Thursday, August 22, 2013

လှိုင်သာယာမြို့နယ်တွင် လိုင်စင်မဲ့ဆိုင်ကယ်များ ဖမ်းဆီးအရေးယူမှုကြောင့် ယာဉ်တိုက်မှုလျော့ကျဟု ဆို

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို အရှိန်မြှင့်ဖမ်းဆီး အရေးယူ မှုများ ပြုလုပ်လျက်ရှိရာ ယာဉ်တိုက်မှုများ လျော့ကျလာသည်ဟု လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူးက သြဂုတ် ၂၀ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

အဆိုပါ မြို့နယ်အုပ်ချုပ်ရေးမှုးက "ရန်ကုန်တိုင်း စည်ပင်သာယာနယ်နိမိတ်အတွင်းမှာ ဆိုင်ကယ်စီးခွင့် ပေးမထား ပါဘူး။ လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေကို သိမ်းတယ်။ လိုင်စင်ရှိတဲ့ ဆိုင်ကယ်တွေကို ဖမ်းပြီး ၅၁ လမ်းရုံးမှာ ဒဏ်ငွေငါးသောင်း ပေးဆောင်ပြီး ပြန်ရွေးရတယ်။ ဒီလို ဆိုင်ကယ်တွေကို အရေးယူပေးတဲ့အတွက် ယာဉ်တိုက်မှု
တွေ သိသိသာသာ လျော့ကျသွားတယ်"ဟု ပြောသည်။

လှိုင်သာယာမြို့နယ်အတွင်းတွင် ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူများအပါအ၀င် ဆိုင်ကယ်စီးသူ အများအပြား ရှိနေပြီး ယင်းသို့ ဖမ်းဆီးမှုများကြောင့် ဆိုင်ကယ်ကယ်ရီသမားများ၏ မိသားစု စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်းလည်း လှိုင်သာယာဒေသခံများက ဆိုသည်။

လှိုင်သာယာနယ်ခံ ကုမ္ပဏီ ၀န်ထမ်းတစ်ဦးက "ဆိုင်ကယ်ဖမ်းရင် ငွေဒဏ် ဆောင်ရတာတို့၊ ဆိုင်ကယ် သိမ်းခံရတာ တို့ အရင်ကတည်းက ရှိတယ်။ အခု ဆိုင်ကယ်ဖမ်းရင် လူကို ထောင်ချလို့ရတယ်လို့ပါပြောတာတွေ ရှိလာတယ်။ အဲတော့ ဆိုင်ကယ်တွေ မစီးရဲကြတော့ဘူး"ဟု ဆိုသည်။

ဆိုင်ကယ် ကယ်ရီသမားများကို ဖမ်းဆီးသောနေရာတွင် ကယ်ရီသမားများသည် ခရီးသည်အပါဝင် သုံးယောက် တင်ခြင်း၊ ဆိုင်ကယ်စီးဦးထုပ် ဆောင်းမထားခြင်း အစရှိသော စည်းကမ်း ဖောက်ဖျက်မှုများကြောင့် ဖမ်းဆီးရခြင်း
ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။

၎င်းက "ကယ်ရီသမားတွေက စည်းကမ်းမရှိကြဘူး။ ဒါကြောင့်ဖမ်းတာ။ ထောင်ချလို့ ရတယ်ဆိုတာက လိုင်စင်မဲ့ ဆိုင်ကယ်ကို စီးတာဖြစ်တဲ့အတွက် ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ အရ ထောင်ဒဏ်ချမှတ်လို့ ရတယ်ဆိုတာကို
ပြောတာပါ။ လှိုင်သာယာမှာက ထန်းတစ်ပင်၊ ဒလ၊ တွံတေးနယ်ဘက်က ဆိုင်ကယ်တွေ နယ်ကျွံပြီး စီးနင်းတာတွေ ရှိနေတဲ့အတွက် လွန်ခဲ့တဲ့ သုံးလလောက်ကစပြီး အရှိန်မြှင့် အရေးယူနေ ရခြင်းဖြစ်တယ်"ဟု ဆိုသည်။

ရန်ကုန် စည်ပင်သာယာနယ်နိမိတ်အတွင်း တရားမ၀င် စီးနင်းနေသော ဆိုင်ကယ်များကို ပြီးခဲ့သည့် ဇူလိုင် လဆန်းပိုင်းက မြောက်ဥက္ကလာပမြို့နယ် ခြောက်ကွေ့ရပ်ကွက်တွင် ဖမ်းဆီးခဲ့ပြီး အငှားဆိုင်ကယ်များကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ လှိုင်သာယာတွင် ဖမ်းဆီးခြင်းအပြင် အခြားဆင်ခြေဖုံးရပ်ကွက် အချို့တွင်လည်း ဖမ်းဆီးမှုများ ရှိနေသည် ကို ယင်းရပ်ကွက်ရှိ ဒေသခံများက ဆိုသည်။

