Wednesday, June 12, 2013

Sky net ၊ ယုဇန၊ ၀ါဝါ၀င်း၊ ဧဒင်ကုမ္ပဏီများနှင့် ၀န်ကြီးဌာနများမှ ဥပဒေမဲ့ သိမ်းယူထားသည်ဆိုသော မြေကွက် ခုနစ်ရာကျော် ပြန်လည်ရရှိရေးအတွက် မြေပိုင်ရှင် ၇၀ ကျော် ဆန္ဒပြ

wishshow-june12

ဥပဒေမဲ့ သိမ်းယူထားသည်ဆိုသော မြေကွက်ခုနစ်ရာကျော် ပြန်လည်ရရှိရေးအတွက် ဇွန် ၁၁ ရက်တွင် မြေပိုင် ၇၀ ကျော်က ဆန္ဒပြထုတ်ဖော် နေစဉ် (ဓာတ်ပုံ-အောင်ရဲကို)

Sky net ၊ ယုဇန၊ ၀ါဝါ၀င်း၊ ဧဒင်ကုမ္ပဏီများနှင့် ဟိုတယ်နှင့် ခရီးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနများမှ ဥပဒေမဲ့ သိမ်းယူလွှဲပြောင်း ထားသည်ဆိုကာ မြေကွက် ခုနစ်ရာကျော်၏ ပိုင်ရှင်များမှ ပြန်လည်ရရှိရေးအတွက် မြေပိုင်ရှင် ၇၀ ကျော်က ဆန္ဒပြမှုအား ဇွန် ၁၁ ရက်တွင် ပြုလုပ်ခဲ့သည်။

ယင်းဆန္ဒ ထုတ်ဖော်မှုများတွင် မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာန ရှေ့မှ ယုဇန၊ ဧဒင်၊ ၀ါဝါ၀င်း ကုမ္ပဏီ ဥပဒေမဲ့ သိမ်းယူထားသည်ဆိုပြီး အဆောက်အအုံ ဆောက်လုပ်သည့် ဗိုလ်တထောင်မြို့နယ်၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ဂိုဒေါင်အဖြစ် အသုံးပြုလျက်ရှိသည့် မြေနေရာဝင်းနှင့် မည်သည့်အဆောက် အအုံများမှ ဆောက်လုပ်ထားခြင်း မရှိသေးသည့် စီအိုဒီ ၀န်းအတွင်းသို့ စီတန်းလမ်းလျှောက်ခြင်းနှင့် မြေနေရာများ ပြန်ရရှိရေးဟူသော ကြွေးကြော်သံများ ဟစ်ကြွေးဆန္ဒ ပြခဲ့ကြောင်း သိရသည်။

ထိုသို့ ဆန္ဒထုတ်ဖော်မှုမှာ သုံးကြိမ်မြောက်အဖြစ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည့်အပြင် နိုင်ငံတော် သမ္မတ၊ လွှတ်တော်အသီးသီး၊ သက်ဆိုင်ရာ ၀န်ကြီးဌာနနှင့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီထံသို့ တိုင်ကြားခဲ့ပြီး ဖြစ်သော်လည်း လက်ရှိအချိန်ထိ ထူးခြားမှု မရှိသေးကြောင်း သိရသည်။

လျော်ကြေးပေးခြင်း မရှိဘဲ ဥပဒေမဲ့ သိမ်းဆည်းခံ ထားရသော မြေကွက်တစ်ကွက်၏ ပျှမ်းမျှအကျယ်မှာ ၂၅ ပေ _ ၅၈ ပေရှိပြီး ၇၁၃ ကွက်ရှိပြီး ရာဇာဓိရာဇ်လမ်း၊ ဗန္ဓုလလမ်း၊ ကမ်းနားလမ်းနှင့် ဗိုလ်တထောင် မြို့နယ်တို့တွင် တည်ရှိကြောင်း သိရသည်။

အဆိုပါ မြေများမှာ နှစ် ၉၀ သက်တမ်းရှိ ဂရန်မြေများဖြစ်ပြီး ၁၉၉၄ အထိ ကုန်သွယ်ရေး ၀န်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားဝန်ကြီး ဌာနတို့မှ ငှားရမ်းခဲ့ကြောင်း သိရသည်။

မြေပိုင်ရှင် တစ်ဦးဖြစ်သူ ဦးမြင့်အောင်က "လျော်ကြေးမပေး စာမလာနဲ့ နိုင်ငံရဲ့ လိုအပ်ချက်ဆိုပြီး သိမ်းယူခဲ့တာ ကျွန်တော်တို့ရဲ့ ဘိုးဘွားပိုင်တွေပါ။ ဂရန်တွေ အပြည့်အစုံ ရှိတယ်။ သူတို့ ဌာနတွေကို ငှားရမ်းခဲ့တဲ့ စာရွက်စာတမ်းတွေ ငှားရမ်းခ ရရှိတဲ့ ပြေစာစာရွက်တွေ ကျွန်တော်တို့ဆီမှာ အခိုင်အမာ ရှိပါတယ်" ဟုဆိုသည်။

သို့သော်လည်း အိုးအိမ်ဦးစီးဌာနမှ နိုင်ငံတော်၏ လိုအပ်ချက်အရ ဟုဆိုကာ ၁၉၉၄ ခုနှစ် နောက်ပိုင်းတွင် သိမ်းယူခဲ့ပြီး လက်ရှိတွင် ယုဇန၊ ဧဒင်၊ ၀ါဝါ၀င်း ဆောက်လုပ်ရေး ကုမ္ပဏီများသို့ ပြန်လည်ရောင်းချ နေသဖြင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပြီး ဖြေရှင်းချက် မပေးပါက ရန်ကုန်မြို့ပေါ်ရှိ မြေသိမ်းခံသူများနှင့် ပူးပေါင်းကာ ထပ်မံဆန္ဒ ထုတ်ဖော်သွားမည်ဖြစ်ကြောင်း မြေသိမ်းခံရ၍ ဆန္ဒပြသူများထံမှ သိရသည်။

မြေသိမ်းခံရသူ ကိုတင်ဦး ဆိုသူကလည်း "အခုဆို ဂရန်သက်တမ်းက ကျန်သေးတယ်။ မြေသိမ်းခံခဲ့ရတဲ့ ၁၉၉၄ ခုနှစ်ကတောင် နှစ်နှစ်ဆယ် သက်တမ်းရှိသေးတယ်။ အဲဒါကို အိုးအိမ်က ဒီခရိုနီ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး အိမ်ရာတွေ ဆောက်လုပ်ဖို့ လုပ်နေတာ ဘယ်လိုမှ လက်မခံနိုင်ပါဘူး" ဟုဆိုသည်။

သိမ်းယူခံထားရသော မြေကွက်များ၏ ရာခိုင်နှုန်း ၈၀ ခန့်မှာ အဆောက်အအုံ တစ်စုံတစ်ရာမှ ဆောက်လုပ်ခြင်း မရှိသေးသဖြင့် ပြန်လည်ရရှိရန်နှင့် ဥပဒေမဲ့ ဆောက်လုပ်နေသော ကုမ္ပဏီများအား အရေယူ ဆောင်ရွက်ပေးရန် အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ကာ ဆောင်ရွက်ပေးရန် သမ္မတ၊ သက်ဆိုင်ရာ ဌာနအသီးသီးသို့ တင်ပြဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မိုးရွာသွန်းချိန် ဗိုလ်ဆွန်ပက်ကွန်ဒို ကားပါကင်၌ ကားနှစ်စီး ရေမြုပ်၍ ကရိန်းဖြင့် ဆယ်ယူခဲ့ရ


bosonpak-june12

ဗိုလ်ဆွန်ပက် ကွန်ဒိုရှိ ကားပါကင်တွင် ရေနစ်မြုပ်နေသော ကားကို တွေ့ရစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)

ဇွန် ၉ ရက် ညပိုင်းနှင့် ဇွန် ၁၀ ရက် နံနက်ပိုင်း မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့လယ်ရှိ ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာစသော မြို့နယ်များမှ လမ်းများတွင် အနည်းဆုံး ခြောက်လက်မမှ အများဆုံး နှစ်ပေအထိ ရေလျှံခြင်း ဖြစ်ပေါ်ခဲ့ပြီး ဗိုလ်ဆွန်ပက်ကွန်ဒို ကားပါကင်တွင် ကားနှစ်စီး ရေမြုပ်၍ ကရိန်းဖြင့် ပြန်လည်ဆယ်ယူ ခဲ့ရသည်။

ရေကြီးရေလျှံမှု အများဆုံးဖြစ်သော လမ်းများမှာ ဗိုလ်ဆွန်ပက်လမ်း၊ ၂၉ လမ်း၊ ၃၁ လမ်းတို့ဖြစ်ကာ ထိုလမ်းများ၏ အချို့နေရာများတွင် နှစ်ပေခန့်အထိ ရေလျှံနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ကာ ယင်းလမ်းများတွင် အလုပ်လုပ်ကိုင် နေသောသူများ အခက်ကြုံခဲ့ရပြီး၊ ရေလျှံမှု ဖြစ်ပေါ်သော အချိန်၌ အမှိုက်သရိုက် များသည်လည်း လမ်းပေါ်တွင် မျောပါနေကြောင်း သိရသည်။

ထို့ပြင် ဗိုလ်ဆွန်ပက်လမ်း၊ ဗိုလ်ဆွန်ပက် ကွန်ဒိုတွင်လည်း မြေညီထပ်ထိ ရေ၀င်ရောက်မှုမှာ ငါးပေခန့်ရှိကာ အောက်ဆုံးထပ် ကားပါကင်တွင်မူ ကားနှစ်စီး ရေမြုပ်သွားသည်အထိ ဖြစ်ခဲ့ရပြီး တစ်စီးကို ဇွန် ၁၀ ရက် နံနက်ပိုင်းက ကရိန်းဖြင့်ပင် လာရောက်ဆယ်ယူ သွားခဲ့ရကြောင်း သိရသည်။

"အခုထက်ထိ ကျွန်တော့်ကားက ရေမြုပ်နေတုန်းပဲ။ အောက်ထပ် ကားပါကင်ကို ရေ၀င်တာ ငါးပေကျော်လောက် ရှိမယ်။ အခု ရေလာစုပ်ထုတ်တယ် ဆိုတဲ့ပိုက်လုံးကလည်း အလုံးတော်တော် သေးသေးနဲ့ စုပ်ထုတ်နေပါတယ်" ဟု ရေနစ်မြှုပ်နေသည့် ဗိုလ်ဆွန်ပက် ကွန်ဒိုမှ ကားပိုင်ရှင်က ဆိုသည်။

