Sunday, February 10, 2013

S.E.A အားကစားပွဲ အောင်မြင်ဖို့ တရုတ်နိုင်ငံမှာ သွားလေ့ကျင့်မည်



SEA Games အရှေ့တောင်အာရှ အားကစားပွဲ ပြိုင်ပွဲအတွက် အားကစားနည်း ၁၁ မျိုးကို တရုတ်နိုင်ငံမှာ အဓိက သွားရောက် လေ့ကျင့်မယ်လို့ အားကစားဝန်ကြီးဌာန ယှဉ်ပြိုင်ရေး နဲ့ လေ့ကျင့်ရေးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင် က ပြောပါတယ်။

RFA

၂၀၁၃ ခုနှစ်တွင် နေပြည်တော်၌ ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပွဲတော်အတွက် အားကစားရုံကြီး တည်ဆောက်နေသည်ကိုတွေ့ရစဉ်။

လာမယ့် ဒီဇင်ဘာလမှာ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမယ့် ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာအားကစားသမားတွေ ဆုတံဆိပ် ပိုမိုရရှိနိုင်ဖို့အတွက် အိမ်နီးချင်း တရုတ်နိုင်ငံက အဲဒီအားကစားနည်းတွေကို ကူညီလေ့ကျင့်ပေးမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။

တရုတ်နိုင်ငံကို သွားရောက်လေ့ကျင့်မယ့် အားကစားနည်းတွေထဲမှာ ပြေးခုန်ပစ်၊ စက်ဘီး၊ သေနတ်ပစ်၊ စားပွဲတင် တင်းနစ်၊ ၀ူရှုး၊ ရေကူး ဒိုင်ဗင်၊ လက်ဝှေ့၊ အလေးမ၊ ဘောလီဘော၊ ဂျွမ်းဘား၊ လှေလှော် စတဲ့ အားကစားနည်းတွေ ပါဝင်တယ်လို့ သိရပြီး၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာလည်း တိုက်ကွမ်ဒို ၊ကရာတေးဒို၊ ဂျူဒိုအားကစားနည်းတွေကိုလည်း သွားရောက်လေ့ကျင့်မယ်လို့ ဦးသက်လွင် က ထပ်မံဖြည့်စွက်ပြောပါတယ်။

ရှေ့လာမယ့် မတ်လမှာ တရုတ်နိုင်ငံကို လေ့ကျင့်ဖို့အတွက် စတင်ထွက်ခွာမှာဖြစ်ပြီး ရက်ပေါင်း ၉၀ ကြာမယ်လို့လည်း ဆိုပါတယ်။

ဆင်းရဲမှု လျော့ချရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် JICA မှ ဂျပန်ယန်းငွေ ၆၆ ဘီလျံ ထုတ်ချေးမည်

ဆင်းရဲမှု လျော့ချရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ဂျပန်ယန်းငွေ ၆၆ ဘီလျံ ထုတ်ချေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

ချေးငွေ ၆၆ ဘီလျံကို အကြောင်းအရာ သုံးမျိုးအတွက် ထုတ်ချေးသွားမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဆင်းရဲမှု လျော့ချရေးကို အထောက်အကူပြုမည့် အခြေခံ အဆောက်အအုံ တည်ဆောက်ရေးနှင့် ပြုပြင်ရေး လုပ်ငန်းအတွက် ယန်းငွေ ၁၇ ဘီလျံ၊ သီလ၀ါ အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်သော အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ပထမအဆင့်အတွက် ယန်းငွေ ၂၀ ဘီလျံနှင့် ရန်ကုန်မြို့ရှိ လျပ်စစ်ဓာတ်အားပေး စက်ရုံများနှင့် လျပ်စစ်ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင် တည်ဆောက်ခြင်း၊ ကြံခင်း ဘိလပ်မြေစက်ရုံ ပြန်လည်ပြုပြင် တည်ဆောက်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း စီမံကိန်းများအတွက် ယန်းငွေ ၂၉ ဘီလျံကို ထုတ်ချေးသွားမည် ဖြစ်သည်။

ချေးငွေများ၏ စည်းကမ်းသတ်မှတ်ချက်များအဖြစ် ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလ ၃၀ နှစ်၊ စုစုပေါင်း နှစ် ၄၀ နှင့် အတိုးနှုန်းအဖြစ် တစ်နှစ်လျင် (၀.၀၁ ရာခိုင်နှုန်း) ဖြစ်ကြောင်း သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဆင်းရဲမှု လျော့ချရေးအတွက် ထုတ်ချေးမည့် ယန်းငွေ ၁၇ ဘီလျံအတွက် JICA မှ ပေးပို့လာသည့် စီမံချက်စာရင်းများကို သက်ဆိုင်ရာ ပြည်နယ်/တိုင်း ဒေသကြီးတို့မှလည်း စိစစ်အတည်ပြုပြီး ဖြစ်ကြောင်း၊ ယင်းချေးငွေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန မြန်မာ့ဆောက်လုပ်ရေး လုပ်ငန်းမှ လမ်း၊ တံတားဆိုင်ရာ စီမံကိန်းများ၊ လျပ်စစ်စွမ်းအား ၀န်ကြီးဌာန လျပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ လျပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဆိုင်ရာ စီမံကိန်းများနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ကျေးလက်ဒေသ ဖွံဖြိုးရေး ဦးစီးဌာနမှ ရေပေးဝေရေးဆိုင်ရာ စီမံကိန်းများအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဂျပန်နာမည်ကျော် Nissan ကုမ္ပဏီ ဝန်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်းစင်တာ ရန်ကုန်မြို့၌ ဖွင့်လှစ်ခဲ့ပြီး ယာဉ်တပ်ဆင်မှုစက်ရုံ တည်ထောင်ရန် စီစဉ်နေ