ကြည့်မြင်တိုင်တွင် သစ်ကိုင်းပဲ့ကျသဖြင့် လူ(၂)ဦး ဒဏ်ရာရ

သြဂုတ်လ (၂၀)ရက်နေ့ ညနေ(၅း၀၀)နာရီကျော်တွင် ကြည့်မြင်တိုင်မြို့နယ်၊အိုးဘိုရပ်ကွက်၊ ဗိုလ်သူရလမ်း၊ မြို့နယ်စာတိုက် ရှေ့ရှိ သက်တမ်းရင့်ကုက္ကိုပင်ကြီးမှ လမ်းမပေါ်သို့ထွက်နေသည့် လုံးပတ်(၂)ပေ ခန့်ရှိသစ်ကိုင်းပဲ့ကျခဲ့ခြင်းကြောင့် လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပဲ့ကျသော သစ်ကိုင်းမှာ လမ်းဘေးတွင်သွယ်တန်းထားသောလျှပ်စစ်မီးကြိုးများ ပေါ်သို့ကျခဲ့သဖြင့် ကွန်ကရစ်ဓါတ်တိုင်(၆)တိုင်နှင့်ဓါတ်တိုင်များသို့ သွယ်တန်းထားသော အိုးဘိုရပ်ကွက်ရှိ ထရန်စဖော်မာ (၁)လုံးပြိုလဲခဲ့ကြောင်း သိရသည်။

 "သစ်ပင်ပဲ့ကျတာက ၁၈ ရက်နေ့ မနက် (၂း၀၀)နာရီ ၀န်းကျင်ကလေးပြင်းတိုက်ခတ်မှုဒဏ်ကြောင့် ၂၀ ရက်နေ့မှာ သစ်ပင်အိုကြီးတွေက ပဲ့ကျကြတာပါ" ဟုစည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓါတ်တိုင်(၆)တိုင် ပြိုလဲခဲ့ခြင်းကြောင့် ရပ်ကွက်အတွင်းမီးပြတ်တောက်သွားခဲ့ခြင်းရှိကာ မြို့နယ်လျှပ်စစ်မှ တာဝန်ရှိသူများမှာ(၂၄)နာရီအတွင်း မီးပြန်လည်ရရှိရန် ပြုလုပ်ပေးမည်ဖြစ်ကြောင်းပြည်သူများသို့ ပြောကြားခဲ့သည်။

ကျိုးကျသော သစ်ကိုင်းမှ အပင်အောက်တွင် ရပ်ထားသော ၃ဃ/----- ချယ်ရီဝက်ဂွန်အငှားယာဉ် ပေါ်သို့ ကျခဲ့သဖြင့် ယာဉ်အမိုးအနည်းငယ်ပိန်ချိုင့်ပျက်စီးခဲ့ကာ ၎င်းနေရာအနီးတွင် ထီရောင်းချနေသော

ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သူ သားအဖနှစ်ဦးအားထိခိုက်မိသောကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူ နှစ်ဦးမှာ ဦးမြင့်စိုး နှင့် သမီးဖြစ်သူမယွန်းပိုးအိတို့(၂)ဦးဖြစ်ကာ ဒဏ်ရာအနည်းငယ် ရရှိခဲ့သောကြောင့်ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

"ဓါတ်တိုင်တွေကို လုလိက်ရှိ ပြန်ထောင်နေတယ်။ ထရန်စဖော်မာနှစ်ခုနဲ့ပတ်သတ်နေတဲ့ ရပ်ကွက်တွေကို နှစ်ဆယ့်လေးနာရီအတွင်း မီးပြန်လာအောင်လုပ်ပေးသွားမယ်။" ဟု မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်စွာက ပြောသည်။မြို့နယ်စည်ပင်သာယာရေးကော်မတီမှလည်း လမ်းပိတ်ဆို့မှုမဖြစ်ပေါ်စေရန် လမ်းအားနှစ်နာရီအတွင်း ရှင်းလင်းမှုများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

သစ်ကိုင်းပဲ့ကျမှုကြောင့် တန်ဘိုးငွေကျပ်(၂၆)သိန်းခန့်ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် အဆိုပါ နေရာသို့ကြည့်မြင်တိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များမြို့နယ်စည်ပင်သာယာအဖွဲ့၊ မြို့နယ်လျှပ်စစ်မှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တို့မှ ဖယ်ရှားရှင်းလင်းလျက်ပြုပြင်ရေးများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

