယ်ဒိုင်အရေအတွက်(၁၈)ဒိုင်ရှိကြောင်းနံ့သာတောင်ကျေးရွာအနီး ငြိမ်းချမ်းရေကဏန်းအ၀ယ်ဒိုင်မှကိုမောင်ကျန်ကပြောကြားသည်။

ယခုလသြဂုတ်လ ပထမပတ်အတွင်းမှစပြီးနတ်မြစ်ကမ်းခြေတစ်လျှောက်ရှိ ရခိုင်ဗုဒ္ဒဘာသာဝင်ရေလုပ်သားတံငါသည် စခန်းများနှင့်ရေလုပ်သားများ အားလုံးကို အာအက်(စ်)အို(ရိုဟင်ဂျာလွတ်မြောက်ရေးတပ်ဦး)အကြမ်းဖက်စစ် သွေးကြွအဖွဲ့ကသုပ်သင်ရှင်းလင်းသွားမည်ဟုဆိုသည့် သတင်းထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

မည်သူမည်ဝါဖြစ်ကြောင်းအတည်ပြုရန်ခက်ခဲသည့်ဒေသဧည့်နေဘဂါင်္လီတစ်ချို့၏ထပ်ဆင့်ပုံကြီးချဲ့သတင်းခြောက် လှန်မှု့ကြောင့်ဒေသခံရေလုပ်သားများမှာ ဆက်လက်နေထိုင်မလုပ်ကိုင်ရဲကြဘဲနေရပ်ပြန်သွားကြရခြင်း ဖြစ်ကြောင်းနတ်မြစ်ကမ်းခြေအောက်ပြုံးမကျေးရွာမှရေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

`ဒီလိုသတင်းတွေထွက်လာတဲ့အပေါ်မှာ သက်ဆိုင်ရာကလည်း စစ်ဆေးပြီးတာဝန်ယူ ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်၊ နို့မို့ရင် လုပ်သားခက်ခဲမှုနဲ့ ဒေသစီးပွားရေးလုပ်ငန်းတွေကို ထိခိုက်စေနိုင်ပါတယ်`ဟု နတ်မြစ်ကမ်းအောက်ပြုံးမ ကျေးရွာသားတစ်ဦးက ပြောသည်

မြ၀တီ၌ အယောင်ဆောင်လက်နက်ကိုင်အဖွဲ့အစည်းများ ရှိလာ

ကရင်ပြည်နယ် မြဝတီနယ်စပ်ဒေသအတွင်း၌ လက်နက်ကိုင်အဖွဲ့အစည်း အယောင်ဆောင်မှုများရှိလာသည်ဟု နယ်ခြားစောင့်တပ်ဖွဲ့ Boder Gward Force တပ်မှ ဗိုလ်မှူးကြီး စောချစ်သူက ပြောကြားသည်။

"အားလုံးသိထားဖို့က ဒီမှာအတုအယောင်တွေ တော်တော်များတယ်။ အတုအယောင်ဆိုတာက BGF လိုလို၊ KNU ယောင် ယောင်၊ DKBA ယောင်ယောင်တွေ အများကြီးရှိတယ်"ဟု BGFတပ်မှ ဗိုလ်မှူးကြီးစောချစ်သူက ပြောသည်။

နယ်စပ်မြို့များ၌ လက်နက်များ တရားမဝင်ဝယ်ယူကိုင်ဆောင်မှုများကြောင့် ယခုကဲ့သို့ လက်နက်ကိုင်အဖွဲ့ အစည်း အယောင် ဆောင်သူများ ရှိလာခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့အယောင်ဆောင်များကို ထိန်းချုပ်နိုင်ရေး ကရင့် လက်နက်ကိုင် အဖွဲ့အစည်း ညီညွတ်ရေး ကော်မတီကို ဖွဲ့စည်းထားသည်ဟု သိရှိရသည်။