မလေးရှားရှိ မြန်မာများအတွက် အစွမ်းကုန် ကာကွယ်စောင့်ရှောက်ပေးရန် သမ္မတ ဦးသိန်းစိန် ပြောကြား

မလေးရှားရှိ မြန်မာများအတွက် အစွမ်းကုန် ကာကွယ်စောင့်ရှောက်ပေးရန် မလေးရှား နိုင်ငံသို့ သွားရောက်မည့် မြန်မာအထူး ကိုယ်စားလှယ် အဖွဲ့အား သမ္မတ ဦးသိန်းစိန်က တွေ့ဆုံမှာကြားခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်းရရှိသည်။

မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားများ အကြမ်းဖက် အသတ်ဖြတ်ခံနေရမှုနှင့် စပ်လျဉ်း၍ လေ့လာစုံစမ်းမှုများ ပြုလုပ်သွားရန် နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး၊ အလုပ်သမား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆောင်သည့် မြန်မာအထူး ကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံသို့ မြန်မာနိုင်ငံမှ ဇွန် ၁၁ ရက် ညနေပိုင်းတွင် မလေးရှား လေကြောင်းလိုင်းဖြင့် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့တွင် ပြည်ပအလုပ်အကိုင် အေဂျင်စီ အသင်းချုပ်မှ ခြောက်ဦးလည်း ပါဝင်မည်ဖြစ်ပြီး အေဂျင်စီ ကိုယ်စားလှယ် တစ်ဦးမှာ ရှေ့ပြေးသွားရောက်ပြီး ဖြစ်ကြောင်း သိရသည်။

"ဒီအထူး ကိုယ်စားလှယ် အဖွဲ့ရဲ့ လေ့လာတင်ပြချက်တွေပေါ် မူတည်ပြီး အစိုးရ အနေနဲ့ လိုအပ်တာ မှန်သမျှ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ မိမိ နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ လုပ်လို့ရတာ အကုန်လုပ်ဖို့၊ လုပ်နိုင်တာ အကုန်လုပ်ဖို့ သမ္မတကြီးကိုယ်တိုင် ပြောကြားထားပါတယ်။ ပထမဆုံး ဖြစ်စဉ်တွေ ဖြစ်လာချိန်မှာ နိုင်ငံအချင်းချင်း ဆက်ဆံရေးဆိုင်ရာ ကွန်ဗင်းရှင်းတွေနဲ့အညီ သံတမန်ရေးအရ ညှိနှိုင်းဆောင်ရွက် ရပါတယ်။ မိတ်ဆွေနိုင်ငံရဲ့ ဖြေရှင်းဆောင်ရွက် မှုတွေကိုလည်း စောင့်ကြည့်ရပါတယ်။ ဆက်လက်ဖြစ်ပေါ်လာတဲ့ အခြေအနေတွေပေါ် မူတည်ပြီး အခုလို ဖြစ်စဉ် ဖြစ်ရပ် အမှန်တွေကို တိတိကျကျ သိရှိနိုင်ဖို့၊ မိမိနိုင်ငံ သားများကို ခိုင်ခိုင်မာမာ အကာအကွယ် ပေးနိုင်ဖို့ ခုလိုစေလွှတ်လိုက်တာ ဖြစ်ပါတယ်" ဟု နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။

"မလေးရှားမှာရှိတဲ့ မြန်မာနိုင်ငံ သားတွေကိုယ်စား ဖြစ်ရပ်တွေ၊ လိုအပ်ချက်တွေ၊ အစိုးရချင်း ညှိနှိုင်းဆောင်ရွက် ပေးစေလိုတဲ့ အချက်တွေကို ဒီအထူး ကိုယ်စားလှယ်အဖွဲ့နဲ့ ဆက်သွယ်ပြီး ပြည့်ပြည့်စုံစုံ ခိုင်ခိုင်မာမာ အသိပေးကြဖို့ အရေးကြီးပါတယ်။ တချို့ဖြစ်ရပ်တွေ၊ လိုအပ်ချက်တွေကို အကုန်အစင် အသေးစိတ် သိရှိနိုင်ဖို့ ခဲယဉ်းနိုင်တာကြောင့် ဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ အကြမ်းဖက် သတ်ဖြတ်ခံရမှုကြောင့် မေ ၃၀ ရက်မှ ဇွန် ၈ ရက်အထိ သေဆုံးသူဦးရေ ၆ ဦး ရှိသွားပြီဖြစ်ပြီး အတွင်းလူနာအဖြစ် 
ဆေးရုံတင်ထား ရသူဦးရေမှာ ၁၂ ဦး ရှိသွားပြီဖြစ်ကြောင်း မလေးရှားနိုင်ငံရှိ ကပုန်းနာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်မှ ၀င်လာသော တိုင်းရင်းသားများအား ပြန်မသွားမှသာ နိုင်ငံသားဖြစ်ခွင့် မဖြစ်ခွင့်ကို စဉ်းစားမည်


rakhaine-june12

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောမြို့သို့ ပြန်လည်ဝင်ရောက်လာသော ရခိုင်တိုင်းရင်းသား မိသားစု တစ်စုအား မေလ ဒုတိယပတ်က တွေ့ရစဉ်

ဘင်္ဂါလီများ၏ အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ် အတွင်းသို့ ၀င်ရောက်လာသော ရခိုင်တိုင်းရင်းသားများအား ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်လည်မသွားဟု ဆိုမှသာ နိုင်ငံသားဖြစ်ခွင့် မဖြစ်ခွင့်ကို ထည့်သွင်းစဉ်းစား သွားမည်ဖြစ်ကြောင်း ပြည်နယ် အစိုးရထံမှ သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ရခိုင်ပြည်နယ် အတွင်းသို့ ခိုလှုံလာကြ သူများထဲတွင် သက်၊ မြို၊ ရခိုင်၊ ဒိုင်းနက် လူမျိုးများ ပါဝင်ပြီး မောင်တောမြို့နယ်နှင့် ကျောက်တော်မြို့နယ် အတွင်းသို့ ရောက်ရှိနေသော အိမ်ထောင်စု အရေအတွက်မှာ ၁၅၈ စုဖြစ်ကြောင်းနှင့် ကျားမ လူဦးရေမှာ ၇၂၅ ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရသော်လည်း မောင်တောဒေသခံများ၏ အဆိုအရ အိမ်ထောင်စု ၂၅၀ ကျော်နှင့် လူဦးရေ ၁၀၀၀ ကျော်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။

တစ်နှစ်စာ ဆန်တွေ၊ ဆီတွေ၊ အသုံးစရိတ်တွေ ထုတ်ပေးထားတယ်။ နေရာထိုင်ခင်းအတွက် စီစဉ်ပေးနေတယ်။ ဥပဒေအရ ဆောင်ရွက်သွားမှာပါ။ ဖြစ်သင့်ရင် ဖြစ်မယ်၊ မဖြစ်သင့်ရင်တော့ မဖြစ်သေးဘူး . . . . .

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ရောက်ရှိလာသူများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက "မြန်မာပြည်ထဲကို ၀င်လာတဲ့ ရခိုင်တိုင်းရင်းသားတွေကို နိုင်ငံသားဖြစ်ခွင့် ပေးမပေးဆိုတာ နောက်မှစဉ်းစားမယ်။ အဓိကတော့ မပြန်တော့ဘူးဆိုရင် သူတို့အတွက် ထည့်စဉ်းစားပေးမယ်။ အခု လောလောဆယ်တော့ ပြည်နယ်အစိုးရက တစ်နှစ်စာဆန်တွေ၊ ဆီတွေ၊ အသုံးစရိတ်တွေ ထုတ်ပေးထားတယ်။ နေရာထိုင်ခင်းအတွက် စီစဉ်ပေးနေတယ်။ ဥပဒေအရ ဆောင်ရွက်သွားမှာပါ။ ဖြစ်သင့်ရင် ဖြစ်မယ်၊ မဖြစ်သင့်ရင်တော့ မဖြစ်သေးဘူး။ သူတို့မှာလည်း အသက်အန္တရာယ်ရှိလို့ ပြေးလာကြတာတော့ သေချာတယ်" ဟု ပြောကြားခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ရောက်ရှိလာသူများသည် ယင်းနိုင်ငံတွင် ဆက်လက်နေထိုင်၍ မရတော့သည့် အနေအထားကြောင့် ထိုသို့ထွက်ပြေး ခိုလှုံလာခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်း အမြဲနေထိုင် သွားကြမည့်သူများ ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ အတွင်းသို့ ရောက်ရှိလာသူများထံမှ သိရသည်။

အစိုးရ ဌာနဆိုင်ရာ အသီးသီးတွင် အဂတိ လိုက်စားမှု ပပျောက်ရေး နိုင်ငံတကာ စံနှုန်းနှင့်အညီ ဆောင်ရွက်သွားမည်

ပြည်သူ့ဝန်ထမ်း ဌာနဆိုင်ရာ အသီးသီး၌ အဂတိလိုက်စားမှု ပပျောက်ရေးကို နိုင်ငံတကာ စံနှုန်းနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။  

မြန်မာနိုင်ငံမှ လျှောက်လမ်းနေသည့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် သန့်ရှင်းသော အစိုးရတစ်ရပ် ပေါ်ထွန်းလာရေးကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အဂတိ လိုက်စားမှုကို နိုင်ငံတကာ စံနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်သည်။

အဂတိ လိုက်စားမှု ပပျောက်ရေး ဆောင်ရွက်တဲ့ အခါမှာ နိုင်ငံတကာ စံတွေနဲ့အညီ ဘယ်လိုဆောင်ရွက် သွားမလဲဆိုတဲ့ လုပ်ငန်းစဉ်ပေါ်မှာ လက်တွေ့စဉ်းစား ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ် . . . . .