ha-10-2-2

E Garage Auto Service and Spare Part (Myanmar) မှ ဖွင့်လှစ်ထားသော Nissan Service and Parts Center ၏ လုပ်ငန်းခွင်ကို တွေ့ရစဉ်

ကမ္ဘာ့ ဆဋ္ဌမမြောက် အကြီးဆုံး ကားကုမ္ပဏီဖြစ်သော ဂျပန်နာမည်ကျော် Nissan ကားကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၀န်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်း စင်တာကို ဖေဖော်ဝါရီလဆန်းပိုင်းက ဖွင့်လှစ်ခဲ့ပြီးယာဉ်တပ်ဆင်မှု စက်ရုံတည်ထောင်ရန် စီစဉ်နေကြောင်း E Garage  Auto Service and Spare Part (Myanmar) မှ သတင်းရရှိသည်။

အဆိုပါ ၀န်ဆောင်မှုစင်တာကို အမှတ် ၄၄၃ ပြည်လမ်း ကမာရွတ်မြို့နယ် ရန်ကုန်မြို့တွင်  ဖွင့်လှစ်ထားပြီး Business Opening အခမ်းအနားကို ဖေဖော်ဝါရီလ ၂ ရက်နေ့က ပြုလုပ်ခဲ့သည်။

''အခု Business Opening ပွဲပဲ လုပ်သေးတာပါ။ ၀န်ဆောင်မှုတွေကိုတော့ စပေးနေပါပြီ။ Nissan အပြင် တခြားမြန်မာပြည်မှာ လူသုံးများတဲ့ ကားကိုလည်း ၀န်ဆောင်မှုပေးသွားမှာပါ။ အဆင့်မြင့်ကားတွေကို  ကြိုးမဲ့ကွန်ပျူတာစနစ် နည်းပညာသုံးပြီး ပြုပြင်ပေးနေပါတယ်'' ဟု E Garage  Auto Service and Spare Part (Myanmar) မှ Country Manager ဦးအောင်မိုးသန်းက ပြောကြားပါသည်။

E Garage  Auto Service and Spare Part (Myanmar) ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါ လုပ်ငန်းကို မလေးရှားအခြေစိုက် Tan Chong အုပ်စုက အစုရှယ်ယာ ၉၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး မြန်မာစီးပွားရေး လုပ်ငန်းရှင် ဦးခင်မောင်လွင်က ၁၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။   

Tan Chong အုပ်စုသည် အရှေ့တောင်အာရှ ဒေသတွင် Nissan အုပ်စု နှင့် အဓိက ချိတ်ဆက်လုပ်ကိုင်နေသည့် မိတ်ဖက်လုပ်ငန်းတစ်ခုဖြစ်ပြီး မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနိုင်ငံတို့တွင် ၀န်ဆောင်မှုစင်တာများ၊ ရောင်းချမှုစင်တာများ၊ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံများ တည်ထောင်လုပ်ကိုင်နေသည့် ကုမ္ပဏီအုပ်စု ဖြစ်သည်။   

Nissan ကုမ္ပဏီသည် ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ကားကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း လူကြိုက်များသည့် အမှတ်တံဆိပ်တစ်ခု ဖြစ်ပါသည်။ Nissan Motor ကုမ္ပဏီကို ၁၉၃၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ဘဏ္ဍာရေး အခက်အခဲများကြောင့် ပြင်သစ်ကားကုမ္ပဏီ တစ်ခုဖြစ်သည့် Renault နှင့် ပူးပေါင်းခဲ့သည်။ 
    
မြန်မာနိုင်ငံတွင် Toyota ကုမ္ပဏီထုတ် ကားများ လူကြိုက်အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ထင်ရှားသည့် Nissan ကုမ္ပဏီထုတ် ကားများမှာ Sunny၊ Fairlady Z၊ Skyline၊ Serena၊ Cedric၊ Cefiro၊ Laurel၊ President၊ Bluebird၊ Atlas၊ Primera၊ Avenir၊ Tiida၊ Caravan၊ Civilian၊ Gloria၊ Vanette တို့ဖြစ်သည်။   

မြန်မာနိုင်ငံတွင် SPA မှ ဖွင့်လှစ်ထားသော Nissan ၀န်ဆောင်မှုစင်တာ တစ်ခုရှိပြီး အခြား ကားကုမ္ပဏီများဖြစ်သော Toyota၊ Marcede၊ Suzuki တို့ကလည်း ၀န်ဆောင်မှုစင်တာများ ဖွင့်လှစ်ထားသည်။