"ဒီကိစ္စက ဝုန်းဒိုင်းဝုန်းဒိုင်းလုပ်လို့မရဘူး။ အချိန်ယူပြီးတော့ အတုအယောင်ရယ် မှန်ကုန်တဲ့ အဖွဲ့အစည်းရယ်လို့ ကွဲကွဲ ပြားပြားသိလာရအောင် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှုတွေ များများလုပ်ရမယ်"ဟု ဗိုလ်မှူးကြီး စောချစ်သူက ပြောသည်။

နယ်ခြားစောင့်တပ်(BGF)များသည် တရားဝင်အဖွဲ့အစည်းများဖြစ်သည့်အတွက်ကရင်ပြည်နယ်တစ်ခုလုံးတွင် လက်နက်ကိုင် ဆောင်ခွင့်ရှိကြောင်းနှင့် တာဝန်အရဆိုပါက တစ်နိုင်ငံလုံး၌ပင် လက်နက်ကိုင်ဆောင်ခွင့်ရှိသည်ဟု အဆိုပါအဖွဲ့အစည်းမှ သိရှိ ရသည်။

ဗဟို ကွပ်ကဲရေးနှင့် အကြံပေး အထွေထွေအတွင်းရေးမှူးအပြင် BGF တပ်မှ ဗိုလ်မှူးချုပ် စောချစ်သူသည် ကရင် အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်ကာ တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) အဖြစ် ထူထောင်ခဲ့သူများတွင် ခေါင်းဆောင် တစ်ဦးအဖြစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၀၇ ခုနှစ်တွင် ၎င်းဦးဆောင်သော DKBA တပ်ဖွဲ့ဝင်များအနေဖြင့် အစိုးရမှ နယ်ခြားစောင့်တပ်အဖြစ် လက်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သြဂုတ်၃ရက် က မြဝတီမြို့ပေါ်၌  နယ်ခြားစောင့်တပ်တပ်ဖွဲ့ဝင်တစ်ဦးထံမှ သေနတ်နှင့် ကျည်ဆန်များ ဖမ်းဆီး ရမိခဲ့သည်ဟု နယ်စပ်ဒေသလုံခြုံရေးဝန်ထမ်းတစ်ဦးက ဆိုသည်

ကမ္ဘာ့ ဖော်ရွေမှု အရှိဆုံးမြို့ကြီး ၂၀ တွင် မြန်မာမှ မန္တလေးမြို့ပါဝင်လာ

ကမ္ဘာ့ဖော်ရွေမှုအရှိဆုံး မြို့ကြီး၂၀ ကို CNN သတင်းဌာနက ဖော်ပြရာတွင် မြန်မာနိုင်ငံမှ မန္တလေးမြို့မှာ နံပါတ်စဉ် ရှစ်၌ ဖော်ပြခံရကြောင်း CNNနှင့် Xinhua သတင်းဌာနတို့၏ ဖော်ပြချက်အရ ၁၇-၈-၂၀၁၃ ရက်တွင် သတင်းရရှိသည်။ အလားတူပင် ကမ္ဘာ့ဖော်ရွေမှု အကင်းမဲ့ဆုံးမြို့ ၂၀ နှင့် နိုင်ငံတို့ကိုလည်း ဖော်ပြရေးသားခဲ့ပြီး တရုတ်နိုင်ငံမှ မြို့နှစ်မြို့လည်း ပါဝင်နေသည်ဟု ဖော်ပြချက်များမှ သိရသည်။

CNN သတင်းဌာနသည် ကမ္ဘာကျော် ခရီးသွားမဂ္ဂဇင်း (Conde Nest Traveller) ၏ စစ်တမ်းပြုစုမှုအပေါ် ကိုးကားပြီး ပြန်လည်ဖော်ပြခြင်းဖြစ်ကာ ဖတ်ရှုသူ ၄၆၀၀၀ ကျော်ထံမှ သုံးသပ်ချက်များကို အတည်ပြုထားခြင်း ဖြစ်ကြောင်းသိရသည်။ "နယူးယောက်မြို့နားမှာရှိတဲ့ Newark ဟာ အဆိုးဝါးဆုံး ဖော်ရွေမှု မရှိတဲ့ ဒေသထဲမှာ ပါဝင်နေတယ်လို့ စာအုပ်ဖတ်ရှုသူတွေဆီက ပြောကြားချက်တွေမှာ တွေ့ရပါတယ်" ဟု Conde Nest Traveller က ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။