ဒေါက်တာ ဇော်ဦး MDRI-CESD က "အခုလို ဆွေးနွေးခြင်းအားဖြင့် အဂတိ လိုက်စားမှု ပပျောက်ရေး လက်တွေ့ဆောင်ရွက်နေတဲ့ ပြည်သူ့ဝန်ထမ်း ဌာနဆိုင်ရာ အသီးသီးကလည်း အဂတိ လိုက်စားမှု ပပျောက်ရေး ဆောင်ရွက်တဲ့ အခါမှာ နိုင်ငံတကာ စံတွေနဲ့အညီ ဘယ်လိုဆောင်ရွက် သွားမလဲဆိုတဲ့ လုပ်ငန်းစဉ်ပေါ်မှာ လက်တွေ့စဉ်းစား ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ နောက်ကျနေတဲ့ ကျွန်တော်တို့ နိုင်ငံအတွက်က အင်မတန်မှ ကြီးမားတဲ့ အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်။ ရှေ့ဆက်သွားနိုင်ဖို့ အခွင့်အလမ်းတွေထဲမှာ နိုင်ငံတကာ သင်ခန်းစာနှင့် အတွေ့အကြုံတွေကို ယူပြီး ဆောင်ရွက်ခြင်းအားဖြင့် အချိန်တိုအတွင်းမှာ မြန်မြန်ဆန်ဆန်နဲ့ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မယ် ဆိုပြီးတော့လည်း ကျွမ်းကျင်ပုဂ္ဂိုလ်တွေက မှတ်ချက်ပေးထားတာ ရှိပါတယ်" ဟု ဆိုသည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မတီကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၉ ရက်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ဒေါက်တာ တင်မောင်သန်း MDRI-CESD က "အရေးကြီးဆုံး အချက်ကတော့ ဒုသမ္မတက သူ့မိန့်ခွန်းထဲမှာ ပွင့်လင်းမြင်သာမှုနှင့် အဂတိ လိုက်စားမှု အဆင့်မှာ တော်တော်နိမ့်တဲ့ နေရာကို ရောက်နေတယ်ဆိုတာ အသိအမှတ်ပြု ပြောကြားသွားတယ်။ ပွင့်လင်းမြင်သာမှုရှိတဲ့ နိုင်ငံတကာ အဖွဲ့အစည်း ခေါ်လာတာကိုလည်း အစိုးရက လက်ခံတယ်။ အဖွင့်မိန့်ခွန်းကို ပြောလာတဲ့ ဒုသမ္မတကြီး ပြောတာကိုက ကြီးမားတဲ့ ခြေလှမ်းပေါ့။ အဂတိ လိုက်စားမှုကို အားလုံးဝိုင်းစဉ်းစားကြရင် တစ်စုံတစ်ရာ ပေါ်လာမှာပဲလို့ ယူဆပါတယ်။ အကျင့်ပျက် ခြစားမှုက လုပ်ငန်းလုပ်တဲ့ စနစ်ပေါ်မှာလည်း မူတည်တယ်။ လုပ်ပိုင်ခွင့် အာဏာတည်ဆောက် ထားပုံကိုလည်း ပြောင်းဖို့ လိုအပ်တယ်။ အဲ့ဒါတွေက အစိုးရဌာန ပြုပြင်ပြောင်းလဲရေးနဲ့လည်း ဆက်စပ်နေတယ်။ ဒါတွေကို ပြုပြင်ဖို့ဆိုတာ အင်မတန် ကြီးမားတဲ့ စိန်ခေါ်ချက်ပါပဲ" ဟု ပြောကြားခဲ့သည်။

မလေးရှားတွင် ဆက်လက်ဖမ်းဆီးထားသူ ၁၉၆ ဦး ရှိသည်ဟု မလေးရှား ရဲများကပြောကြောင်း နိုင်ငံခြားရေး ဒုဝန်ကြီး ပြောကြား

မလေးရှားတွင် ဆက်လက်ဖမ်းဆီးထားသူ ၁၉၆ ဦးနှင့် သေဆုံးသူ လေးဦးရှိသည်ဟု မလေးရှားရဲများက ပြောကြောင်း နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးဇင်ယော်က ဇွန် ၁၁ ရက် ညနေပိုင်းက မလေးရှားနိုင်ငံသို့ မထွက်ခွာမီ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြောကြားသည်။

လောလောဆယ်တွင် မလေးရှားနိုင်ငံ၌ အလုပ်သမား တရားဝင် ဟုတ်မဟုတ် စိစစ်ခြင်းများ များပြားသည့်အတွက် ပထမဆုံး အနေဖြင့် လူ ၁၀၀၀ ဖမ်းသည်ဆိုပြီး သတင်းရကြောင်း၊ သို့သော် အကုန်လုံးကို စိစစ်ပြီး ပြန်လွှတ်လိုက်သည့် အခါတွင် ၁၉၆ ယောက် ကျန်နေကြောင်း၊ နောက်တစ်ကြိမ် စိစစ်သည့် အခါတွင်လည်း UNHCR ၏ ကတ်အတုများ ကိုင်ထားသည့် သူများ ရှိနေကြောင်း၊ သေဆုံးသူ အနေဖြင့်မူ ရဲစာရင်းအရ လေးဦးသာရှိကြောင်း ဒုတိယ၀န်ကြီး ဦးဇင်ယော်က ပြောကြားသည်။

ဖမ်းဆီးစိစစ် ခံနေရသည့် မြန်မာနိုင်ငံ သားများအတွက် မည်ကဲ့သို့ ကူညီနိုင်မလဲ ဆိုသည်ကို မလေးရှား နိုင်ငံခြားရေး ၀န်ကြီးဌာန၊ မလေးရှား ပြည်ထဲရေး ၀န်ကြီးဌာန၊ မလေးရှား အလုပ်သမား ၀န်ကြီးဌာန စသည်ဖြင့် သွားရောက်တွေ့ဆုံ . . . . .

"အခု လောလောဆယ် သေဆုံးတယ်ဆိုတဲ့ အနေနဲ့ ရဲကလာပြီး ပြောဆိုတာ လေးဦးပဲ ရှိပါတယ်။ အဲဒီထဲက တစ်ဦးကို သင်္ဂြိုဟ်ခွင့်ပြုပြီး ဖြစ်ပါတယ်။ မလေးရှားမှာပါ။ သံရုံး အစီအစဉ်နဲ့ မဟုတ်ပါဘူး။ သူတို့ရဲရဲ့ အစီအစဉ်နဲ့ ဖြစ်မယ်။ နာရေးကူညီမှု အစီအစဉ်နဲ့ ဖြစ်မယ်" ဟု ဦးဇင်ယော်က ဆိုသည်။

မလေးရှားသို့ သွားရခြင်း အကြောင်းမှာ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ပြီး ပို၍ထိရောက်သည့် အကာအကွယ် ပေးမှုများ ရရှိနိုင်ရန် သွားရောက်ခြင်း ဖြစ်ပါကြောင်း၊ ဖမ်းဆီးစိစစ် ခံနေရသည့် မြန်မာနိုင်ငံ သားများအတွက် မည်ကဲ့သို့ ကူညီနိုင်မလဲ ဆိုသည်ကို မလေးရှား နိုင်ငံခြားရေး ၀န်ကြီးဌာန၊ မလေးရှား ပြည်ထဲရေး ၀န်ကြီးဌာန၊ မလေးရှား အလုပ်သမား ၀န်ကြီးဌာန စသည်ဖြင့် သွားရောက်တွေ့ဆုံပြီး ညှိနှိုင်းဆွေးနွေး သွားမည်ဖြစ်ကြောင်းလည်း ဒုတိယ၀န်ကြီး ဦးဇင်ယော်က ပြောကြားသည်။

အခြားနိုင်ငံသို့ ဧည့်သည်အဖြစ်နှင့် ရောက်နေခြင်း ဖြစ်သည့်အတွက် အဆိုပါ နိုင်ငံ၏ ဥပဒေဘောင် အတွင်းမှသာ အကာအကွယ်၊ အကူအညီ ပေးနိုင်မှုများ လုပ်၍ရမည်ဖြစ်ကြောင်း၊ ၎င်းတို့ အနေဖြင့် အတည်ပြုချက် ရယူရခြင်းများ ရှိသည့်အတွက် သတင်းထုတ်ပြန်မှုများ နှောင့်နှေးမှုများ ရှိသည်ဆိုသည်မှာ မှန်ကန်ပါကြောင်းလည်း ဒုတိယ၀န်ကြီး ဦးဇင်ယော်က ပြောကြားသည်။

မလေးရှားတွင် မြန်မာလုပ်သားများ၏ လုပ်အားသည် မရှိမဖြစ် အရေးပါသည် ဆိုသည်ကို လုပ်ငန်းရှင်များ အနေနှင့် သိရှိပြီး ဖြစ်သည့်အတွက် ကျန်ခဲ့မည့် သူများအတွက် မလေးရှား အစိုးရတင် မဟုတ်ဘဲ မလေးရှား လုပ်ငန်းရှင်များ၏ အကူအညီ၊ သံရုံးက ကူညီနိုင်သည့် အကူအညီများသည် ယခင်ကထက် ပိုမိုကောင်းမွန် လာမည်ဟု ယုံကြည်ပါကြောင်း၊ မလေးရှားတွင် အလုပ်လုပ်ကိုင်ပြီး သေဆုံးပါက မြန်မာပြည်တွင် ကျန်ရှိသော ဆွေမျိုးသားချင်းများ၏ တရားစွဲမှုများ ရှိလာနိုင်သည့်အတွက် မလေးရှား ဥပဒေအရ ချက်ချင်းသင်္ဂြိုဟ်၍ မရသည့်အတွက် ကြန့်ကြာမှုများ ရှိရခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။

အချို့တိုက်ခိုက်မှုများတွင် စီစီတီဗီ ကင်မရာများဖြင့် ရိုက်ကူးထားခြင်းများ ပြုလုပ်ထားသည့်အတွက် လူလုံးမကွဲသော်လည်း ခြေရာခံ ရရှိမှုများ ရှိနေပြီဖြစ်ကြောင်း၊ မလေးရှား ရဲမှူးကိုယ်တိုင် စုံစမ်းဖော်ထုတ်ပြီး အရေးယူပေးမည် ဆိုသည်ကို သံရုံးသို့ ပြောကြားထားကြောင်းလည်း ဒုတိယ၀န်ကြီး ဦးဇင်ယော်က ပြောကြားသည်။

ကိုရီးယား-မြန်မာ စီးပွားရေးဖိုရမ် ဇွန်လ ၁၈ ရက်တွင် ကျင်းပမည်

ရန်ကုန် (မဇ္ဈိမ)။   ။ ကိုရီးယား-မြန်မာ စီးပွားရေးဖိုရမ်ကို ဇွန်လ ၁၈ ရက်တွင် တောင်ကိုရီးယား နိုင်ငံ၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း မြန်မာ ကုန်သည် စက်မှု အသင်းချုပ် မှတဆင့် သိရသည်။