"ဘာသံမှ မကြားရဘဲနဲ့ ၀ုန်းခနဲဆိုပြီး ပဲ့ကျတာ ဖြတ်သွားနေတဲ့ကားပေါ်ကိုကျတာ ကံကောင်းခြင်လို့ အဖျားလေးပဲ ထိသွားတာ။ ဒီမှာကလည်း အရင်ဆိုလူဖြတ်တယ်။ ခုက ရွှံဗွက်တွေရှိနေလို့ သိပ်မဖြတ်တာ။ မနက်ပိုင်းမဖြစ်တာကံကောင်းတယ်။ မနက်ဆို ဈေးသည်တွေနဲ့ ဖုန်းဘေလ်ဆောင်တဲ့သူတွေ ဒီနေရာမှာရှိနေတာပါ။"ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

သြဂုတ်လ (၁၈)ရက်နေ့မှာလည်း အထက်ကြည်မြင်တိုင်းလမ်းနှင့် ရုံးကြီးလမ်းထောင့်တွင် ညောင်ပင် တစ်ပင်မှာ လမ်းမပေါ်သို့ လဲကျမှုတစ်ခုဖြစ်ပွားခဲ့ကာ အချို့နေရာများတွင်လည်း သစ်ပင်အိုလဲကျမှုများ မကြာခဏဖြစ်ပွားလျက်ရှိနေကြောင်း ဒေသခံပြည်သူများထံမှ သိရသည်

ရွှေတွင်း၌ မြေပြိုကျမှုကြောင့် လူ(၅)ဦးသေဆုံး(၄)ဦး ဒဏ်ရာရ

ပဲခူးတိုင်း ဒေသကြီးနှင့် နယ်မြေချင်း ထိစပ်နေသော တောင်ငူမြို့၏ အရှေ့တောင်ဘက် ကရင်ပြည်နယ် သံတောင်ကြီးခရိုင် သပြေညွန့်မြို့နယ်၊ ချောင်းမငယ် ကျေးရွာအုပ်စု၊ လွန်းဘူး ကျေးရွာ နယ်မြေတွင်ပါဝင်သော ကရင်ပြည်နယ် တောင်တန်းများပေါ်၌ ရွှေတူးဖေါ်ရေး လုပ်ငန်းများ လုပ်ကိုင်နေကြသော ရွှေတွင်းများ အနက်(၁၅၊၈၊၂၀၁၃)ရက်နေ့ ညနေ(၄း၃၀)နာရီ အချိန်ခန့်က ရွှေတွင်းတစ်တွင်း မြေပြိုကျသဖြင့် ရွှေတွင်းတူး လုပ်သား (၅)ဦး သေဆုံးသွားပြီး(၄)ဦး ထိခိုက်ဒါဏ်ရာရမှုများ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

သေဆုံးတာ ကိုမောင်မြင့်၊ ချစ်မင်းသူ၊ ကိုဌေးဝင်း၊ အောင်သူထွေး(ခ)ကျော်သူထွေးနဲ့ ကျော်လင်းနိုင်တို့  (၅)ယောက်ပါ။ ဒဏ်ရာရသူ တွေကတော့ ကိုဌေးလွင်၊ ကိုဖိုးအေး၊ အရှည်ကြီး၊ ကိုဆန်းဝင်းတို့(၄)ယောက်ပါ၊ သေသွား တာက အောင်သူထွေး(ခ)ကျော်သူထွေးနဲ့ ကျော်လင်းနိုင်တို့(၂)ယောက်က ထန်းတပင်ဆေးရုံကို(၁၈၊၈၊၂၀၁၃)ရက်နေ့မှာ ရောက်လာလို့ ကျွန်တော်တို့စခန်းက ဆေးစာပေးထားပါတယ်။ သူတို့(၂)ယောက်က ဇီးဖြူသောင်ကျေးရွာကလို့ သိရပါတယ်၊ ကျန်တဲ့လူတွေနဲ့ ပါတ်သက်ပြီး သတင်းအတိအကျမသိရပါဘူး။ အခင်းဖြစ်ပွါးတဲ့ ဒေသက အပစ်ရပ်လက်နက်ကိုင်အဖွဲ့ တွေ ကျက်စားသွားလာတဲ့ နေရာဒေသပါ၊ သပြေညွန့်ရဲစခန်းအပိုင်နယ်မြေပေါ့။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အပြင်နယ်မြေခြင်းတစ်ခြားစီမို့ အတိအကျသိဖို့ ခက်ပါတယ်ဟု ထန်းတပင်ရဲစခန်းမှ မှုခင်းစာရေးကြီး၏ ပြောပြချက်နှင့်သံတောင်ကြီး ခရိုင်ရဲတပ်ဖွဲ့ မှူးရုံးတာဝန်ရှိသူ ရဲတပ်ဖွဲ့ ဝင်တို့ ၏ ပြောပြချက်အရသိရသည်။