ကမ္ဘာ့ဖော်ရွေမှုအရှိဆုံး မြို့များမှာ Florianopolis (ဘရားဇီး)၊ Hobart (Tasmania)၊ (Thimpu) (ဘူတန်)၊ Queenstown (နယူးဇီလန်)၊ Charleston (South Carolina)၊ Cork (အိုင်ယာလန်)၊ Paro (ဘူတန်)၊ မန္တလေး (မြန်မာ)၊ Margaret River (သြစတေးလျ)၊ Kilkenny (အိုင်ယာလန်)၊ Ubud Bali (အင်ဒိုနီးရှား)၊ Chaingmai (ထိုင်း)၊ Christchurch (နယူးဇီလန်)၊ Dubblin (အိုင်ယာလန်)၊ Galenal(Illinois)၊ Victoria( British Columbia)၊ Auckland (နယူးဇီလန်)၊ Savannah (ဂျော်ဂျီယာ)၊ Edinburgh (စကော့တလန်)နှင့် Asheville (North Corolina) တို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားများနှင့် နှစ်သက်မှုရှိသော တိုင်းပြည်တစ်ခုဖြစ်နေပြီး မြန်မာနိုင်ငံကို ရောက်ဖူးသူ အများစုထံမှ ပြောနေကျစကားဖြစ်သည့် "မြန်မာတွေက သဘောကောင်းကြတယ်။ ဖော်ရွေတယ်။ နိုင်ငံခြားသားတွေကို အထင်ကြီးလေးစား အရေးတယူ ရှိကြပုံပါပဲ" ဟူသော အချက်နှင့် ကိုက်ညီစွာပင် ယခုကဲ့သို့ ကမ္ဘာကျော် ခရီးသွားမဂ္ဂဇင်းနှင့် ကမ္ဘာကျော် သတင်းဌာနများက ရေးသား ဖော်ပြလာခြင်းဖြစ်ကြောင်း ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

ပြည်မြန်မာ

စိုက်ခင်းသွားတောင်သူတဦး ဓါးပြတိုက် သတ်ဖြတ်ခံရ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း ငရုပ်စိုက်ခင်းသွားသည့်ဒေသခံ ရွာသူ တဦး အမည်မသိအဖွဲ့တဖွဲ့၏ ပစ်သတ်ခြင်းခံရကြောင်း စုံစမ်းသိရှိရသည်။

ယခုလ ၁၇ ရက် ညနေ ၆ က တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် တဘက် (တမ်ဖတ်ခ်) အုပ်စုအတွင်းရှိ နောင်ခုံးရွာသူ ဒေါ်နန်းဖဲ (အသက် ၄၃) နှစ်အား မျက်နှာဖုံးစွပ်ထားသည့် လူဆိုး ၂ ယောက်က သတ်ဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဆီဆိုင်ဒေသခံ ဦးခမ်းက ပြောပါသည်။

"ပါ့နန်းဖဲက ဝမ့်နောင်ခမ်းရွာမြောက်ဘက်မှာရှိတဲ့ သူ့ခြံ ကိုအသွား လမ်းမှာ M 16 ကိုယ်စီကိုင်ထားတဲ့ လူဆိုး ၂ ယောက်က ကတားပြီး ဓါးပြတိုက်တာ။ သူ့အော်သံကို အဲဒီနားမှာ ခြံလုပ်နေတဲ့ အိုက်တူးက ကြားပြီး ကူဖို့ပြေးသွားတာ လူဆိုး ၂ ယောက်က သေနတ်ချိန်ပြီး " ဟေ့ကောင် မင်းမိုက်ရင်ရှေ့ဆက်တိုးလိုက်" လို့ ဗမာလိုပြောတယ်။ အိုက်တူးလဲ နောင်ခုံးရွာကိုအမြန်ပြန်လာပြီး ရွာသား တွေ ကိုပြောတော့ ရွာသားတွေ ည ၁၁ နာရီကျော်အထိ လိုက်ရှာတာ လူဆိုးရော ပါ့နန်းဖဲကိုရော မတွေ့ရတော့ ဘူး" ဟု ဦးခမ်းက ပြောပါသည်။