"ကိုရီးယား-မြန်မာ စီးပွားရေးဖိုရမ်မှာ ကုန်သည်စက်မှု အသင်းချုပ်နဲ့ ကိုရီးယားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ
ရေး အေဂျင်စီတို့ဟာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်" ဟု အသင်းချုပ်မှ ဒုတိယ ဥက္ကဋ္ဌ တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် တောင်ကိုရီးယား နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အဆင့် ၄ နေရာတွင် ရှိနေသည်ဟု ဆိုသည်။

"ကိုရီးယားနိုင်ငံဟာ ၂၀၁၂ ခုနှစ်၊ မတ်လ ကုန်အထိ အမေရိကန်ဒေါ်လာ သန်း ၂,၉၀၀ ကျော် ရင်းနှီးမြှုပ်နှံ ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဧပြီလကုန်မှာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံခန့်ထိ ရင်းနှီး မြှုပ်နှံထားပါတယ်။ ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်တွေဟာ မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု အပိုင်းမှာ အများဆုံး ရင်းနှီးမြှုပ်နှံထားတဲ့
နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်" ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ကိုရီးယားသို့ အဝတ်အထည်၊ ပဲ၊ ရေထွက်ကုန်၊ ကျောက်စိမ်း၊ သစ် စသည့် ကုန်များကို တင်ပို့လျက်ရှိပြီး ကိုရီးယားနိုင်ငံမှ မော်တော်ယာဉ်၊ စက်ပစ္စည်း၊ သံနှင့် စတီး ပစ္စည်းများနှင့် ပလပ်စတစ် ကုန်ကြမ်းများကို တင်သွင်းလျက်ရှိကြောင်း သိရသည်။

လူကုန်ကူးသူများ အဝေးပြေးကားဂိတ်တွင် ရဲတပ်ဖွဲ့က ဖမ်းမိ

လူကုန်ကူးသူများကို ရန်ကုန်မြို့ အောင်မင်္ဂလာကားဝင်းအတွင်း၌ ဇွန် ၉ ရက်က ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့စခန်းက မှုခင်းသတင်းထုတ်ပြန်သည်။

ရဲဌာနက လူကုန်ကူးသူများ၏ သတင်းကို ကြိုတင်ရရှိထားသဖြင့် မွန်းလွဲ ၃ နာရီအချိန်ကတည်းက ယင်းအဝေးပြေး ကားဂိတ်တွင် ကြိုတင်စောင့်ဆိုင်းကာ စစ်ဆေးမှုများ လုပ်ဆောင်သဖြင့် ယခုကဲ့သို့ ဖမ်းမိခြင်းဖြစ်သည်ဟုလည်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းသို့ စောင့်ဆိုင်းနေစဉ် ကယ်လ်ဒီနာ အမျိုးအစား အဖြူရောင်အငှားယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါ မော်တော်ယာဉ်တွင် မှုဆယ်မြို့သို့ လူကုန်ကူးမည်ဟု မသင်္ကာသူများကို တွေ့ရှိခဲ့သည်ဟု လည်းဆိုသည်။

လူကုန်ကူးသူများအဖြစ် ရဲက သံသယရှိသူများမှာ လှိုင်သာယာတွင် နေထိုင်ကြသည့် အသက် ၃၆ နှစ်အရွယ် ဦးချစ်ခိုင်၊ အသက် ၃ဝ အရွယ် မစုစုလှိုင် (ခ) မပိုးအိ၊ အသက် ၂၇ နှစ်အရွယ် မဆုဆုလှိုင် (ခ) မကြယ်စင်နှင့် မူဆယ်မြို့နယ်တွင်နေသည့် အသက် ၅ဝ အရွယ် ဒေါ်မိုးမိုးတို့ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

၎င်းတို့ လေးဦးသည် ဧရာဝတီတိုင်း ဇလွန်မြို့နယ်မှ ကျေးရွာတစ်ခုတွင် နေထိုင်သော အသက် ၂၂ နှစ်အရွယ် အမျိုးသမီး တစ်ဦးကို လူကုန်ကူးရန် စီစဉ်ထားကြောင်း ရဲများက စစ်ဆေးတွေ့ရှိခဲ့သည်ဟု ရဲဌာန၏ မှတ်တမ်းများတွင်တွေ့ရသည်။

သူတို့သည် အဆိုပါအမျိုးသမီးကို အဝေးပြေး ခရီးသည်တင်ယာဉ်ဖြင့် မူဆယ်မြို့သို့ ခေါ်ဆောင်သွားရန် စီစဉ်ခဲ့ကြောင်းလည်း ရဲဌာန၏ မှတ်တမ်းတွင်တွေ့ရသည်။

လူကုန်ကူးသူများအဖြစ် ရဲများက သံသယရှိသူ လေးဦးကို အရေးယူပေးရန် ဒုရဲမှူးဝင်းမြင့်က တရားလို
ပြုလုပ်တိုင်တန်းထားပြီး မင်္ဂလာဒုံရဲစခန်းက အမှုအမှတ် (ပ) ၃၂၁/၁၃ ဖြင့် အမှုဖွင့်ထားကာ လူကုန်ကူးမှု ဥပဒေပုဒ်မ ၂၄ ဖြင့် တရားစွဲဆိုမည်ဟု ရဲဌာနက သတင်းထုတ်ပြန်သည်။

လက်ရှိတွင် လူကုန်ကူးမှု သံသယရှိလျှင် ပြည်သူများ ဆက်သွယ်ရမည့် ဖုန်းနံပါတ် များကို အစိုးရက ထုတ်ပြန်ထားပြီး အဆိုပါ ဖုန်းများသို့ ဆက်သွယ် တိုင်တန်းမှုများကြောင့် အမှုအများအပြား ဖမ်းဆီးရမိ ခဲ့ကြောင်း တာဝန်ရှိသူများကပြောသည်။

အကြမ်းဖက်တရားခံများကို ဖော်ထုတ်အရေးယူပေးမည်ဟု မလေးရှားရဲမှူး ကတိပေး

မလေးရှားနိုင်ငံတွင် မေလကုန်ပိုင်းမှစပြီး မြန်မာအလုပ်သမားများ သေဆုံးဒဏ်ရာရရှိမှုများအပေါ် အကြမ်းဖက် တရားခံများအား ဖော်ထုတ်အရေးယူပေးမည်ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ လာရောက်ပြောဆို သွားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဇင်ယော် က ဇွန်လ ၁၁ ရက်တွင်ပြောဆိုလိုက်သည်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ လုံခြုံရေးကို ကူညီဆောင်ရွက်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုဝန်ကြီး ဦးဇင်ယော်နှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး
ဒေါ်ဝင်းမော်ထွန်း တို့ပါဝင်သည့် ကိုယ်စားလှယ် လေးဦးက ဇွန်လ ၁၁ ရက် ညနေတွင် မလေးရှားသို့ ထွက်ခွာသွားပြီလည်း ဖြစ်သည်။

''တချို့တိုက်ခိုက်မှုတွေမှာ CCTV ကင်မရာနဲ့ ရိုက်ထားတာတွေရှိပါတယ်။ လူလုံးမကွဲတာတို့ ၊ လူရှာတာတို့ စသဖြင့်ပေါ့။ Footage တွေကိုတော့ မိပါတယ်။ ဒီဟာတွေကို စုံစမ်းဖော်ထုတ်ပြီးတော့ အရေးယူပေးပါ မယ်ဆိုပြီးတော့ သက်ဆိုင်ရာ အခင်းဖြစ်ပွားတဲ့ ရဲမှူးကိုယ်တိုင် သံရုံးမှာလာတွေ့ပြီးတော့ ပြောပါတယ်။ ခုလောလောဆယ်တော့ ဖမ်းဆီးရမိတဲ့သူ မရှိဘူးလို့ သိရပါတယ်'' ဟု ဦးဇင်ယော်၏ ပြောဆိုချက်ကို
နိုင်ငံပိုင်ရုပ်သံတွင် ဖော်ပြခဲ့သည်။

မလေးရှားရှိ တရားမဝင် မြန်မာအလုပ်သမားများကို မလေးရှားအစိုးရက ထိန်းသိမ်းရေးစခန်းသို့ပို့ခြင်း ၊ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းများကို ယခင်က လုပ်ဆောင်ခဲ့သော်လည်း လက်ရှိ ဖြစ်ပေါ်နေသော အနေအထား အရ နှစ်ဖက်အစိုးရဆွေးနွေးပြီး ဆောင်ရွက်ရမည်ဟုလည်း ဒုဝန်ကြီး ဦးဇင်ယော် က
ပြောဆိုခဲ့သည်။

မလေးရှားရဲများက မြန်မာများကို မြင်ပါက ထိန်းသိမ်းခေါ်ဆောင်မှုများလည်းရှိနေပြီး အချို့မှာ ပြန်လည် လွတ်မြောက်ခြင်း မရှိသေးကြောင်းလည်း မလေးရှားရှိ မြန်မာဘုန်းတော်ကြီး ဦးဣန္ဓကက မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

ဆရာတော် ဦးဣန္ဓက၏ မြန်မာဘုန်းတော်ကြီးကျောင်းတွင် တိမ်းရှောင်နေရသည့် မြန်မာအလုပ်သမားပေါင်း ၂ဝ ခန့် ရှိနေပြီး ၎င်းတို့မှာ အဝတ်အစားအခက်အခဲရှိကြောင်းလည်း ဆရာတော်က မိန့်ကြားခဲ့သည်။

''အစားအစာကတော့ ဦဇင်းရဲ့ကျောင်းမှာ အဆင်ပြေနေတယ်လေ။ သူတို့ အဝတ်အစားတော့ အခက်အခဲရှိ မယ်ထင်တယ်။ အပြင်ထွက်ဖို့က ထိတ်ထိတ်ပြာပြာနဲ့ နေရတုန်းပဲ။ ပြန်မယ်လို့ပဲ ပြောနေကြတယ်'' ဟု ဆရာတော်က မိန့်ကြားခဲ့သည်။

မလေးရှားရဲများက မြန်မာနိုင်ငံသား လေးဦးသာသေဆုံးခဲ့ကြောင်း မြန်မာသံရုံးသို့ သတင်းပေးပို့သည်ဟု
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဇင်ယော်က နိုင်ငံပိုင်ရုပ်သံတွင် ပြောဆိုခဲ့သော်လည်း
မြန်မာနိုင်ငံသား ခြောက်ဦးသေဆုံးခဲ့ပြီး ကိုးဦး ဒဏ်ရာရရှိခဲ့သည်။