စင်ကာပူအခြေစိုက် Cycle & Carriage Automobile Myanmar Company Ltd. နှင့် မြန်မာနိုင်ငံမှ Automobile Century Co., Ltd. (Myanmar) တို့ ပူးပေါင်း၍ ကားဆားဗစ်စင်တာ တည်ထောင်ရန် လုပ်ကိုင်ခွင့် ရရှိထားကြောင်း သိရသည်။

စပါးခွံကို ထင်းချောင်း အဖြစ် ပြောင်းလဲနိုင်သည့် နည်းပညာ စမ်းသပ်အောင်မြင်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စပါးခွံကို ထင်းချောင်းအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်သည့် နည်းပညာ တရပ်ကို စမ်းသပ် အောင်မြင်သွားပြီဖြစ်ကြောင်း သိရသည်။

စပါးခွံကို ထင်းချောင်းအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်သည့် နည်းပညာကို စမ်းသပ်အောင်မြင်သူမှာ စစ်တွေမြို့မှ ဆားလုပ် ငန်းရှင်များအသင်း ဥက္ကဌ ဦးသန်းဝင်းဖြစ်သည်။

Sittwe-fire-wood-factory

"ကျွန်တော်တို့ ရခိုင်ပြည်မှာ သစ်တောတွေ ပြုန်းတီတဲ့ အတွက် ထင်း အခက်အခဲ ရှိတယ်။ ဒီအခက်အခဲ ပြဿနာကို ဘယ် လို ဖြေရှင်းရင်ကောင်းမလဲဆိုပြီးတော့ ဘင်္ဂလာဒေ့ခ်ျ နည်းပညာကို အတုယူပြီးတော့ ဆားလုပ်ငန်းက ၀န်ထမ်းတွေ၊ သစ်တောဝန်ကြီး ဦးအောင်သန်းတင်တို့နဲ့ ပူးပေါင်းပြီး စမ်းသပ် ထုတ်လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။" ဟု ဦးသန်းဝင်းက နိရဉ္စရာသို့ ပြောသည်။

စပါးခွံမှ ထင်းချောင်းအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်သည့် နည်းပညာကို ဖေဖေါ်ဝါရီလ ၆ ရက်နေ့က စစ်တွေမြို့ စက်မှု ရပ် ကွက်တွင် စတင်စမ်းသပ်ရာမှ အောင်မြင်မှု ရရှိခဲ့ခြင်း ဖြစ်သည်။

ယခု စမ်းသပ် အောင်မြင်ခဲ့သော စပါးခွံမှ ထင်းချောင်းအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်သည့် နည်းပညာသည် ရခိုင်ပြည်သူ များအတွက် တစုံတရာ အကျိုးပြုနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဦးသန်းဝင်းက ပြောသည်။

"ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ထင်းမရှိလို့ အခက်အခဲရှိနေတဲ့ နေရာတွေ အများကြီး ရှိပါတယ်။ အခုလို စမ်းသပ် အောင်မြင်လိုက်တာဟာလဲ ကျွန်တော်တစ်ယောက်တည်း ကောင်းစားဖို့ မဟုတ်ဘူး၊ ရခိုင်ပြည်မှာ ထင်းရှားပြီး စပါးခွံက ပေါများတဲ့အတွက် အခုလို စပါးခွံတွေကို ထင်းချောင်းလုပ်ပြီး အသုံးပြုနိုင်ခဲ့ရင် အဆင်ပြေနိုင်ပါတယ်။ တခြားနေရာတွေမှာ တည်ထောင်မယ်ဆိုရင်လဲ ကျွန်တော်တို့ လိုက်တည်ပေးဖို့ အဆင်သင့် ရှိပါတယ်။"

စပါးခွံဖြင့် ထင်းချောင်းအဖြစ် ထုတ်လုပ်သည့် နည်းပညာကို လွန်ခဲ့သော ၃ နှစ်ခန့်ကပင် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ မှတဆင့် ယူ ကာ စပါးခွံကို လျှပ်စစ်ကွိုင်ဖြင့် အပူပေးပြီး ထုတ်လုပ်သည့် နည်းကို စတင်စမ်းသပ်ခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်အတွင်း တင်းနှင့် မီးသွေး ရှားပါးလာမှုကြောင့် ယခုကဲ့သို့  စပါးခွံမှ ထင်းချောင်းအဖြစ် အသုံးပြုနိုင်သော နည်းပညာကို တီထွင် လုပ်ကိုင် လာနိုင်ခြင်းကြောင့် စပါးခွံထင်း တစ်ပိဿာကို မြန်မာကျပ်ငွေ ၁၀၀ ကျော်ဖြင့် မကြာမှီ ဈေးကွက်အတွင်း ရောင်းချနိုင်မည်ဖြစ်သည်ဟု ဦးသန်းဝင်းက ပြောသည်။