၁၈ ရက်နေ့နံနက်ပိုင်း ရွာသားများက ထပ်မံလိုက်ရှာရာ နောင်ခုံးရွာ မြောက်ဘက် တောစပ်တွင် ပါ့နန်းဖဲ၏ အလောင်းကို တွေ့ရကြောင်း ၊ နဖူးနှင့် ငယ်ထိပ်၌ ပွင့်ထွက်သည့်ဒဏ်ရာကြောင့် သေနတ်ဖြင့် ပစ်သတ်သည်ဟု ထင်ရကြောင်း၊ သေသူ၏ နားကပ်ကိုလည်း လူဆိုးများ ဖြုတ်ယူ သွားကြောင်း အမျိုးတော်စပ်သူတဦးကလည်း အတည်ပြုပြောဆိုပါသည်။

ယခုအခါ လူသတ်တရားခံ လူဆိုးများအား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အာဏာပိုင်များက လိုက်လံရှာဖွေနေကြောင်းလည်း ဦးခမ်းကပြောပါသည်။

by သျှမ်းသံတော်ဆင့်


သံတွဲမြို့ပေါ်ရပ်ကွက်အားလုံး ရေနစ်မြုပ်

ရခိုင်ပြည်နယ် သံတွဲမြို့တွင် လွန်ခဲ့သည့် သုံးရက်ကတည်းက မိုးသည်းထန်စွာရွာသွန်း ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့၌ ရေကြီးမှု များဖြစ်နေကြောင်း ဒေသခံ များက ပြောသည်။"မနေ့က ညနေမှာ ရေစတက်တယ်။ ရေတက်တာကလည်းမြန် တယ်။ ဒီနေ့နေ့လယ်အထိ ရေပြန်ကျတာလေးလက်မလောက်ပဲ ရှိသေးတယ်"ဟု သံတွဲမြို့ အမှတ်(၂) ရပ်ကွက်မှဒေသခံပြည်သူတစ်ဦးက ပြောသည်။ရေကြီးမှုကြောင့် သံတွဲမြို့ပေါ် ရပ်ကွက် အားလုံး ရေနစ်မြုပ်ခဲ့ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် မြို့နယ်အတွင်းရှိ ကျေးရွာ အချို့တွင်လည်း ရေကြီးနစ်မြုပ်မှုဖြစ် နေကြောင်း သိရ သည်။"ရွှကျောင်း ပြင်၊ ခြံပြင်၊ နတ်ပြင်ရွာတစ်လျှောက်မှာ ရေကြီးနေတယ်။ ပြီးတော့ ဒါးသွေး ကျောက်၊ သမုတ်ချောင်းရွာတွေ ဘက်မှာလည်း ရေကြီးနေတယ်။ အံတော်ချောင်းဘေး က တရော်တော ရွာမှာဆိုရင် ကမ်းပါးတွေ ပြိုကျတယ်" ဟု ဒေသခံ တစ်ဦးက ပြောသည်။

သံတွဲမြို့သည် မြန်မာနိုင်ငံ၏ မိုးရေ ချိန်အများဆုံးမြို့များတွင် ပါဝင်ပြီး ယခုရက်ပိုင်းတွင် သံတွဲနှင့် ရခိုင် ပြည်နယ် မြို့နယ်များတွင် မိုးသည်း ထန်စွာ ရွာသွန်းလျက်ရှိသည်။ ယခုနှ စ် မိုး ရာသီ တွင် မိုးသည်းထန် စွာ ရွာသွန်းမှုနှင့်အတူ မြန်မာနိုင်ငံ အတွင်း မြို့နယ်များစွာ၌ ရေကြီး ရေ လျှံမှုဖြစ်ခဲ့ပြီး မြေပြိုမှုများနှင့် လမ်းပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ သည်။