သပြေညွန့်ရဲစခန်းအပိုင် ကရင်ပြည်နယ်တောင်တန်းများ တစ်ကြော၌ အပစ်မရပ်မီ ကာလကတည်းကနယ်မြေ မအေးချမ်းသော်လည်း ရွှေထွက်ရှိခြင်း ပမာဏမှာ အတိုင်းအတာတစ်ခုအထိ အနေအထားကောင်းမွန်မှုကြောင့် ရွှေတူးဖေါ်ရေး ကုမ္ပဏီများ လာရောက်လုပ်ကိုင်ခဲ့ကြပြီး ဒေသခံပြည်သူတို့အတွက်သက်စွန့် ဆံဖျား အလုပ်အကိုင်များပ်ါပေါက်လာခဲ့သည် ဖြစ်ရာယခုကဲ့သို့ မြေပြိုကျ၍ ရွှေတွင်းများအောက်တွင် ပိတ်မိကာ လူသေဆုံးမှုများ ရံဖန်ရံခါကြုံတွေ့ရတတ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

မောင်ဆွေ(တောင်ငူ)
by Myanmar News Now

အီလက်ထရောနစ် ဥပဒေပြင်ရေး ဆွေးနွေးရန် လွှတ်တော်သဘောတူ

နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို နှိပ်ကွပ်တဲ့နေရာမှာ အသုံးပြုခဲ့တဲ့ အီလက်ထရောနစ် ဥပဒေပြင်ဖို့ အဆိုတင်တာကို လွှတ်တော်က လက်ခံဆွေးနွေးဖို့ သဘောတူလိုက်ပါတယ်။ 

ဒီနေ့ပြုလုပ်တဲ့ လွှတ်တော်ထဲ သင်္ကန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အဆိုတင်ခဲ့တာဖြစ်ပြီး လွှတ်တော်က ဆွေးနွေးဖို့ လက်ခံလိုက်တာ ဖြစ်ပါတယ်။ 

သူအဓိက ပြင်ဆင်လိုက်တဲ့ ဥပဒေပါအချက်တချို့ကို ဦးသိန်းညွန့်က အခုလို ပြောပါတယ်။

"ဒီဥပဒေ အခန်း ၁၂ မှာ ပုဒ်မ ၃၃ ကနေ စပြီးတော့ ပြစ်ဒဏ်တွေကို ချမှတ်ထားတာ ရှိတယ်။ ဒီချမှတ်ချက်တွေဟာ ပြင်ထန်လွန်းပါတယ်။ နောက်တခါ ဒီဥပဒေရဲ့ ပြဋ္ဌာန်းချက်ဟာ အဓိပ္ပာယ်ကောက်တဲ့ အခါမှာ ကျယ်ကျယ်ပြန့်ပြန့် ကောက်ပြီးတော့ ပွင့်ပွင်လင်းလင်းပြောရရင်တော့ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ အသုံးချလို့ ရတယ်။ ဥပမာ ပုဒ်မ ၃၃ မှာ နိုင်ငံတော်ရဲ့ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ နယ်မြေ အေးချမ်းသာယာရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အမျိုးသား ယဉ်ကျေးမှုကို ထိခိုက်မှု တခုခုကို ပြုရင် နိုင်ငံတော်ရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော် စီးပွားရေးနှင့် အမျိုးသား ယဉ်ကျေးမှုနှင့် စပ်လျဉ်း၍ နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်နဲ့ သက်ဆိုင်သော သတင်းအချက်အလက်များကို ရယူခြင်း သို့မဟုတ် ပေးပို့ဖြန့်ချိခြင်း။