ယခုအခါ စစ်တွေမြို့တွင် တစ်ပေခန့်ရှည်သော ထင်းချောင်း ၈ ချောင်းပါ ထင်းတစည်းကို ကျပ်ငွေ ၂၀၀၊ မီးသွေး တစ် ပိဿာကို ကျပ်ငွေ ၄၀၀ ရှိပြီး အဆိုပါ ထင်းနှင့် မီးသွေးများကို တောင်ကုတ်မြို့နယ်၊ မြေပုံမြို့နယ်နှင့် ရမ်းဗြဲမြို့နယ်များမှ ၀ယ်ယူ သုံးစွဲနေကြရသည်ဟု သိရသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် စပါးခွံမှ ထင်းချောင်းအဖြစ် ထုတ်လုပ်သော နည်းပညာကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ရာမူ (ခေါ်) ပန်းဝါ ဒေသမှ စတင်လုပ်ကိုင်ခြင်းဖြစ်ကြောင်း ပန်းဝါ ဒေသခံတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

"ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှာ ၁၉၈၈ ခုနောက်ပိုင်းမှာ နိုင်ငံခြား NGO တွေက ဘင်္ဂလာဒေ့ခ်ျကို ရောက်လာကြတဲ့ ဘင်္ဂလီ ဒုက္ခ သည်တွေကို လုပ်ကိုင်စားသောက်ဖို့အတွက် အဲဒီပညာကို စပြီး လုပ်ကိုင်ပေးခဲ့တာ ဖြစ်ပါတယ်။ ဘယ် NGO ဆိုတာကို တော့ မမှတ်မိတော့ဘူး။ အဲဒီက တဆင့် ပန်းဝါဒေသမှာ စပြီးလုပ်ကိုင်လာကြတာဖြစ် ပါတယ်။ စပါးခွံတွေကို ဘယ်လို ဆေးပစ္စည်းတွေနဲ့ ပေါင်းစပ်ပြီး ထုတ်လုပ်တာလဲဆိုတာကိုတော့ ကျွန်တော်တို့လဲ မသိပါဘူး။ ဒါပေမယ့် အခုတော့ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါတယ်"  ဟု ဆိုသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဒက္ကားမြို့တော် အပါအ၀င် မြို့ကြီးများတွင် မီးဖိုချောင်တွင် ချက်ပြုတ်ရာ၍ ဂတ်စ်ကို အသုံးပြုပြီး ကျေးလက်ဒေသမျာတွင် စပါးခွံမှ ထင်းချောင်းများကို အသုံးပြုနေကြသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဂတ်စ်ကို ဒေသခံများ တစ်စုံတစ်ရာ အသုံးပြုခွင့် မရသေးသဖြင့် ထင်းနှင့် မီးသွေးကို ချက်ပြုတ်ရာတွင်  လောင်စာ အဖြစ် အသုံးပြုနေကြရာ သစ်တောများ ပြုန်းတီးလျှက် ရှိကြောင်း သိရသည်။

 အလွန်ကြီးမားသော ဂြိုဟ်သိမ်တစ်ခု ဖေဖော်ဝါရီလ ၁၅ ရက်၌ ကမ္ဘာနှင့် အနီးအကပ်ဆုံး အနေအထားဖြင့် ဖြတ်သန်းသွားမည်

လုံးပတ်ပေ ၁၅၀ အရွယ်အစား ခန့်ရှိသော 2012 DA14 အမည်ရ ဂြိုဟ်သိမ်ဂြိုဟ်မွှားက ကျည်ဆန် တစ်ခုထက် လျင်မြန်သောနှုန်းဖြင့် အချို့ဆက်သွယ်ရေး ဂြိုဟ်တုများထက် နီးကပ်စွာ ကမ္ဘာ၏ အနီးမှ လာမည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဖြတ်သန်းသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းဖြတ်သန်းမှုသည် အလွန်ကြီးမားသော အာကာသ ကျောက်တုံးနှင့် ကြုံဖူးသမျှအနက် အနီးကပ်ဆုံး အနေအထားဖြင့် ကမ္ဘာအနီးမှ ပွတ်ကာသီကာ ဖြတ်သန်းသည့် ဖြစ်ရပ်ဖြစ်လာမည် ဖြစ်ကြောင်း နာဆာမှ သိပ္ပံပညာရှင်များက ဖေဖော်ဝါရီလ ၇ ရက်က ပြောကြားခဲ့သည်။

ကမ္ဘာနှင့် ထိပ်တိုက်ဝင်တိုက် မိနိုင်ခြေ လုံးဝမရှိဘဲ အနီးဆုံး အကွာအဝေးအားဖြင့် ယင်းဂြိုဟ်သိမ် ဂြိုဟ်မွှားသည် ကမ္ဘာမြေ အထက် ၁၇၀၀၀ မိုင်ခန့် အကွာမှ ဖြတ်သန်းသွားမည် ဖြစ်သည်။

သို့ရာတွင် ယင်းလမ်းကြောင်း၌ အန္တရာယ် ရှိနိုင်သော အမျိုးအမည်မသိ အခြားဂြိုဟ်သိမ် ဂြိုဟ်မွှား သန်းပေါင်းများစွာလည်း ရှိနေသဖြင့် ယင်းဂြိုဟ်မွှားများနှင့်မူ တိုက်မိနိုင်ခြေ ရှိကြောင်း သိရသည်။

ယင်းဂြိုဟ်သိမ်အား ဂြိုဟ်တု အော်ပရေတာများက စောင့်ကြည့် လျက်ရှိပြီး ဂြိုဟ်တုများ လွှတ်တင်ထားရာ ကမ္ဘာမြေအထက် အမြင့် မိုင်ပေါင်း၂၃၀၀၀ တွင် ရှိသော ဂြိုဟ်တုရပ်ဝန်းကို အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားမည်ဟု ခန့်မှန်းထားကြသည်။