ဂျပန်ကူညီမည့် ရန်ကုန်-မန္တလေး ခေတ်မီရထားလမ်း လေ့လာမှုပြီးစီး

ဂျပန်နိုင်ငံမှ ကန်ဒေါ်လာ ၁.၇ဘီလီယံ ထောက်ပံ့မည့် ရန်ကုန်-မန္တလေးခေတ်မီရထားလမ်း တည်ဆောက် လုပ်ရေးအတွက် လေ့လာမှုများအား အပြီးသတ်ပြုလုပ်နိုင်ခဲ့ပြီဟု သိရသည်။

 

ကီလိုမီတာ (၆၄၀)ခန့်ရှည်လျားသော ခေတ်မီ မီးရထားလမ်း ဖောက်လုပ်ခြင်း ကန်ထရိုက်ကို ဂျပန်နိုင်ငံမှ ကုမ္ပဏီများသို့ ပေးအပ်မည်ဖြစ်ပြီး ကနဦးလေ့လာမှုလုပ်ငန်းများအတွက် ဂျပန်နိုင်ငံက ထောက်ပံ့ ခဲ့သောကြောင့်ဖြစ်သည်ဟု မြန်မာ့မီးရထားလုပ်ငန်းဝန်ကြီးဌာန ဒုဝန်ကြီး သူရဦးသောင်းလွင်က   ပြောကြားထားသည်။

 

ဂျပန်နိုင်ငံမှ အဆိုပါစီမံကိန်းအတွက် ချေးငွေလည်း ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာအစိုးရမှ ဒီဇယ်မီးရထားစက်ခေါင်းများနှင့်လူစီးတွဲများကို ပြည်တွင်းတွင် ၂၀၁၅ခုနှစ်၌ တရုတ်၏ အကူအညီဖြင့် ထုတ်လုပ်သွားရန်စီစဉ်နေကြောင်း သူရဦးသောင်းလွင်က ဆိုသည်။

 

" စက်ခေါင်းထုတ်လုပ်တဲ့ စက်ရုံနဲ့ လူစီးတွဲထုတ်လုပ်တဲ့စက်ရုံကို ၃နှစ်အတွင်းမှာ လည်ပတ်နိုင်မှာဖြစ်ပါတယ်။ဒီ တင်ဒါကို တရုတ်ကုမ္ပဏီတခုကို ပေးအပ်မှာ ဖြစ်ပါတယ်။ " ဟု သူရဦးသောင်းလွင်က ပြောကြားခဲ့သော်လည်း မည်သည့်တရုတ် ကုမ္ပဏီဖြစ်သည်ကို ဖော်ထုတ်ပြောဆိုခဲ့ခြင်း မရှိပေ။

 

အဆိုပါ စက်ရုံတည်ဆောက်မှုအတွက် ကန်ဒေါ်လာ ၁၀၀ မီလီယံခန့် ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ၉၀ ရာခိုင်နှုန်း ခန့်ကို တရုတ်ချေးငွေဖြင့် ရယူသုံးစွဲမည်ဖြစ်ကာ ကျန်ရှိသော ၁၀ရာခိုင်နှုန်းကို မြန်မာနိုင်ငံ၏ နှစ်စဉ် ဘတ်ဂျက်ဖြင့် သုံးစွဲသွားမည်ဟု သိရသည်။

 

အဆိုပါမီးရထား စက်ခေါင်းတွဲများအတွက် ဒီဇယ်အင်ဂျင်များကို နေပြည်တော်တွင် ထုတ်လုပ်မည်ဖြစ်ပြီး လူစီးတွဲများကိုမူ မန္တလေး၌ ထုတ်လုပ်မည်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် မီးရထားလမ်း အရှည် (၄၀၀၀)ကီလိုမီတာခန့်ရှိပြီး ဘူတာရုံပေါင်း (၉၂၆) ရုံခန့်ရှိကာ အသုံးပြုနိုင်သည့် မီးရထားပေါင်း (၄၃၆) စီးခန့်ရှိသည်။

 

မြန်မာ့မီးရထားမှ မီးရထားပေါင်း (၄၁၂)ခု ၊ လူစီးတွဲပေါင်း (၃၂၀၄) ခုဖြင့် လက်ရှိ ပြေးဆွဲနေသည်။

 

McKinsey and Co., မှထုတ်ပြန်သောအစီရင်ခံစာအရ မြန်မာနိုင်ငံသည် ၂၀၃၀ခုနှစ်တွင် စီးပွားရေးတိုးတက်မှု ရရှိရန် (၆၅၀) ဘီလီယံခန့် ရင်းနှီးမြှုပ်နှံရမည်ဖြစ်ပြီး (၃၂၀) ဘီလီယံခန့်ကို အခြေခံ လမ်းပန်းဆက်သွယ်ရေး နှင့်အခြားကနများ တိုးတက်စေရေးအတွက် အသုံးပြုရမည်ဖြစ်သည်။

 


Tuesday, June 11, 2013

RCSS/SSA အဖွဲ့ နိုင်ငံတော်သမ္မတကို ငြိမ်းချမ်းရေး ဗုဒ္ဓရုပ်ပွားတော် လက်ဆောင်ပေး

ငြိမ်းချမ်းရေး အတွက် အဖြေရှာရန် နိုင်ငံတော် သမ္မတကို လာရောက် တွေ့ဆုံသည်ဟု ဆိုသော ရှမ်းပြည်တောင်ပိုင်း တပ်မတော် RCSS/SSA အဖွဲ့သည် ငြိမ်းချမ်းရေး အဓွန့်ရှည်စေရန် ရည်ရွယ်ချက် ဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ဗုဒ္ဓ ရုပ်ပွားတော်တစ်ဆူ လက်ဆောင် ပေးခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သူများက The Voice သို့ ပြောကြားသည်။ ဇွန်လ ၁၀ ရက်နေ့က နေပြည်တော်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် RCSS/SSA အဖွဲ့၏ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်တို့ တွေ့ဆုံစဉ် ဗုဒ္ဓရုပ်ပွားတော်ကို ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။RCSS/SSA အဖွဲ့ နိုင်ငံတော်သမ္မတကို ငြိမ်းချမ်းရေး ဗုဒ္ဓရုပ်ပွားတော် လက်ဆောင်ပေး

အဆိုပါ ဗုဒ္ဓရုပ်ပွားတော်ကို နေပြည်တော်တွင် တည်ဆောက်မည့် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ ပုံစံတူ သတ္တသတ္တာဟ စေတီတော်တွင် ငြိမ်းချမ်းရေး အထိမ်းအမှတ်ဖြင့် တည်ထား ကိုးကွယ်သွားမည် ဖြစ်ကြောင်း ယင်းတွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက ပြောကြားသည်။ မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေး အဓွန့်ရှည်ရန်နှင့် ဗုဒ္ဓ၏ တရားတော်အတိုင်း တိုင်းရင်းသား အချင်းချင်း မေတ္တာတရားဖြင့် တုံ့ပြန့်ရန် တိုက်တွန်းလိုသဖြင့် ဆင်းတုတော် လက်ဆောင်ပေးရခြင်း ဖြစ်သည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီးရွက်ဆစ်က အဆိုပါ ဗုဒ္ဓရုပ်ပွားတော်ကို နိုင်ငံတော် သမ္မတအား ပေးအပ်စဉ် ပြောကြားသွားကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါ ဗုဒ္ဓရုပ်ပွားတော် လက်ဆောင်ပေးသည့် ဓလေ့သည် ရှမ်းတိုင်းရင်းသားများ ခင်မင် ရင်းနှီးသည့် မိသားစု အချင်းချင်း ပေးအပ်လေ့ ရှိကြောင်း ပင်လောင်းမြို့ဇာတိ အသက် ၃၀ ကျော် အရွယ်ရှိ ပအို့ဝ် တိုင်းရင်းသား တစ်ဦးက ရှင်းပြသည်။ အပစ်အခတ် ရပ်စဲရေး သဘောတူခဲ့သည့် နောက်တစ်နှစ်ကျော် ကာလအတွင်း တပ်မတော်နှင့် SSA တို့ အကြား တိုက်ပွဲပေါင်း ၇၀ ခန့် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲတိုင်းတွင် တပ်မတော်က အပစ်အခတ် ရပ်စဲရေး စာချုပ်ပါ သဘောတူညီချက်များကို လိုက်နာခြင်း မရှိကြောင်း RCSS/SSA က ထုတ်ပြန်ထားသည်။ 

ရွှေမြန်မာများကို ကူညီပါ

အားလုံးလိုလို ငြိမ်သက် နေကြချိန်မှာ - မိတ်ဆွေကြီး ဆရာကျောင်းနဲ့ ကိုဇော်တို့က လေယာဉ်အခမဲ့စီးပြီး အထုတ်အပိုးနဲ့ ပြန်လာ နိုင်ဖို့၊ ဒိုင်းဆို စစီစဉ်ပေးလိုက်တော့ မလေးရှားရောက်ရွှေမြန်မာများ နတ်ရေကန်ထဲကျသွား သလို ပျော်ရွှင်ကြရပါတယ်တဲ့။ ကျနော်လည်း တညလုံး KL ကရွှေမြန်မာများ mail ပို့တာ Fb ကမေးတာပြန်ကြားနေရတာနဲ့ အပျော်တွေကူးဆက်ပြီး မအိပ်လိုက်ရပါဘူး….။

ဒီမှာ … ပျော်ရ ပြန်ရတော့မယ်ဆိုမှ အခက်အခဲကြီး တစ်ခုက ရှိနေပြန်သေးတယ်လို့ ပြောလာကြပါတယ်။ ပတ်စ်ပို့ကိစ္စပါ။ ကွာလာလမ်ပူရောက် မြန်မာလုပ်သား အများစုကပတ်စ်ပို့ကိစ္စ အ၀၀ကို Agent နဲ့ဘဲ ဆောင်ရွက် လေ့ရှိပါတယ်။ ဘာကြောင့် သံရုံးကိုအားမပြုရတာလည်းဆိုတာတော့ အားလုံးသိပြီးသားမို့ ရှင်းပြမနေ တော့ပါဘူး။ အခုဖြစ်နေတာက မလေးရှားရောက် ရွှေမြန်မာအများစု ပြန်လာခွင့်ရပြီဆိုရင်တောင် Pass Port Inhand မရှိလို့ KLအပြင် မထွက်ရဲဘဲ တံခါးပိတ်ပြီး ခေါင်းမြီးခြုံအိပ်နေရတဲ့ ဘ၀ရောက်နေ ကြတာပါ……..