"ဆိုတော့ အပေါ်မှာ တင်ပြထားတဲ့ ဥပဒေတွေက အင်မတန်မှ ကျယ်ဝန်းတယ်။ ဒီလိုကျယ်ဝန်းတဲ့ အခါကျတော့ ဒီဥပဒေနဲ့ နည်းပညာကို မသိတဲ့ တရားသူကြီးတွေ၊ ရှေ့နေတွေ အားလုံးပေါင်းပြီး တရားစီရင်လိုက်တဲ့ အခါကျတော့ မသိပဲ စီရင်လိုက်တဲ့ ဒဏ်ပေါ့။ တော်တော်များများ ဒီနေ့ ကျနော်လွှတ်တော်ထဲမှာ ထောက်ပြသလိုပေါ့။ နိုင်ငံရေးသမားတွေ၊ ကျောင်းသား ခေါင်းဆောင်တွေ ခံရတာကိုး။ အဲဒါကြောင့် ပြင်းထန်တဲ့ ပုဒ်မပေါ့။ ထောင်ဒဏ်တွေကို ထက်ဝက်လျှော့တဲ့ဟာပေါ့။ တတ်နိုင်သမျှ ကျနော် လျှော့ပစ်တာပေါ့။ ဤပြဋ္ဌာန်းချက်သည် နိုင်ငံတော်ရဲ့ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအလို့ငှာ ပြဋ္ဌာန်းထားသည့် ဥပဒေနှင့် မဆန့်ကျင်သော မိမိယုံကြည်တဲ့ ထင်မြင်ယူဆချက်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသား ဖြန့်ဝေတာနဲ့ မသက်ဆိုင်ဆိုပြီးတော့ ကျနော် ကင်းလွတ်ခွင့်ရအောင် ထပ်ထည့်တယ်။ မူလအုပ်စုမှာ ကင်းလွတ်ခွင့်မပါဘူး။"

ဦးသိန်းညွန့်ဟာ ပြီးခဲ့တဲ့ ၆ ကြိမ်မြောက် လွှတ်တော်ထဲ ဒီအီလက်ထရောနစ်ဥပဒေကို ပယ်ဖျက်ဖို့ အဆိုတင်ခဲ့ပေမယ့် လွှတ်တော်က ပယ်ချခံတာမို့ အခုလို ဥပဒေကိုပြင်ဆင်ဖို့ ကြိုးပမ်းတာ ဖြစ်ပါတယ်။

ထောင်အနှစ် ၆၀ ချခံခဲ့ရတဲ့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဂျင်မီက ဒီဥပဒေဟာ ဖျက်သိမ်းသင့်တဲ့ ဥပဒေလို့ ပြောပါတယ်။

"အဓိက ကျနော်ပြောချင်တာ ဥပဒေ ပုဒ်မ ၃၃ (က)မှာပေါ့။ အဲဒါက ကျနော်တို့ ဒီမိုကရေစီ နိုင်ငံတခု တည်ထောင်မယ်ဆိုရင် မဖြစ်သင့်တဲ့ ကိစ္စတခု။ ၃၃ (က)နဲ့ ကျနော်တို့ကို အမြင်ဆုံး ၁၅ နှစ်အထိ ချလို့ရတယ်။ ကျနော်တို့ဆိုရင် အီးမေးလ် ၄ စောင်ပို့တာနဲ့တင် အနှစ် ၆၀ ချတယ်။ အဲဒီလို ဥပဒေမျိုးကို ပြင်ဆင်ရုံပဲ ပြင်ဆယ်မယ်ဆိုရင် ဒီကနေ့ အင်တာနက် ခေတ်ကြီးမှာ တကမ္ဘာလုံးနဲ့ ဆက်နွှယ်ပတ်သက်ပြီးတော့ အသုံးပြုနေတဲ့ ခေတ်ကြီးမှာဆိုရင် နောက်ကျကျန်ခဲ့မယ့် ဥပဒေမျိုး ဖြစ်နေမှာကို ကျနော်စိုးရိမ်တယ်။ အကောင်းဆုံးကတော့ အဲဒီ ဥပဒေ တခုလုံးကို ပြန်သုံးသပ်ဖို့လိုတယ်။ ပြန်သုံးသပ်ပြီးတော့ ဖျက်သင့်ရင်လည်း ဖျက်လိုက်။ ဖျက်သင့်တယ်လို့ ကျနော် မြင်တယ်။ အဲဒီဥပဒေဟာ ဖျက်သင့်တဲ့ ဥပဒေကြီး။"

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို နအဖ စစ်အစိုးရခေတ် ၂၀၀၄ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။ 

by ရွှေအောင်  

ကလေးဝမြို့ တွင် အလယ်တန်းပြ ကျောင်းဆရာမ တစ်ဦး ဆွဲကြိုးချ သေဆုံး

စစ်ကိုင်း သြဂုတ် ၂ဝ

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးဝမြို့ အမှတ်(၃) ရပ်ကွက်၌ ယမန်နေ့မွန်းလွဲ ၁ နာရီခန့်က အလယ်တန်းပြ ကျောင်းဆရာမတစ်ဦး မိမိကိုယ်ကိုယ် ဆွဲကြိုးချ၍ သေဆုံးခဲ့ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိ ဝန်ထမ်းတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။

