Sunday, February 10, 2013

ဆင်းရဲမှု လျော့ချရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် JICA မှ ဂျပန်ယန်းငွေ ၆၆ ဘီလျံ ထုတ်ချေးမည်

ဆင်းရဲမှု လျော့ချရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ဂျပန်ယန်းငွေ ၆၆ ဘီလျံ ထုတ်ချေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

ချေးငွေ ၆၆ ဘီလျံကို အကြောင်းအရာ သုံးမျိုးအတွက် ထုတ်ချေးသွားမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဆင်းရဲမှု လျော့ချရေးကို အထောက်အကူပြုမည့် အခြေခံ အဆောက်အအုံ တည်ဆောက်ရေးနှင့် ပြုပြင်ရေး လုပ်ငန်းအတွက် ယန်းငွေ ၁၇ ဘီလျံ၊ သီလ၀ါ အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်သော အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ပထမအဆင့်အတွက် ယန်းငွေ ၂၀ ဘီလျံနှင့် ရန်ကုန်မြို့ရှိ လျပ်စစ်ဓာတ်အားပေး စက်ရုံများနှင့် လျပ်စစ်ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင် တည်ဆောက်ခြင်း၊ ကြံခင်း ဘိလပ်မြေစက်ရုံ ပြန်လည်ပြုပြင် တည်ဆောက်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း စီမံကိန်းများအတွက် ယန်းငွေ ၂၉ ဘီလျံကို ထုတ်ချေးသွားမည် ဖြစ်သည်။

ချေးငွေများ၏ စည်းကမ်းသတ်မှတ်ချက်များအဖြစ် ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလ ၃၀ နှစ်၊ စုစုပေါင်း နှစ် ၄၀ နှင့် အတိုးနှုန်းအဖြစ် တစ်နှစ်လျင် (၀.၀၁ ရာခိုင်နှုန်း) ဖြစ်ကြောင်း သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဆင်းရဲမှု လျော့ချရေးအတွက် ထုတ်ချေးမည့် ယန်းငွေ ၁၇ ဘီလျံအတွက် JICA မှ ပေးပို့လာသည့် စီမံချက်စာရင်းများကို သက်ဆိုင်ရာ ပြည်နယ်/တိုင်း ဒေသကြီးတို့မှလည်း စိစစ်အတည်ပြုပြီး ဖြစ်ကြောင်း၊ ယင်းချေးငွေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန မြန်မာ့ဆောက်လုပ်ရေး လုပ်ငန်းမှ လမ်း၊ တံတားဆိုင်ရာ စီမံကိန်းများ၊ လျပ်စစ်စွမ်းအား ၀န်ကြီးဌာန လျပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ လျပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဆိုင်ရာ စီမံကိန်းများနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ကျေးလက်ဒေသ ဖွံဖြိုးရေး ဦးစီးဌာနမှ ရေပေးဝေရေးဆိုင်ရာ စီမံကိန်းများအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။