အဆိုပါ ဖြတ်သန်းမှုသည် ဖေဖော်ဝါရီလ ၁၅ရက် အရှေ့တိုင်း စံတော်ချိန် ည ၂ နာရီ ၂၄ မိနစ်၌ ကမ္ဘာနှင့် အနီးကပ်ဆုံး ဖြစ်မည်ဖြစ်ကာ ယင်းညအချိန်၌ အဓိကအားဖြင့် အာရှနှင့် သြစတြေးလျနိုင်ငံများမှ တွေ့မြင်ရမည် ဖြစ်ကြောင်း သိရသည်။

Ref:Washingtonpost

 စူပါနေမုန်တိုင်းကြီး ဖြစ်ပေါ်မှုကို ကြိုတင် သတိပေးနိုင်ရန် မိနစ် ၃၀ သာ အချိန်ရမည် ဖြစ်ကြောင်း သိပ္ပံပညာရှင်များ ထုတ်ဖော်ပြောကြား

ရာစုနှစ် တစ်ခုတွင် တစ်ကြိမ်သာ ဖြစ်ပေါ်မည့် စူပါနေမုန်တိုင်းကြီး ဖြစ်ပေါ်မှုကို ကြိုတင်သတိပေး နိုင်ရန်အတွက် မိနစ် ၃၀ သာ အချိန်ရမည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ထုတ်ဖော် ပြောကြားလိုက်ကြောင်း သိရသည်။ ယင်းစူပါ နေမုန်တိုင်းကြီးက ကမ္ဘာမြေပြင်ရှိ အဓိက ဆက်သွယ် ရေးလိုင်းများကို ပြတ်တောက်သွား စေလိမ့်မည်ဟု ဆိုသည်။

စူပါနေမုန်တိုင်းများသည် နှစ်ပေါင်း ၂၀၀ တွင် တစ်ကြိမ်သာ ဖြစ်ပေါ်ပြီး နောက်ဆုံးအကြိမ်အဖြစ် ၁၈၅၉ ခုနှစ်က ဖြစ်ပေါ်ခဲ့သည်။ ယခုအခါ ဂျီပီအက်စ်နှင့် မိုဘိုင်းဖုန်းများ အပါအ၀င် ဆက်သွယ်ရေး ကွန်ရက်များကို ပြတ်တောက်စေနိုင်သည့် စူပါနေမုန်တိုင်း ကျရောက်မှုကို ကာကွယ်ရန် ပညာရှင်များက ကြိုတင် ပြင်ဆင်နေကြသည်။

ဗြိတိန်နိုင်ငံ တော်ဝင်အင်ဂျင်နီယာ အကယ်ဒမီက ပမာဏ ကြီးမားလှသည့် ဓာတ်ရောင်ခြည် ပေါက် ကွဲမှုကြီးကို ရှောင်လွှဲ၍ မရနိုင်ကြောင်းနှင့် အစိုးရအနေဖြင့် ဗြိတိန် အာကာသ မိုးလေ၀သ ဘုတ်အဖွဲ့ကို ဖွဲ့စည်းထားသင့်ကြောင်း ပြောကြားခဲ့သည်။ ယင်းအဖွဲ့က ဂြိုဟ်တု စုစုပေါင်း၏ ဆယ်ပုံ တစ်ပုံကို ပျက် စီးသွားစေပြီး လေကြောင်းနှင့် ရေကြောင်း ခရီးစဉ်များကို အနှောင့်အယှက် ဖြစ်စေမည့် နေမုန်တိုင်းကို ကာကွယ်ရေး မဟာဗျူဟာ ချမှတ်ရန် အစိုးရအား ဦးဆောင် အကြံပြုသင့်သည်ဟု ဆိုသည်။

စူပါနေမုန်တိုင်းများသည် ပုံမှန်အတိုင်း ဖြစ်ပေါ်ခဲ့သော်လည်း ဂြိုဟ်တု ဆက်သွယ်ရေး စနစ်များကို အသုံးပြုသည့် အာကာသခေတ် အတွင်း၌မူ စူပါနေမုန်တိုင်း ဒဏ်ခံရသည့် အတွေ့အကြုံ မရှိသေးပေ။

စူပါနေမုန်တိုင်း ဖြစ်ပေါ်ချိန်တွင် ဂြိုဟ်တုမှနေ၍ ကမ္ဘာမြေပြင်ဆီသို့ ထုတ်လွှတ်မှုများကို ဟန့်တားခံရ သောကြောင့် ဂျီပီအက်စ် အချက်ပြ စနစ်သည် တစ်ရက်မှ သုံးရက်အထိ ပြတ်တောက် သွားမည်ဖြစ်သည်။ ၄င်းအပြင် sat-nav စနစ်မှာလည်း အလုပ်ဖြစ်တော့မည် မဟုတ်ဟု ဆိုသည်။ ဓာတ်ကြွှနေသော ပါတီကယ် များသည် အနိမ့်ပိုင်းအထိ ထိုးဖောက်လျက် ကမ္ဘာ့လေထု အလွှာအတွင်းသို့ ရောက်လာပြီး လေယာဉ် များ၏ အီလက်ထရွန်နစ် စနစ်များကိုလည်း ပျက်စီးစေဖွယ် ရှိသည်ဟု ဆိုသည်။