KL က ရဲနဲ့လ၀ကတွေက အခု ကတွတ်ပေါက်က ဗျိုင်းစောင့်သလို ဗမာမြင်ရင် ရစ်ဖို့၊ လှီးဖို့ ၊ စောင့်နေ၊ ရှာနေ ဖမ်းနေကြလေရဲ့။ သူတို့ ရဲနဲ့ လဝကတွေ ရစ်ပုံကအကြမ်းသား၊ ကျနော်ကိုယ်တိုင် KL က မကြာခင်ကမှ ပြန်လာတာမို့ ကောင်းကောင်းသိနေတယ်။ မလေးရှားမှာကလည်း မြန်မာအချင်းချင်း ဖျံကျသူတစ်ချို့ရှိလို့နေပြန်တယ်။

KL မှာ ရုတ်ရုတ်သဲသဲ ဖြစ်တယ်လည်းကြားရော။ Agent ဆိုတဲ့မောင်တွေက ပတ်စ်ပို့ကိစ္စ ဘာမှမရှင်း၊ ဘာမှ တာဝန်မယူတော့ဘဲ အစောဆုံး ပြန်လစ်လာကြတယ်။ ကျန်ခဲ့တဲ့ ရွှေမြန်မာများခမျာ PP မရှိ၊ ထောက်ခံစာမဲ့ လာကတည်းက ခိုးကြောင်ခိုးဝှက် နေထိုင်ရုန်းကန်ရင်း ငွေရှာနေကြရသူတွေဆိုတော့ ''မြန်မာမြင် ရိုက်ချင်ပါစေ'' ဖြစ်အောင် ဖန်တီးထားတဲ့ ဒီလိုကာလမှာ အကုန်လုံးငုတ်တုတ်မေ့ ရပါလေ ရော။ ကျနော့်ကို ဆက်သွယ်လာတဲ့ မလေးရှားရောက်မြန်မာ လူမှုရေးအသင်းက ညီငယ်ပြောတဲ့ အတိုင်းဆိုရင် " သူတို့တွေကို နေ့ရောညပါ Watch အလုပ်ခံနေရတယ်၊ စနစ်တကျ လုယက်သတ်ဖြတ်နေတယ်၊ သူတို့အတွက် ဂွင်တွေကြီးဘဲ'' လို့ဆိုတယ်။

နဂိုကမှ ပုန်းလျှိုးကွယ်လျှိုးနေထိုင်ရုန်းကန်နေကြရတဲ့အထဲ ပတ်စ်ပို့တွေယူပြေးခံရပြီဆိုတော့ ရွှေမြန်မာတွေဘ၀က " သူတို့လက်ထဲက ရေလုံးလုံးဖြစ်သွားရရှာပါပြီ" အသတ်ခံရတဲ့အလောင်းတွေ သံရုံး Certificate မရလို့ မသဂြိုလ်နိုင်သေး၊ လက်ထဲမှာ အထောက်အထားဘာမှမရှိလို့ အပြင်လဲမထွက်ရဲ၊ အလုပ်မလုပ်ကြရတော့လို့ စားဖို့၊ သောက်ဖို့ငွေ ကလည်းမရှိတော့ ဒီလိုအခြေအနေဆိုးမျိုး မှာ အခမဲ့လေယာဉ်ကြီးတွေ KL လေဆိပ်မှာထိုးထား ဦးတော့ သူတို့ မဆင်းရဲ၊ မစီးရဲတော့ဘူးဖြစ်နေရပါတယ်။ ဒီ မနက်ရတဲ့သတင်းတွေအရ လက်ကျန်ပွဲစား အချို့က ပြန်ချင်ရင် Immigration နဲ့ညှိပေးမယ်။ လက်ဗွေနှိပ်ပြီးပြန်ရမယ်။ တစ်ယောက်ကို ရင်းဂစ် ၁၆၅၀ ဗြောင်တောင်းနေကြတယ်လို့ ဆိုပါတယ်။ ဗူးလေးရာဖရုံဆင့်ပါဘဲ…..။

KL မှာ Master တန်းတက်နေတဲ့ အင်ဂျင်နီယာကျောင်းသူတစ်ဦးက " သမီးဆီကို ညပိုင်း ဘယ် ကမှန်းမသိတဲ့ ဖုန်းတွေနဲ့ Threat လုပ်နေပါတယ်။ မြန်မာတွေ နံပါတ်ပေးလိုက်တာလည်း ဖြစ်နိုင်တယ်၊ ဒီကမြန်မာမိန်းကလေးအများစုက တစ်ယောက်တည်း၊ နှစ်ယောက်တည်း အခန်းငှားနေရတာ သိပ်အန္တရာယ်များနေပါတယ်" လို့လှမ်းပြောလို့ နောင်တော် စစ်သံမှူးထံ ညတွင်းချင်း ကယ်ပါယူပါလို့ လှမ်းအကူအညီတောင်းလိုက်ရပါတယ်။ ဒီိလိုအခြေအနေဆိုးတွေပြည့်နှက်နေချိန်မှာ မိတ်ဆွေကြီးများအနေနဲ့ ငွေကူတာ၊ လေယာဉ်ကူ တာတွေအပြင် အလိုအပ်ဆုံးတစ်ခုကတော့ ပိတ်ထားတဲ့ တံခါးပေါက်တွေဖွင့်ပေးဖို့၊ အမှောင်ခန်းတွေ လင်းပေးဖို့အတွက် ကြားဝင်စေ့စပ်၊ ညှိနှိုင်း၊ ဆွဲထုတ်ပေးမဲ့ "တတိယအဖွဲ့အစည်းတစ်ခု" လိုအပ်လာ ခြင်းပါဘဲ။

ဟိုမှာ ငရဲခန်းလို ဖြစ်နေရရှာသူ တချို့ ပြန်ဆွဲထုတ်လာပေးဖို့အရေးကြီးတာပါ။ ဒီရောက်မှ ပတ်စ်ပို့မပါလို့ အရေးယူခံရတာက တစ်ပိုင်းဖြစ်ပါတယ်။ ဒါလည်း ပတ်စ်ပို့ကိစ္စ၊ လ၀ကကိစ္စတွေမှာ လူသားချင်းစာနာမှုအပြည့်နဲ့ ကူညီပေးလေ့ရှိတဲ့ ၀န်ကြီးများရှိနေတာမို့ စာနာကူညီကြမှာပါလို့ ကျနော် ကတော့ ညီ၊ ညီမငယ်တွေကို ဖြောင်းဖျထားပါတယ်။ တကယ်လည်း တာဝန်ရှိလူကြီးများမှ ၀ိုင်းဝန်း ကူညီကြမှာကို ၀မ်းမြောက်ဝမ်းသာဖွယ်ကြားသိနေရပါပြီ …..။ အချိန်သိပ်မရှိတော့ပါ….. မြန်မြန်လေးဝိုင်းဝန်းကူညီကြရအောင်လားဗျာ…။ 

ပြည်သူ့ရင်ပြင်တွင် ရေကစားနေသူကို ရဲက ဓားဖြင့်ထိုး

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင် အပန်းဖြေ ဥယျာဉ် အတွင်းရှိ  ရေလွှာ လျှောစီး ကစားကွင်းတွင် ဇွန်လ ၉ ရက်ညနေ ၅ နာရီခန့်က ရေကစားနေသူ တစ်ဦးကို ရဲတပ်သားတစ်ဦးက ဓားဖြင့် ထိုးမှု ဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။ 

ပြည်သူ့ရင်ပြင် ရေလွှာလျှောစီး ကစားကွင်းတွင် မအေးထူး (ခ) မဂျူးဝေနှင့် သူငယ်ချင်း ခုနစ်ဦး ရေကစားနေစဉ် ၂၄ နှစ်အရွယ် ရဲတပ်သား ဇင်မင်းသူက မအေးထူး (ခ) မဂျူးဝေကို ရေဖြင့်ပက်၍ စနောက်ရာ မအေးထူးနှင့် အတူ လိုက်ပါလာသည့် သူငယ်ချင်းများနှင့် စကားများ ရန်ဖြစ်စဉ် ရဲတပ်သားက အသင့်ယူလာသည့် ဓားဖြင့် သူငယ်ချင်း တစ်ဦးဖြစ်သူ အသက် ၂၈ နှစ် အရွယ် ကိုမျိုးမင်းဇော်၏ ဝမ်းဗိုက်ကို ထိုးခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူး ရုံး၏ ထုတ်ပြန်ချက် အရ သိရှိရသည်။

ဓားဖြင့်ထိုးသူ ရဲတပ်သားသည် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ တိုင်းအကူ တပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၁) တွင် တာဝန်ကျ နေသူ ဖြစ်ပြီး မိမိ၏ သဘော ဆန္ဒဖြင့် တာဝန်ချ ထားသည့် နေရာမှ ထွက်ခွာကာ ပြည်သူ ရင်ပြင်တွင် သွားရောက် ရေကစားနေခြင်း ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။ ဓားဖြင့် ထိုးခံရသူကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ ကုသလျက် ရှိပြီး ရဲတပ်သားကို (ပ) ၁၉၂/၁၃၊ ပုဒ်မ-၃၂၆ ဖြင့် အမှုဖွင့် အရေးယူ ထားကာ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေနှင့်ပါ ထပ်မံ အရေးယူသွားမည် ဖြစ်ကြောင်း ဒဂုံမြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။ 

 

မြန်မာနှင့် ဂျပန်၊ သြစတြေးလျ၊ ထိုင်းကုမ္ပဏီတို့ ပူးပေါင်းကာ ကမ္ဘာအေးဘုရား လမ်းပေါ်တွင် ၂၇ ထပ်ရှိ ကားပါကင်၊ ဈေးဝယ်စင်တာများ ပါဝင်သော အထပ်မြင့် အဆောက်အအုံတစ်ခု ဆောက်မည်


6.10.4

KABAR AYE EXECUTIVE RESIDENCE ၏ ပုံစံငယ်အား တွေ့ရစဉ်

မြန်မာနှင့် ဂျပန်၊ သြစတြေးလျ၊ ထိုင်း ကုမ္ပဏီတို့ ပူးပေါင်းကာ ကမ္ဘာအေးဘုရား လမ်းပေါ်တွင် ၂၇ ထပ်ရှိ အထပ်အမြင့် အဆောက်အအုံတစ်ခု တည်ဆောက်မည် ဖြစ်ကြောင်း အကျိုးတူ ဆောက်လုပ်မည့် Living Square Co.,Ltd ထံမှ သိရသည်။