သေဆုံးသူ အလယ်တန်းပြ ကျောင်းဆရာမကြီး ဒေါ်ခင်စန်းမြင့်သည် အသက် ၅၃ နှစ်ခန့် အရွယ်ရှိပြီး အိမ်ထောင်မရှိသူ တစ်ဦးတည်းနေ အပျိုကြီး တစ်ယောက်လည်း ဖြစ်သည်ဟု၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ကလေးဝမြို့ ရဲဌာန၏ မှတ်တမ်းများတွင် အဆိုပါ လူသေဆုံးမှုနှင့် ပတ်သက်၍ သေဆုံးသူ ဆရာမကြီး ဒေါ်ခင်စန်းမြင့်သည် ကလေးဝမြို့ အထက်တန်းကျောင်း၌ အလယ်တန်းပြ တာဝန် ထမ်းဆောင်နေသူ တစ်ဦးဖြစ်ပြီး ဆေးနားခွင့် ရယူထားသူ တစ်ဦးဖြစ်ကာ စိတ်ကျရောဂါ ဝေဒနာရှင် တစ်ဦးဖြစ်သည်။

''ဆရာမကြီးက သဘောထား ကောင်းပြီး သင်ကြားမှုပိုင်း ဆိုင်ရာ မှာလည်း စိတ်ရှည် သည်းခံနိုင်တာကြောင့် တပည့်တွေ အားလုံး နီးပါးက ချစ်ခင် ရိုသေကြပါတယ်''ဟု အမှတ်(၁)ရပ်ကွက်နေ ရေယာဉ်ပိုင်ရှင် တစ်ဦးကလည်း ပြောကြားခဲ့သည်။

ထိုနေ့က ရဲစခန်း တာဝန်ကျ တာဝန်မှူး ဒုတိယ ရဲအုပ် ရဲစိုးမိုး၏ စစ်ဆေးချက်များ အရ သေဆုံးသူသည် ၎င်း၏ နေအိမ်အပေါ်ထပ်ရှိ ထုပ်တန်း၌ အရှည် ၁၁ ပေခန့်ရှိ ဖြူ၊ နီကျား နိုင်လွန်ကြိုးကို အသုံးပြု၍ ဆွဲကြိုးချ သေဆုံးနေခြင်း ဖြစ်သည်။

အဆိုပါ သေဆုံးမှုတွင် မည်သည့် အတွက်ကြောင့် သေဆုံး ရသည်ကို စစ်ဆေး ဆောင်ရွက်နိုင်ရန် ဒုတိယ ရဲအုပ် ရဲစိုးမိုးက တရားလို ပြုလုပ် တိုင်တန်းခဲ့ရာ ကလေးဝ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၃/၂ဝ၁၃)အရ ရေးဖွင့် လက်ခံ ဆောင်ရွက်လျက် ရှိကြောင်း စစ်ဆေး သိရှိရသည်။

မြ၀တီ

သံတွဲ ရေကြီးမှုကြောင့် လူအသေအပျောက်ရှိ

ရခိုင်ပြည်နယ် သံတွဲမြို့မှာ တောင်ကျရေကျခြင်း မိုးအဆက်မပြတ် ရွာသွန်းခြင်းတွေကြောင့် မြို့ပေါ်မှာ ရေကြီးမှုတွေဖြစ်ပြီး ရေနဲ့ အတူ မျောပါသွားပြီး လူအသေအပျောက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ ပြည်နယ်တချို့မှာ ဇူလိုင်လကုန်နဲ့ သြဂုတ်လအတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှု၊ မြစ်ရေကြီးမှု၊ တောင်ကျရေ ကျဆင်းမှုတွေကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း စတဲ့နေရာတွေမှာ ရေကြီးမှုတွေကို ကြုံနေကြရပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် ရခိုင်ပြည်နယ် သံတွဲမြို့ပေါ်မှာ ရေကြီးပြီး ဈေးများပိတ်ထားရသလို ကျောင်းတွေကိုလည်း ကျောင်းသားတွေ မသွားနိုင်ကြဘူးလို့ ဆိုပါတယ်။ သံတွဲမြို့ ရေကြီးမှုအတွင်း အသေအပျောက်တွေ ရှိနေတယ်လို့လည်း သံတွဲမြို့က သတင်းမှန် ဖော်ထုတ်ရေးအဖွဲ့ဝင် ဦးဝင်းနိုင် က ဆိုပါတယ်။

