Sunday, February 10, 2013

 သက်တော် ၁၀၄ နှစ် ၀ါတော် ၅၄ ၀ါရှိ ဇီးဖြူပင်ဆရာတော်ပျံလွန်တော်မူပြီး ရက်ပေါင်း ၄၄ ရက် ရှိပြီဖြစ်သော်လည်း မပုပ်မသိုးမပျက်စီးပဲရှိနေ


w1-8-2-1

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် သဖန်းပင်ကျေးရွာအုပ်စု၊ဇီးဖြူပင်ကျေးရွာ၊ဇီးဖြူပင် ကျောင်းထိုင်သက်တော် ၁၀၄ နှစ်၊ ၀ါတော် ၅၄ ၀ါရှိ၊သက်တော်ရှည် ဆရာတော် ဘဒ္ဒန္တသူရိယ(အဂ္ဂမဟာ ကမ္မဌာနစရိယ)
မဟာထေရ်သည် ပျံလွန်တော်မူသည်မှာ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ရက်ပေါင်း ၄၄ ရက် ရှိပြီ ဖြစ်သော်လည်း ရုပ်ကလာပ်တော်မှာ မပုပ်မသိုး မပျက်မစီးဘဲ ရှိနေကြောင်း သိရှိရသည်။

ဆရာတော်ဘုရားကြီးသည် ၂၀၁၂ခုနှစ် ဒီဇင်ဘာလ၂၇ရက်နေ့ ညနေ ၆ နာရီတွင် အစာအိမ်ဝေဒနာရောဂါဖြင့် ပျံလွန်တော်မူသွားခဲ့ခြင်း ဖြစ်သည်။မပျံလွန်တော်မူခင် ပြည့်စုံတော်မူသော ဆရာတော်၏ အကျင့်သီလ သမာဓိဂုဏ်ကြောင့် ကိုးကွယ်သူ ဒကာ ဒကာမများမှ မီးသဂြိုင်္လ်ခြင်း မပြုရန် ဆန္ဒပြုကြသဖြင့် မြို့နယ် သံဃာ့နာယက ဆရာတော်အား လျောက်ထားကာ အများပြည်သူ ဖူးမျော်ကြည်ညိုနိုင်ရန် ယာယီစံကျောင်းတော်တွင် မှန်ခေါင်းဖြင့် ထားရှိသည်မှာ ရက်ပေါင်း ၄၄ရက် ရှိပြီဖြစ်သော်လည်း အပုပ်နံ့ထွက်ခြင်း၊ရုပ်ကလာပ်တော် ပျက်စီးခြင်းမရှိဘဲ ကိုယ်ရေခြောက်ခမ်းခြင်းမျှသာ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

''ဆရာတော်ကို ကိုးကွယ်ကြတဲ့ ဒကာဒကာမတွေရဲ့ ဆန္ဒအတိုင်း မီးသင်္ဂြိုလ်တာ မလုပ်ဘဲထားမယ် သံဃာ့ နာယက သြ၀ါဒဆရာတော်တွေ မိန့်မှာတာကတော့ အခုလိုထားရင်းနဲ့ ဒီကြားထဲမှာ ဖောက်ပြန်ရင် ဖောက်ပြန်သလို တစ်မျိုးစီစဉ်မယ်ဆိုပြီးတော့ စီစဉ်ထားတယ် ဒါပေမယ့် အခုထိတောင်မှ အပုပ်နံ့မထွက်၊မပျက်စီးဘဲ ခြောက်ပြီးသွားတာဆိုတော့ ဒီလိုမျိုး ရှိခဲ့ဖူးတဲ့ ဆွမ်းလွန်းဆရာတော်၊ကုံလုံဆရာတော်ကြီးတို့လို အများပြည်သူ ဖူးမျော်ကြည်ညိုနိုင်အောင် ဒီအတိုင်းပဲ စံကျောင်းတော်နဲ့ ထားသွားမှာပါ''ဟု ဇီးဖြူပင်ကျောင်းတိုက်၊တိုက်အုပ်ဆရာတော် ဦးပဏ္ဍိစ္စမှ မိန့်ကြားပါသည်။

''အရင်တုန်းက တောင်ငူဘက်ကနေ မွန်ပြည်နယ် သာမညတောင် ဆရာတော်ကြီးဆီ သွားဖူးတဲ့သူတွေကို တောင်ငူဘက်ကလာတဲ့ ဧည့်သည်တွေ ငါ့ဆီကို လာစရာတောင်မလိုဘူး ဇီးဖြူပင်ကျောင်းကိုပဲသွား ဆိုပြီး သာမညတောင် ဆရာတော် မိန့်ကြားတာမျိုးတွေတောင် ရှိခဲ့ဖူးပါတယ်'' ဟု တောင်ငူမြို့ ဟင်္သာကုန်းရပ်နေ ဦးမျိုးမြင့်မှ ပြောကြားသည်။

w1-8-2-2

ဇီးဖြူပင်ဆရာတော်ကြီးအား ပဲခူးတိုင်းဒေသကြီး၊တောင်ငူမြို့ နယ်၊ပဒဲကျေးရွာတွင် ၁၂၇၀ ခုနှစ် တပေါင်းလဆန်း(၈)ရက်နေ့၌ ခမည်းတော် ဦးဘိုးချို၊ မယ်တော် ဒေါ်ပန်းရင်တို့မှ ဖွားမြင်ခဲ့ပြီး လာမည့်တပေါင်းလဆန်း ၈ ရက် နေ့တွင် သက်တော် ၁၀၄ နှစ် ပြည့်မည်ဖြစ်သည်။ပြီးခဲ့သော သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့တွင် တောင်ငူခရိုင် ထန်းတပင်မြို့နယ် ကြိမ် တောမြောင်ကျေးရွာ၌ သက်တော် ၉၅ နှစ် ၀ါတော် ၇၅ ၀ါရှိ ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး မပုပ်မသိုး မပျက်စီးဘဲ ထူးခြားသော ရုပ်ပြောင်းလဲမှုများ ဖြစ်ပေါ်သဖြင့် မီးသင်္ဂြိုလ်ခြင်းမရှိပဲ စံကျောင်းတော်ဖြင့်သာ ကိုးကွယ်ထားသည်မှာ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ရက်ပေါင်း ၁၀၀ ရှိပြီဖြစ်ကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။