အမှတ်(၆၅) မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရား လမ်းပေါ်တွင် အဆိုပါ ၂၇ ထပ်ရှိ အဆင့်မြင့် အဆောက်အအုံကို တည်ဆောက်မည်ဖြစ်ပြီး ကားပါကင်အဖြစ် မြေအောက်ထပ် သုံးထပ်နှင့် အထပ်ငါးမှ ခုနစ်အထိ သုံးထပ် စုစုပေါင်း ခြောက်ထပ်၊ ဈေးဝယ်စင်တာအဖြစ် မြေညီထပ်မှ လေးထပ်အထိ စုစုပေါင်း ငါးထပ်နှင့် ရှစ်ထပ်မှ စတင်ကာ ၁၉ ထပ်အထိ အဆင့်မြင့် အခန်းရှစ်ခန်းစီ ပါဝင်သော အဆောက်အအုံ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အထပ် ၂၀ မှစ၍ ၂၇ ထပ်အထိ ကျန်အထပ်များတွင် Fitness Centre, Coffee Bar နှင့် မိုးမျှော် တိုက်ခန်းများအဖြစ် ထည့်သွင်း ဆောက်လုပ်ထားကာ Architectual Design ကို ဂျပန်မှ MS Group, Structural and M&E Design ကို သြစတြေးလျ Meinhardt တို့မှ မြန်မာနိုင်ငံရှိ Living Square Co.,Ltd. နှင့် ပူးပေါင်းဆောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။

''အချိန်အားဖြင့်တော့ နှစ်နှစ်ကျော်လောက် ကြာမယ်။ အခုကတော့ Soil Test တွေစလုပ်နေပါပြီ''ဟု Living Square Co.,Ltd. မှ Technical Manager တစ်ဦးက ဆိုသည်။

အဆိုပါ အဆောက်အအုံတွင် မီးဘေးအန္တရာယ် ကာကွယ်မှုစနစ်၊ အမှိုက်တိုက်ရိုက် စွန့်ပစ်စနစ်နှင့် အရစ်ကျ ၀ယ်ယူစေခြင်းများ၊ အခန်းတိုင်းတွင် ပရိဘောဂ အပြည့်အစုံ ပါရှိခြင်းအပြင် အပေါ်ဆုံးထပ်တွင် အရေးပေါ် ကိစ္စများအတွက် ရဟတ်ယာဉ်တစ်စင်းစာ ဆင်းနိုင်သော ကွင်းအထိ ပြုလုပ်ပေးထားကြောင်းလည်း သိရသည်။

ယင်းလူနေအိမ်ခန်းများသည် အနည်းဆုံး စတုရန်းပေ ၁၁၀၀ မှ အများဆုံး ၃၀၀၀ ကျော်အထိ ကျယ်ဝန်းမည်ဖြစ်ကာ အကြမ်းဖျင်းဈေးနှုန်းမှာ အနည်းဆုံး သိန်း ၃၀၀၀ ကျော်မှ အများဆုံး သိန်း ၇၅၀၀ ကျော်အထိ ကျသင့်မည်ဟု ခန့်မှန်းတွက်ချက်ထားကြပြီး KABAR AYE EXECUTIVE RESIDENCE ဟု အမည်ရှိ ယင်းအဆောက်အအုံကို ယခုနှစ် ဇွန်လမှစတင်ကာ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အစိုးရတွင် ဘတ်ဂျက် မလုံလောက်သဖြင့် မြေနီကုန်းနှင့် မရမ်းကုန်း ရှစ်မိုင်တွင် ခုံးကျော်တံတား တည်ဆောက်ရန် အစီအစဉ် ရပ်ဆိုင်းထား


6.10.7

ခုံးကျာ်တံတား တည်ဆောက်ရန် စီစဉ်ခဲ့သည့် နေရာတစ်ခုဖြစ်သော မရမ်းကုန်း ရှစ်မိုင်လမ်းဆုံအား ဇွန် ၁၀ ရက် ညနေပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စမ်းချောင်းမြို့နယ် မြေနီကုန်းလမ်းဆုံနှင့် မရမ်းကုန်းမြို့နယ် ရှစ်မိုင်လမ်းဆုံတို့တွင် ခုံးကျော်တံတား တည်ဆောက်ရန် အစီအစဉ် ရှိသော်လည်း ယခုအချိန်တွင် တည်ဆောက်ရန် အစီအစဉ်အား ရပ်ဆိုင်းထားကြောင်း The Daily Eleven News သို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်က ပြောကြားခဲ့သည်။

အဆိုပါ ခုံးကျော်တံတားနှစ်စင်း တည်ဆောက်ရန် အစီအစဉ် ရပ်ဆိုင်းထားရသည့် အဓိက အကြောင်းရင်းမှာ ကုန်ကျနိုင်မည့် ငွေကြေးပမာဏသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဌာနတွင် လုံလောက်စွာ မရှိခြင်းကြောင့်ဟု မြို့တော်ဝန်ထံမှ သိရှိရသည်။


ကုန်ကျမယ့် စရိတ်က အရမ်းကို များပါတယ်။ ကုန်ကျမယ့် ပမာဏက ကျွန်တော်တို့ စည်ပင်ဌာနနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ဘတ်ဂျက်မရှိဘူး။ ဒါပေမဲ့ ငွေကြေးစိုက်ထုတ်ပြီးတော့ ဆောက်မယ့် ကုမ္ပဏီရှိရင် စိစစ်ပြီးတော့ လက်ခံသွားပါမယ်။ အခုအချိန်မှာတော့ တည်ဆောက်မှုကို ခေတ္တရပ်ဆိုင်းထား...


 

အစီအစဉ် ရပ်ဆိုင်းထားရခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်ဝန် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်က ''တံတားတည်ဆောက်တဲ့ အခါမှာ ကုန်ကျမယ့် စရိတ်က အရမ်းကို များပါတယ်။ ကုန်ကျမယ့် ပမာဏက ကျွန်တော်တို့ စည်ပင်ဌာနနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ဘတ်ဂျက်မရှိဘူး။ ဒါပေမဲ့ ငွေကြေးစိုက်ထုတ်ပြီးတော့ ဆောက်မယ့် ကုမ္ပဏီရှိရင် စိစစ်ပြီးတော့ လက်ခံသွားပါမယ်။ အခုအချိန်မှာတော့ တည်ဆောက်မှုကို ခေတ္တရပ်ဆိုင်းထားတယ်။ ဒါပေမဲ့ အကြာကြီးတော့ မဟုတ်ဘူး။ ပြည်ထောင်စု အဆင့်က ဘတ်ဂျက်ရရင်လည်း တည်ဆောက်ဖို့ စီစဉ်ထားပါတယ်''ဟု ပြောကြားခဲ့သည်။

ယခုအချိန်တွင် မြေနီကုန်းနှင့် မရမ်းကုန်းတို့၌ ခုံးကျော်တံတား တည်ဆောက်မှု ရပ်ဆိုင်းထားသော်လည်း တရုတ်ကုမ္ပဏီတစ်ခုနှင့် ပြည်တွင်းမှ ကုမ္ပဏီတစ်ခုတို့ ပူးပေါင်းပြီး ဆာဗေးဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း တည်ဆောက်နေသည့် ရွှေဂုံတိုင် ခုံးကျော်တံတားမှာ ပတ်ဝန်းကျင်ရှိ အဆောက်အအုံများနှင့် ငြိစွန်းမှုများ ဖြစ်ပေါ်နေမှုကြောင့် မကြာခဏ ဒီဇိုင်းများ ပြန်လည်ရေးဆွဲ နေရသဖြင့် အချိန်ကြန့်ကြာ နေရသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်က ပြောကြားခဲ့သည်။

ရွှေဂုံတိုင် ခုံးကျော်တံတား တည်ဆောက်မှုကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း အပြီးတည်ဆောက်ရန် စီစဉ်ထားသော်လည်း ၂၀၁၃ ခုနှစ် နှစ်ဝက်ပိုင်းအထိ တည်ဆောက်မှုမှာ ရာခိုင်နှုန်း အနည်းငယ်သာ ပြီးစီးနေသေးကြောင်း သိရသည်။

7.6.2013 မှ 13.6.2013 ထိ ၇ ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ဆန္ဒမစောသင့်ပါ။ အသွားမတော် တလှမ်း အစားမတော်တလုတ် အပြောမတော် တစ်ခွန်းဆိုသကဲ့သို့ ဖြစ်ကိန်းရှိတယ်။ စေတနာနှင့်ပြောဆိုခြင်းများ သည် ဝေဒနာ ဖြစ်တတ်သည်။ စိတ်ရှည်သည်းခံခြင်းဖြင့် အောင်မြင်မှု့ ရမည်။ စပ်တူရှယ်ယာလုပ်ငန်း မကောင်းနိုင်သေးပါ။ အလုပ်ကိစ္စ ၊ ပညာရေးကိစ္စ ဖြေဆိုမှု့ များ မုချအောင်မြင်မည်။ လုပ်ငန်းပြောင်းလဲမှု့ ရာထူးတက်မှု နေရာရွှေ့ပြောင်းမှု့ ဖြစ်မည်။ မင်္ဂလာလက်ထပ်ပွဲ အောင်မြင်စွာ နွှဲဖြစ်မည်။ မိသားစု စိတ်ဝမ်းကွဲ မည်။

အကျိုးပေးဂဏန်း - ၄ ၊ ၅ ၊ ၃။

အထူးဟော - အတိုက်အခံရှိသည်။

ယတြာ - ခိုများ ငှက်များအစာကျွေးလိုက်ပါ။

 

တနင်္လာ

          ရည်ရွယ် ၊ ရည်မှန်းချက်များ စိတ်ကူးဆန္ဒများ အကောင်အထည်ဖော်အောင်မြင်မည်။ အလုပ်ကိစ္စ စာမေးပွဲ ၊ ပညာရေး ဖြေဆိုမှု့ များမုချအောင်မြင်မည်။ ခရီးယာယီ ၊ ခရီးဝေးသွားရလိမ့်မည်။ အလုပ်နေရာ ပြောင်းရွှေ့ဖြစ်မည်။ ပြောင်းရသော နေရာကောင်းသည်။ ကား ၊ စက် တို့ဝင်မည်။ မရောက်ဘူးသောခရီး မတွေ့ဘူးသော အပေါင်းအသင်း တွေ့ကြုံမည်။ လူယုံထား၍ ငွေမချေးရ။ ပြန်မရနိုင်ပါ။ ကိုယ်ပိုင် စီးပွားရေး အောင်မြင်မည်။ ရှယ်ယာမလုပ်သင့်ပါ။ မြေ၀င် ၊ အိမ်ဆောက်၊ အိမ်ပြောင်းရမည်။ ကောင်းသည်။    