 "အသေအပျောက် ၃ ယောက်လောက်ရှိပါတယ်။ တချို့လည်း ဟိုအောက်ဘက်မှာ သွားတင်လို့ သွားယူနေကြတဲ့ လူတွေလည်းရှိပါတယ်။ အားလုံးတော့ မသိသေးပါဘူးခင်ဗျ။ ရေကြီးတယ်ဆိုတာကတော့ မိုးက တော်တော်လေး ရွာတယ်လေ။ မိုးတော်တော်ရွာတော့ ချောင်းဖျားမိုးပေါ့။ ချောင်းဖျားမိုး တော်တော်ရွာတယ်။ မိုးကလည်း ၃၊ ၄ ရက်လောက်ကို ရွာလိုက်တော့ ရေနဲ့ အင့်နေတာပေါ့။ အခုလောလောဆယ်ကို ၂ ပေ၊ ၃ ပေ လောက်တော့ ကျသွားပါပြီ။ ကျသွားပြီဆိုပေမဲ့လည်း ရေကတော့ ငြိမ်ပြီးတော့ အင့် နေတာပေါ့နော်။ ဈေးတို့၊ ကျောင်းတို့ ဆိုတာကတော့ ပိတ်တာမဟုတ်ပါဘူး။ ဈေးသည်လည်း မလာနိုင်ဘူး။ ကျောင်းသားလည်း မသွားနိုင်ဘူး။ အဲ့ဒီအနေအထားကြောင့်ပါ။ ကျနော်တို့ အမှတ်-၁ ရပ်ကွက်၊ ၂ ရပ်ကွက်ပေါ့ အဲ့ဒီနေရာတွေမှာတော့ မြုပ်နေပါတယ် အားလုံးကတော့။ လမ်းတွေအားလုံး မြုပ်နေတယ်။"

မြစ်ကမ်းပါးအနီးမှာ ဆောက်လုပ်ထားတဲ့ အိမ်တွေလည်း ပြိုနိုင်တဲ့ အခြေအနေ ရှိတာကြောင့် အိမ်ကို ဖျက်နေကြရတယ်လို့လည်း ဆိုပါတယ်။

"ရခိုင်ပြည်နယ်မှာဆိုရင် ကျနော်တို့ သံတွဲမြို့နဲ့ ၁၄ မိုင်ကွာတဲ့ ရွာမှာ ရသေ့အုပ်စု၊ ရွှေလေအုပ်စုဆိုတာရှိတယ်။ ရွှေလေအုပ်စုဆိုတာက အဲ့ဒီနေရာမှာတောင်မှ အခု အိမ်တွေ ၁၀ လုံးလောက်တော့ ဖျက်လိုက်ရတာပေါ့ဗျာ။ ဖျက်လိုက်ရတယ်ဆိုတာ ချောင်းရေက တအားကြီးတော့ ကားလမ်းတွေလည်း မြုပ်နေတယ်လေ။ ချောင်းရေက တအားကြီးတော့ အိမ်တွေက ကမ်းပါးပြိုတော့ ပါသွားမှာစိုးတော့ ပါသွားမယ့်အတူတူ ဖျက်နေကြတာပေါ့။ အခုတော့ ၁၀ လုံးလောက် ဖျက်နေပါတယ်လို့ ကျနော့်ဆီကို သတင်းပို့ပါတယ်ခင်ဗျ။"

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခရိုင်ဥက္ကဌလည်းဖြစ်တဲ့ ဦးဝင်းနိုင်ကတော့ ရေကြီးမှုကြောင့် စားသောက်ရေး ခက်ခဲနေတဲ့ သံတွဲမြို့က လူထုတွေထံကို စားစရာနဲ့ လိုအပ်တဲ့ ပစ္စည်းများကို သွားရောက်ပေးပို့မှုတွေ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

"ကယ်ဆယ်ရေးကတော့ ရှိပါတယ်။ ဌာနဆိုင်ရာ အုပ်ချုပ်ရေးပိုင်းကရော၊ ကြက်ခြေနီတို့ ဘာတို့ကလည်း ကယ်ဆယ်ရေး ရှိပါတယ်။ ကျနော်တို့အဖွဲ့အနေနဲ့လည်း အခုလက်ရှိမှာ ကျနော်ကိုယ်တိုင်လည်း ရေမြုပ်တဲ့နေရာတွေဆီသွားပြီးတော့ ရိက္ခာခြောက်တွေ ဖြန့်ဝေပေးနေပါတယ်။"

ဒီရက်ပိုင်းအတွင်းမှာပဲ ပဲခူးတိုင်း ရွှေတောင်မြို့နယ်အတွင်းမှာ မြစ်ကမ်းပါးတွေ ပြိုဆင်းတာတွေလည်း ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လကုန်ပိုင်းကတော့ ကရင်ပြည်နယ်တွင်းက မြ၀တီမြို့နဲ့ ဘားအံမြို့တွေမှာ ရေကြီးမှုတွေ အကြီးအကျယ် ဖြစ်ခဲ့ပြီး မြ၀တီမြို့မှာလည်း လူအသေအပျောက်တွေ ရှိခဲ့ပါတယ်။