Daily Mail

 သက်တော် ၁၀၄ နှစ် ၀ါတော် ၅၄ ၀ါရှိ ဇီးဖြူပင်ဆရာတော်ပျံလွန်တော်မူပြီး ရက်ပေါင်း ၄၄ ရက် ရှိပြီဖြစ်သော်လည်း မပုပ်မသိုးမပျက်စီးပဲရှိနေ


w1-8-2-1

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် သဖန်းပင်ကျေးရွာအုပ်စု၊ဇီးဖြူပင်ကျေးရွာ၊ဇီးဖြူပင် ကျောင်းထိုင်သက်တော် ၁၀၄ နှစ်၊ ၀ါတော် ၅၄ ၀ါရှိ၊သက်တော်ရှည် ဆရာတော် ဘဒ္ဒန္တသူရိယ(အဂ္ဂမဟာ ကမ္မဌာနစရိယ)
မဟာထေရ်သည် ပျံလွန်တော်မူသည်မှာ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ရက်ပေါင်း ၄၄ ရက် ရှိပြီ ဖြစ်သော်လည်း ရုပ်ကလာပ်တော်မှာ မပုပ်မသိုး မပျက်မစီးဘဲ ရှိနေကြောင်း သိရှိရသည်။

ဆရာတော်ဘုရားကြီးသည် ၂၀၁၂ခုနှစ် ဒီဇင်ဘာလ၂၇ရက်နေ့ ညနေ ၆ နာရီတွင် အစာအိမ်ဝေဒနာရောဂါဖြင့် ပျံလွန်တော်မူသွားခဲ့ခြင်း ဖြစ်သည်။မပျံလွန်တော်မူခင် ပြည့်စုံတော်မူသော ဆရာတော်၏ အကျင့်သီလ သမာဓိဂုဏ်ကြောင့် ကိုးကွယ်သူ ဒကာ ဒကာမများမှ မီးသဂြိုင်္လ်ခြင်း မပြုရန် ဆန္ဒပြုကြသဖြင့် မြို့နယ် သံဃာ့နာယက ဆရာတော်အား လျောက်ထားကာ အများပြည်သူ ဖူးမျော်ကြည်ညိုနိုင်ရန် ယာယီစံကျောင်းတော်တွင် မှန်ခေါင်းဖြင့် ထားရှိသည်မှာ ရက်ပေါင်း ၄၄ရက် ရှိပြီဖြစ်သော်လည်း အပုပ်နံ့ထွက်ခြင်း၊ရုပ်ကလာပ်တော် ပျက်စီးခြင်းမရှိဘဲ ကိုယ်ရေခြောက်ခမ်းခြင်းမျှသာ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

''ဆရာတော်ကို ကိုးကွယ်ကြတဲ့ ဒကာဒကာမတွေရဲ့ ဆန္ဒအတိုင်း မီးသင်္ဂြိုလ်တာ မလုပ်ဘဲထားမယ် သံဃာ့ နာယက သြ၀ါဒဆရာတော်တွေ မိန့်မှာတာကတော့ အခုလိုထားရင်းနဲ့ ဒီကြားထဲမှာ ဖောက်ပြန်ရင် ဖောက်ပြန်သလို တစ်မျိုးစီစဉ်မယ်ဆိုပြီးတော့ စီစဉ်ထားတယ် ဒါပေမယ့် အခုထိတောင်မှ အပုပ်နံ့မထွက်၊မပျက်စီးဘဲ ခြောက်ပြီးသွားတာဆိုတော့ ဒီလိုမျိုး ရှိခဲ့ဖူးတဲ့ ဆွမ်းလွန်းဆရာတော်၊ကုံလုံဆရာတော်ကြီးတို့လို အများပြည်သူ ဖူးမျော်ကြည်ညိုနိုင်အောင် ဒီအတိုင်းပဲ စံကျောင်းတော်နဲ့ ထားသွားမှာပါ''ဟု ဇီးဖြူပင်ကျောင်းတိုက်၊တိုက်အုပ်ဆရာတော် ဦးပဏ္ဍိစ္စမှ မိန့်ကြားပါသည်။

''အရင်တုန်းက တောင်ငူဘက်ကနေ မွန်ပြည်နယ် သာမညတောင် ဆရာတော်ကြီးဆီ သွားဖူးတဲ့သူတွေကို တောင်ငူဘက်ကလာတဲ့ ဧည့်သည်တွေ ငါ့ဆီကို လာစရာတောင်မလိုဘူး ဇီးဖြူပင်ကျောင်းကိုပဲသွား ဆိုပြီး သာမညတောင် ဆရာတော် မိန့်ကြားတာမျိုးတွေတောင် ရှိခဲ့ဖူးပါတယ်'' ဟု တောင်ငူမြို့ ဟင်္သာကုန်းရပ်နေ ဦးမျိုးမြင့်မှ ပြောကြားသည်။

