Thursday, August 22, 2013

ကြည့်မြင်တိုင်တွင် သစ်ကိုင်းပဲ့ကျသဖြင့် လူ(၂)ဦး ဒဏ်ရာရ

သြဂုတ်လ (၂၀)ရက်နေ့ ညနေ(၅း၀၀)နာရီကျော်တွင် ကြည့်မြင်တိုင်မြို့နယ်၊အိုးဘိုရပ်ကွက်၊ ဗိုလ်သူရလမ်း၊ မြို့နယ်စာတိုက် ရှေ့ရှိ သက်တမ်းရင့်ကုက္ကိုပင်ကြီးမှ လမ်းမပေါ်သို့ထွက်နေသည့် လုံးပတ်(၂)ပေ ခန့်ရှိသစ်ကိုင်းပဲ့ကျခဲ့ခြင်းကြောင့် လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပဲ့ကျသော သစ်ကိုင်းမှာ လမ်းဘေးတွင်သွယ်တန်းထားသောလျှပ်စစ်မီးကြိုးများ ပေါ်သို့ကျခဲ့သဖြင့် ကွန်ကရစ်ဓါတ်တိုင်(၆)တိုင်နှင့်ဓါတ်တိုင်များသို့ သွယ်တန်းထားသော အိုးဘိုရပ်ကွက်ရှိ ထရန်စဖော်မာ (၁)လုံးပြိုလဲခဲ့ကြောင်း သိရသည်။

 "သစ်ပင်ပဲ့ကျတာက ၁၈ ရက်နေ့ မနက် (၂း၀၀)နာရီ ၀န်းကျင်ကလေးပြင်းတိုက်ခတ်မှုဒဏ်ကြောင့် ၂၀ ရက်နေ့မှာ သစ်ပင်အိုကြီးတွေက ပဲ့ကျကြတာပါ" ဟုစည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓါတ်တိုင်(၆)တိုင် ပြိုလဲခဲ့ခြင်းကြောင့် ရပ်ကွက်အတွင်းမီးပြတ်တောက်သွားခဲ့ခြင်းရှိကာ မြို့နယ်လျှပ်စစ်မှ တာဝန်ရှိသူများမှာ(၂၄)နာရီအတွင်း မီးပြန်လည်ရရှိရန် ပြုလုပ်ပေးမည်ဖြစ်ကြောင်းပြည်သူများသို့ ပြောကြားခဲ့သည်။

ကျိုးကျသော သစ်ကိုင်းမှ အပင်အောက်တွင် ရပ်ထားသော ၃ဃ/----- ချယ်ရီဝက်ဂွန်အငှားယာဉ် ပေါ်သို့ ကျခဲ့သဖြင့် ယာဉ်အမိုးအနည်းငယ်ပိန်ချိုင့်ပျက်စီးခဲ့ကာ ၎င်းနေရာအနီးတွင် ထီရောင်းချနေသော

ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သူ သားအဖနှစ်ဦးအားထိခိုက်မိသောကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူ နှစ်ဦးမှာ ဦးမြင့်စိုး နှင့် သမီးဖြစ်သူမယွန်းပိုးအိတို့(၂)ဦးဖြစ်ကာ ဒဏ်ရာအနည်းငယ် ရရှိခဲ့သောကြောင့်ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

"ဓါတ်တိုင်တွေကို လုလိက်ရှိ ပြန်ထောင်နေတယ်။ ထရန်စဖော်မာနှစ်ခုနဲ့ပတ်သတ်နေတဲ့ ရပ်ကွက်တွေကို နှစ်ဆယ့်လေးနာရီအတွင်း မီးပြန်လာအောင်လုပ်ပေးသွားမယ်။" ဟု မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်စွာက ပြောသည်။မြို့နယ်စည်ပင်သာယာရေးကော်မတီမှလည်း လမ်းပိတ်ဆို့မှုမဖြစ်ပေါ်စေရန် လမ်းအားနှစ်နာရီအတွင်း ရှင်းလင်းမှုများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

သစ်ကိုင်းပဲ့ကျမှုကြောင့် တန်ဘိုးငွေကျပ်(၂၆)သိန်းခန့်ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် အဆိုပါ နေရာသို့ကြည့်မြင်တိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များမြို့နယ်စည်ပင်သာယာအဖွဲ့၊ မြို့နယ်လျှပ်စစ်မှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တို့မှ ဖယ်ရှားရှင်းလင်းလျက်ပြုပြင်ရေးများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

"ဘာသံမှ မကြားရဘဲနဲ့ ၀ုန်းခနဲဆိုပြီး ပဲ့ကျတာ ဖြတ်သွားနေတဲ့ကားပေါ်ကိုကျတာ ကံကောင်းခြင်လို့ အဖျားလေးပဲ ထိသွားတာ။ ဒီမှာကလည်း အရင်ဆိုလူဖြတ်တယ်။ ခုက ရွှံဗွက်တွေရှိနေလို့ သိပ်မဖြတ်တာ။ မနက်ပိုင်းမဖြစ်တာကံကောင်းတယ်။ မနက်ဆို ဈေးသည်တွေနဲ့ ဖုန်းဘေလ်ဆောင်တဲ့သူတွေ ဒီနေရာမှာရှိနေတာပါ။"ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

သြဂုတ်လ (၁၈)ရက်နေ့မှာလည်း အထက်ကြည်မြင်တိုင်းလမ်းနှင့် ရုံးကြီးလမ်းထောင့်တွင် ညောင်ပင် တစ်ပင်မှာ လမ်းမပေါ်သို့ လဲကျမှုတစ်ခုဖြစ်ပွားခဲ့ကာ အချို့နေရာများတွင်လည်း သစ်ပင်အိုလဲကျမှုများ မကြာခဏဖြစ်ပွားလျက်ရှိနေကြောင်း ဒေသခံပြည်သူများထံမှ သိရသည်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။