မြ၀တီက ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေသူ ဒေါ်ခင်ထားကတော့ အခုချိန်ထိ ရေဘေးဒုက္ခသည်တွေဟာ ဓမ္မာရုံတွေမှာ နေထိုင်နေရသူတွေ ရှိနေသေးသလို သေဆုံးသူတွေကို ရေကျသွားချိန်မှာ ထပ်မံတွေ့ရှိတဲ့အကြောင်းနဲ့ မြို့ခံ မဟုတ်တဲ့သူတွေ အများစုဟာ စာရင်းအတိအကျ မရှိတဲ့အတွက် သေဆုံးပျောက်ဆုံးမှုတွေ ဘယ်လောက် ရှိတယ်ဆိုတာကို ခန့်မှန်းဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။

"ကျန်နေပါသေးတယ်။ အိမ်ပျက်သွားတဲ့သူတွေက လုံးဝကို အိမ်ပြန်မဆောက်နိုင်ဘူးလေ။ တချို့တွေဆို ဓမ္မာရုံမှာ နေနေရတုန်းပဲ။ အတိဒုက္ခကို ရောက်နေကြပါတယ်။ ဒီမှာက သူ့မိသားစု၊ ကိုယ့်မိသားစု မရှိဘူး။ ပြန်ကျတွေရှိမယ်။ ပြန်ကျတွေများတယ်။ အထူးသဖြင့် ကမ်းနဖူး ရွှေ့ပြောင်းအလုပ်သမားတွေပေါ့နော်။ ကမ်းနဖူးမှာ စက်ရုံအလုပ်သမားတွေ အဲ့ဒါတွေကျတော့ သူတို့မှာ မိသားစုဆိုတာ မရှိဘူး။ အဲ့ဒါတွေ အများကြီးပဲ။ သေဆုံးစာရင်း အခုချိန်ထိ မသိသေးဘူး။ ဟိုတလောကတောင်မှ ကျမတို့သွားတော့ အလောင်း ၆ လောင်းထပ်တွေ့တယ်လေ။ ရေကြီးပြီး တော်တော်ကြာတော့မှနော်။ ရေကျပြီး ၁ ပတ်လောက်ကြာတော့မှ အလောင်း ၆ လောင်း ထပ်တွေ့ရတယ်။ အဲ့ဒီကုမ္ပဏီတွေကလည်း ဘာမှ တာဝန်မယူဘူး။ တာဝန်မယူတဲ့အခါကျတော့ သူတို့ကလည်း မြ၀တီရေကြီးတာ မကြုံဖူးကြဘူးလေ။ ဒါမျိုး မတွေ့ဖူးကြဘူး။ အဲ့တော့ ပြေးရလွှားရမယ်ဆိုတာလည်း မသိဘူးပေါ့။ ရာနဲ့ချီကတော့ ငတ်နေကြတာပေါ့။ အထူးသဖြင့် ဒုက္ခရောက်တာတော့ ရပ်ဝေးကသူတွေ တော်တော်ဒုက္ခရောက်တယ်။"

ကရင်ပြည်နယ်တွင်း ရေကြီးမှုကြောင့် သောင်းနဲ့ချီရှိတဲ့ လူထုတွေဟာ ရေဘေးဒဏ်ကို ခံစားခဲ့ရပါတယ်။ အစိုးရနဲ့ ဌာနဆိုင်ရာတွေကတော့ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပေမဲ့ ရေဘေးဒဏ်ခံပြည်သူတွေက အများအပြား ဖြစ်တာမို့  အစားအသောက်နဲ့ သောက်ရေတွေ အခက်အခဲတွေ ဖြစ်ခဲ့ရပါတယ်။ ရေကျသွားပေမဲ့လည်း ရေကြီးမှုရဲ့ နောက်ဆက်တွဲအဖြစ် အိမ်တွေ အလုံးလိုက် မျောပါသွားသူတွေ အိမ်တွေ ပျက်ဆီးသွားသူတွေကတော့ နေထိုင်စရာ အခက်အခဲတွေ ရှိနေဆဲပါ။

မြ၀တီမြို့မှာတော့ အဓိကကျတဲ့ လမ်းမကြီးတွေက လွဲရင် တခြား ချောင်ကျတဲ့နေရာတွေမှာ ရွှံနွံများ၊ အမှိုက်များနဲ့ မြို့ပျက်ကြီးတခုလို ဖြစ်နေပြီး အနံ့အသက် မကောင်းတာတွေ ရေမသန့်တာတွေကြောင့် ကျန်းမာရေးအရ စိုးရိမ်စရာတွေ ရှိနေတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။

မအေးအေးမာ (ဗွီအိုအေ)