w1-8-2-2

ဇီးဖြူပင်ဆရာတော်ကြီးအား ပဲခူးတိုင်းဒေသကြီး၊တောင်ငူမြို့ နယ်၊ပဒဲကျေးရွာတွင် ၁၂၇၀ ခုနှစ် တပေါင်းလဆန်း(၈)ရက်နေ့၌ ခမည်းတော် ဦးဘိုးချို၊ မယ်တော် ဒေါ်ပန်းရင်တို့မှ ဖွားမြင်ခဲ့ပြီး လာမည့်တပေါင်းလဆန်း ၈ ရက် နေ့တွင် သက်တော် ၁၀၄ နှစ် ပြည့်မည်ဖြစ်သည်။ပြီးခဲ့သော သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့တွင် တောင်ငူခရိုင် ထန်းတပင်မြို့နယ် ကြိမ် တောမြောင်ကျေးရွာ၌ သက်တော် ၉၅ နှစ် ၀ါတော် ၇၅ ၀ါရှိ ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး မပုပ်မသိုး မပျက်စီးဘဲ ထူးခြားသော ရုပ်ပြောင်းလဲမှုများ ဖြစ်ပေါ်သဖြင့် မီးသင်္ဂြိုလ်ခြင်းမရှိပဲ စံကျောင်းတော်ဖြင့်သာ ကိုးကွယ်ထားသည်မှာ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ရက်ပေါင်း ၁၀၀ ရှိပြီဖြစ်ကြောင်းလည်း သိရှိရသည်။

 မန္တလေးမြို့တွင် ငွေစက္ကူအတု တစ်သိန်းခွဲလျင် ငွေစက္ကူအစစ် တစ်သိန်းဖြင့် လဲလှယ်ပေးသည့်သူအား ဖမ်းဆီးရမိ

မန္တလေးမြို့တွင် ငွေစက္ကူအတု တစ်သိန်းခွဲလျင် ငွေစက္ကူအစစ် တစ်သိန်းဖြင့် လဲလှယ်ပေးသည့်သူအား ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရပါသည်။

ငွေစက္ကူအတု လဲလှယ်ပေးသည့်သူအား ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ ၂ရက်နေ့ ည၉နာရီခွဲ အချိန်ခန့် အမှတ်(၉)ရဲစခန်းမှ နယ်ထိန်းအရာရှိနဲ့အဖွဲ့ နယ်မြေအတွင်း သတင်းစုံစမ်းနေစဉ် မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန် ရပ်ကွက်အတွင်း ငွေစက္ကူ ၅၀၀၀ တန်၊ ၁၀၀၀ တန်များအား စည်သူဆိုသူမှ ငွေစက္ကူအတု ကျပ်တစ်သိန်းခွဲလျင် ငွေစက္ကူအစစ် ကျပ်တစ်သိန်းဖြင့် လဲလှယ်ပေးနေကြောင်း သတင်းရရှိခဲ့ပြီး၊  ဖေဖော်ဝါရီလ ၆ရက်နေ့ နေ့လယ် ၁၂နာရီ ၁၀မိနစ်အချိန် ဒုရဲအုပ်မျိုးမင်းကြူနှင့်အဖွဲ့မှ သက်သေများနှင့်အတူ အသွင်ယူကာ ငွေစက္ကူလဲလှယ်ပေးသည့် စည်သူ(ခ)စည်သူမြင့်အား မြို့တော်ဥယျာဉ်ရှေ့တွင် ချိန်းဆိုဆက်သွယ်ခဲ့ကြောင်း သိရသည်။ စည်သူ(ခ)စည်သူမြင့်ပါ နှစ်ဦးသည် 125 ကန်ဘိုဆိုင်ကယ်ဖြင့် ရောက်ရှိလာသဖြင့် စစ်မေးရာမှ စည်သူ(ခ)စည် သူမြင့် ၂၇နှစ် လွယ်ထားသော ဘေးလွယ်အိတ်အတွင်းမှ ငွေစက္ကူအတုဟု ယူဆရသော ၅၀၀၀တန်တစ်ရွက် ၁၀၀၀တန် (၁၂၆) ရွက်တို့အား သိမ်းဆည်းရမိခဲ့သဖြင့် ပြစ်မှုပုဒ်မ ၄၈၉ (ခ)အရ အမှတ်(၉)ရဲစခန်းမှ (ပ)၈၄ /၂၀၁၃ဖြင့် အမှုဖွင့်အရေးယူခဲ့ ကြောင်း သိရှိရသည်။

အဆိုပါ ငွေစက္ကူအတုများနှင့် ပတ်သက်ပြီး စည်သူ(ခ)စည်သူမြင့်မှ ငွေစက္ကူအတုများကို ချမ်းအေးသာဇံမြို့နယ်တွင် နေထိုင်သည့် မသဇင်၏ ဆက်သွယ်ပေးမှုဖြင့် အောင်မြေသာစံမြို့နယ် ပြည်ကြီးကျက်သ ရေ အနောက်ရပ်ကွက်၊ ၂၅လမ်းနှင့် ၂၆လမ်း၊၈၃လမ်းနှင့် ၈၄လမ်းကြား၊ သရဖီလမ်းသွယ်၊ အိမ်အမှတ်(၅၇/၃) တွင် နေထိုင်သည့် သက်တင်ထံမှ ရယူ လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် သက်တင်၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ သက်တင်မှာ ထွက်ပြေးတိမ်းရှောင်သွားပြီး ညီမဖြစ်သူ မလွင်ဇာခိုင်အား တွေ့ရှိရသဖြင့် မလွင်ဇာခိုင်၏ ဘီရိုအတွင်းမှ ငွေစက္ကူအတုဟု ယူဆရသော ၁၀၀၀တန်အသေး ၁၉၃ရွက်အား သိမ်းဆည်းရမိခဲ့သဖြင့် သက်တင်နှင့် မလွင်ဇာခိုင်တို့အား အမှတ် (၅)ရဲစခန်းမှ (ပ)၇၃/၂၀၁၃၊ပြစ်မှုပုဒ်မ ၄၈၉-(ခ)အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