(ပိုင်စိုး)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

ထိုင်း လူဝင်မှု အချုပ်ခန်းကနေ ရိုဟင်ဂျာတွေ ထွက်ပြေး

မလေးရှားနယ်စပ် ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ထိန်းသိမ်း ခံထားရတဲ့ ရိုဟင်ဂျာ အယောက် ၉ဝ နီးပါး အချုပ်ခန်း ဖေါက်ပြီး ထွက်ပြေးသွား ပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်း ဆွန်ခလာ ခရိုင် စဒေါင်းမြို့က ထိုင်း လူဝင်မှု ကြီးကြပ်ရေး အချုပ်ခန်းမှာ ထိန်းသိမ်း ခံထားရတဲ့ ရိုဟင်ဂျာ ၁၅ဝ လောက်ထဲက ၈၇ ဦးဟာ တနင်္လာနေ့ညက အချုပ်ခန်း မျက်နှာကြက်ကို ဖေါက်ပြီး ထွက်ပြေးသွားတာလို့ စဒေါင်း လူဝင်မှု ကြီးကြပ်ရေးဌာနက အမျိုးသမီး ရဲတာဝန်ရှိသူက ပြောပါတယ်။

အခု နှစ်ဆန်းပိုင်းက စပြီး ရိုဟင်ဂျာ အယောက် ၂ဝဝဝ နီးပါးကို ထိုင်းနိုင်ငံမှာ ဖမ်းဆီးရမိပြီး ထိုင်းနိုင်ငံ အချုပ်ခန်းတွေမှာ ခွဲပြီး ချုပ်နှောင် ထားတာဖြစ်ပါတယ်။

အဲ့ဒီလူတွေဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလာဒေ့ရှ် နယ်စပ်ကနေ လှေစီးပြီး ပင်လယ်ကနေ မလေးရှားကို သွားဖို့အလာ ထိုင်းနိုင်ငံမှာ ကမ်းကပ်မိပြီးနောက် အဖမ်းခံထားရတဲ့ သူတွေဖြစ်ပါတယ်။

ဒီလူတွေဟာ မြန်မာနိုင်ငံက လာတဲ့သူတွေ ဖြစ်တယ်လို့ ထိုင်းအစိုးရ တာဝန်ရှိသူ တွေက ပြောပါတယ်။

အဲဒီလူတွေကို စိစစ်ပြီး မြန်မာနိုင်ငံကို ပြန်ခေါ်သွားဖို့ မြန်မာအစိုးရကို ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ဌာနက တောင်းဆိုထားပါတယ်။

ရိုဟင်ဂျာတွေကို ထိန်းသိမ်းထားတဲ့ အချုပ်ခန်း ၂ ခုက လူပေါင်း ၂ဝဝ ကျော်ကို ဘန်ကောက်မြို့မှာ ရှိတဲ့ မြန်မာသံရုံး တာဝန်ခံတွေ သွားရောက် စစ်ဆေးခဲ့ရာမှာ မြန်မာနိုင်ငံက လာတယ်လို့ ယူဆရတဲ့ အထောက်အထား ပြနိုင်သူ ၇ ယောက် လောက်ကိုသာ တွေ့ခဲ့ကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ၃၅ ဦး တွေ့ပြီး ကျန်တဲ့ သူတွေက ဘယ်နိုင်ငံသားတွေ ဆိုတာ အထောက်အထား မပြနိုင်ကြကြောင်း သံအမတ်ကြီး ဦးတင်ဝင်းက ပြီးခဲ့တဲ့ ရက်ကပဲ ဘီဘီစီကို ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)