 ပိတ်ချင်းမြောင် လှိုင်ဂူတော်အတွင်းရှိ သုံးဆင့် ရေတံခွန်တွင် ရတနာသိုက်များ ရှာဖွေရာမှ လူသေဆုံးမှုဖြစ်ခဲ့

ပြင်ဦးလွင်မြို့နယ်၊ ပိတ်ချင်းမြောင် လှိုဏ်ဂူတော်အတွင်းရှိ သုံးဆင့်ရေတံခွန်တွင် အိပ်မက်အရ ရတနာသိုက်များ ရှာဖွေရာမှ လူတစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

ဖေဖော်ဝါရီလ ၆ရက်နေ့ နံနက် ၅နာရီအချိန် ပြင်ဦးလွင်မြို့နယ်၊ပိတ်ချင်းမြောင် လှိုဏ်ဂူတော်အတွင်းရှိသည့် သုံးဆင့်ရေတံခွန်တွင် လူတစ်ဦးသေဆုံးကြောင်း ဦးကျော်ဆွေ(ဂေါပက)၏ သတင်းပေးချက်အရ ပိတ်ချင်းမြောင်ရဲစခန်းမှူး ရဲအုပ်စိုးစိုးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပြီး သေဆုံးသူမှာ အောင်နိုင်ဝင်း(၂၀)နှစ်သည် အမြင့်ပေ ၈၀ ခန့်ရှိ ပိတ်ချင်းမြောင်လှိုဏ်ဂူ သုံးဆင့်ရေတံခွန် အောက်ဆုံးထပ်တွင် ခါးနှင့်လက်များတွင် နိုင်လွန်ကြိုးပတ်လျက် သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး မုံရွာမြို့တွင် နေထိုင်ကြသည့် ဆိုင်ကယ်ဝပ်ရှော့ လုပ်ကိုင်သူ အောင်နိုင်ဝင်းသည် အစ်ကိုတော်စပ်သူ ဦီးပညာဘာသ ၄၀နှစ်၊ဇော်နိုင်ဝင်း ၂၅ နှစ်တို့နှင့်အတူ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်၁၀နာရီအချိန်တွင် လှိုဏ်ဂူသို့ လာရောက်ခဲ့ပြီး အောင်နိုင်ဝင်းက  အသက်ငါးနှစ်အရွယ်မှ ယနေ့အချိန်ထိ လှိုဏ်ဂူရေတံခွန်အတွင်း ရတနာသိုက်များရှိကြောင်း၊ ညအချိန်တွင် လာယူရန် အကြိမ်ကြိမ် အိပ်မက်ပေးကြောင်း ပြောဆိုသောကြောင့် အောင်နိုင်ဝင်း၏ ဆန္ဒအရ ည ၁၁နာရီခွဲအချိန်တွင် ပိတ်ချင်းမြောင်ရေတံခွန်အလယ်ထပ်သို့ ညီအစ်ကို ၃ဦး သွားရောက်ခဲ့ပြီး အောင်နိုင်ဝင်း၏ခါးတွင် ကြိုးချည်၍ ရေတံခွန်အောက်သို့ ဆင်းသွားခဲ့ပြီး အစ်ကိုဖြစ်သူ ဇော်နိုင်ဝင်းမှ ကြိုးစအား လက်ဖြင့်ဆွဲထားခဲ့ကြောင်း၊ အောင်နိုင်ဝင်း ဆင်းသွားပြီး (၂)နာရီခန့်အကြာတွင် ကြိုးစအား ပြန်လည်ဆွဲတင်ရာ မရသဖြင့် လှိုဏ်ဂူလုံခြုံရေးအဖွဲ့များနှင့် သွားရောက်စစ်ဆေးရာ အောင်နိုင်ဝင်းသည် ကိုယ်လုံးနှင့် လက်များတွင် ကြိုးစများရစ်ပတ်ပြီး သေဆုံးနေကြောင်း တွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

သေဆုံးသူ အောင်နိုင်ဝင်းအား ပြင်ဦးလွင်ဆေးရုံသို့ ပို့အပ်ခဲ့ပြီး ဖေဖော်ဝါရီလ ၆ရက်နေ့တွင် ပိတ်ချင်း မြောင်ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၂/၂၀၁၃ ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

စက်ယက်ကန်း လုပ်ငန်းရှင်များ အချိန် အကန့်သတ် ဖြင့် လျှပ်စစ်မီး အသုံးပြုရန် သတိပေး