အကျိုးပေးဂဏန်း - ၂ ၊ ၄ ၊ ၈။

အထူးဟော - ၀င်ငွေကောင်းလာမည်။

ယတြာ - ငါးကလေးတွေ ရေများသော နေရာ လွှတ်ပါ။   

 

အင်္ဂါ

          စွန့်စားမှု ၊ စူးစမ်းမှု့ လွတ်လပ်စွာ လုပ်ကိုင်မှု့ များပြုလုပ်ခြင်း အောင်မြင်မှု့များရမည်။ လုပ်ငန်းဟောင်းအပြင် လုပ်ငန်းသစ် လုပ်ရမည်။ အချစ်ဟောင်း အပြင် အချစ်သစ်တွေ့မည်။ အချစ်ဟောင်း ၏ ရန်တွေ့ခြင်းခံရမည်။ ခရီးဝေးယာယီ များရောက်မည်။ ရုတ်တရက် ထိခိုက်အနာတရ ကြုံမည်။ စက် ၊ ယာဉ်တို့ပြောင်းလဲ ၀င် ၊ ထွက် မည်။ အိမ်ပြင် ၊ အိမ်ဆောက် ဖြစ်မည်။ စာမေးပွဲ မုချအောင်မြင်မည်။ ချစ်သူထံ မှ လက်ဆောင်ရမည်။ မောင်နှမလို ခင်ရာမှ ချစ်ရေးဆိုခြင်းခံရမည်။ အနောက်အရပ်ခရီးရှောင်ပါ။ ညခရီး သတိထားသွားပါ။       

အကျိုးပေးဂဏန်း - ၃ ၊ ၆ ၊ ၈။

အထူးဟော - ကံကောင်းမည်။

ယတြာ - အင်္ဂါနေ့တွင် ငွေ ၁၀၀ ကျပ် ပံ့သကူပြု၍ လိုရာဆုတောင်းပါ။   

 

ဗုဒ္ဓဟူး

          ထင်ပေါ်ကျော်ကြား မှု့ ၊ လူသိရှင်ကြား ကျော်ဇော်မှု့ လူသိများမှု့ တွေ ဖြစ်လာမည်။ ချစ်သူတွေ လည်းများလာမည်။ အိမ်ထောင်ကျကိန်းရှိသည်။ စာမေးပွဲအောင်မည်။ စက် ၊ ယာဉ် တို့ ၀င်မည်။ စပ်တူရှယ်ယာမလုပ်သင့်ပါ။ မရောက်ဘူးသော ခရီးတွေရောက်မည်။ လက်ဆောင်ရမည်။ ကိုယ်ပိုင်လုပ်ငန်း ဖြင့် ချမ်းသာမည်။ လုပ်ငန်းသစ် လုပ်ရမည်။ ဆွေမျိုး သားချင်းအတွက် စိတ်ရှုပ်ရတတ်သည်။ ငွေဝင်မည်။  

အကျိုးပေးဂဏန်း - ၄ ၊ ၉ ၊ ၆။

အထူးဟော - အောင်မြင်မည်။

ယတြာ - အိမ်ဘုရားကို ရေသက်စေ့ ရေသပ္ပါယ်ပါ။     

 

ကြာသပတေး

          သူများ အရှုပ် ကိုယ့်အရှုပ် ဖြစ်မည်။ လူခင်ခြင်း စိတ်ဝမ်းကွဲ မည်။ ခရီးဝေးယာယီ ရောက်မည်။ လုပ်ငန်းရှယ်ယာ လုပ်ရတတ်သည်။ လူလိမ် ငွေလိမ်ခံရမည်။ ငယ်ရွယ်သူ အတွက် စိတ်ရှုပ်ရမည်။ အချစ်ရေး အဆင်မပြေ တတ်ပါ။ အပေါင်းအသင်း မှားမည်။ ကွက်ကျော်မြင် အကဲခတ်ကောင်းသော်လည်း စိတ်တိုင်းမကျဖြစ်တတ်သည်။ အိမ်ထောင်ကျမည်။ ကြီးသူ ၁ ဦး ချူချာမည်။ မြေစကားပြောရတတ်သည်။ ၀င်ငွေ ၊ ထွက်ငွေ ကြမ်းမည်။ ရည်ရွယ်ချက်များနေမည်။ တစ်ခု ပြီး မှ တစ်ခု လုပ်ပါ။ အောင်မြင်မည်။ ပညာရေး ၊ စာမေးပွဲ အောင်မြင်မည်။

အကျိုးပေးဂဏန်း - ၅ ၊ ၀ ၊ ၃။

အထူးဟော - အဆင်ပြေမည်။  

ယတြာ - အိမ်ဘုရားကို အောင်သပြေ လှူပါ။    

 

သောကြာ

          စိတ်လေနေတယ်။စိတ်မြန်တယ်။ ရည်ရွယ်ချက် များတယ်။ တစ်ခု ပြီး မှ တစ်ခု လုပ်ပါ။ အောင်မြင်မည်။ တယူဿန် ၊ တဇွတ်ထိုး လုပ်ပါက မှားတတ်သည်။ လွတ်လပ်မှု့ လိုလားသည်။ ကွက်ကျော်မြင်တတ်၍ အောင်မြင်မည်။ ခရီးများနေမည်။ အချစ်ရေးမှာ အတင်းအကြပ် တောင်းဆိုမှု့ တွေ ဖြစ်မည်။ အထင်လွဲ စွပ်စွဲခြင်းများခံရမည်။ ရှယ်ယာ မလုပ်သင့်ပါ။ စကားပြောဆင်ခြင်ပါ။ လူယုံမထားရ။ လူပေါင်းမှားမည်။ ခြေ ၊ လက် တို့ ခိုက်မိမည်။ ရည်ရွယ်ချက် မရှိဘဲ ရုတ်တရက် အိမ်ထောင်ကျ မည်။ အလုပ်မှာ အတိုက်အခံ ရှိတယ်။ မလိုသူရှိသည်။ အလုပ်ရာထူး တက်မည်။ စာမေးပွဲအောင်မြင်မည်။       

အကျိုးပေးဂဏန်း - ၆ ၊ ၁ ၊ ၈။

အထူးဟော - ကံကောင်းမည်။

ယတြာ - သောကြာနေ့နံနက်တွင် အိမ်ဘုရားကို သစ်သီး (၉) မျိုး ကပ်လှူပါ။  

 

စနေ

          လုံ့လ ၀ီရိယ ဇွဲကြိုးစား မှု့များ နှင့် အပေါင်းအသင်း ကူညီ မှု့ တို့ အရ သင့်လုပ်ငန်း ၊ သင့်ပညာရေး ၊သင့်စီးပွားရေး အောင်မြင်မည်။ စာမေးပွဲ အောင်မြင်မည်။ ငွေဝင် ၊ ထွက်ကြမ်းမည်။ စက် ၊ ယာဉ် တို့ ၀င်ထွက်မည်။ အလုပ်အကိုင် အဆင်ပြေလာမည်။ အဝေးမိတ် ၊ အနီးမိတ်များလာမည်။ ရှယ်ယာ ကိုယ်ပိုင် လုပ်ငန်း များ လုပ်ဖြစ်မည်။ အောင်မြင်မည်။ မင်္ဂလာလက်ထပ်ပွဲ ရက်ရွှေ့ ရတတ်သည်။ အချစ်ရေး ၊ မင်္ဂလာရေးကောင်းပါသည်။ စီးပွားရေး  ၊ ကျန်းမာရေးကောင်းသည်။ ခြေလက်အနာရတတ်သည်။ ဂရုစိုက်ပါ။ မိသားစုလည်းကောင်းသည်။ လက်ဆောင်တွေရမည်။ ခရီးဝေးရောက်မည်။        

အကျိုးပေးဂဏန်း - ၇ ၊ ၂ ၊ ၀။

အထူးဟော - ထူးချွန်စွာ အောင်မြင်မည် ။

ယတြာ - စနေနေ့ တွင် စနေနေ့ နံနက်တွင် ထီးနီ (၇) လက်လှူပါ။    


မြန်မာနိုင်ငံသို့ ပြန်လာလိုသူများအတွက် မက်စ်မြန်မာဥက္ကဋ္ဌက လေယာဉ်လက်မှတ်ခ ဦးရေ ၁၀၀၀ စာ အခမဲ့ လှူဒါန်းမည်၊ လိုအပ်သည်များ ကူညီရန် ဧရာဝတီ ဖောင်ဒေးရှင်းမှ အမှုဆောင်များ မလေးရှားနိုင်ငံသို့ ယနေ့သွားရောက်မည်

မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာလိုသူ မြန်မာအလုပ်သမားများအတွက် မက်စ်မြန်မာ ကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်ဇော်က လေယာဉ်လက်မှတ်ခ လူဦးရေ ၁၀၀၀ စာ အခမဲ့ လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လက်တလော၌ မလေးရှားတွင် အကြမ်းဖက် တိုက်ခိုက်ခံရမှုများကြောင့် အပါအ၀င် အခက်အခဲ ကြုံနေရသော မြန်မာနိုင်ငံသားများအတွက် လိုအပ်သည်များ ကူညီပေးနိုင်ရန် ဧရာဝတီ ဖောင်ဒေးရှင်းမှ အမှုဆောင်များ ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် ယနေ့ (ဇွန် ၁၁ ရက်) တွင် မလေးရှားနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိ၍ ဆေးရုံတက်ရောက် ကုသမှု ခံနေရသူများ အတွက် မက်စ်မြန်မာဥက္ကဋ္ဌက အမေရိကန်ဒေါ်လာ နှစ်သောင်းကို ဇွန် ၁၁ ရက်တွင် မလေးရှားနိုင်ငံရှိ ကပုန်းနာရေး ကူညီမှုအသင်းသို့ Eleven Media Group မှတစ်ဆင့် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

မလေးရှားတွင် အကြမ်းဖက် တိုက်ခိုက်ခံရ၍ ဆေးရုံတက်နေရသူများနှင့် အခက်အခဲ ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအတွက် ကမ္ဘောဇဘဏ်ဥက္ကဋ္ဌက အမေရိကန်ဒေါ်လာ ငါးသောင်း ကနဦး လှူဒါန်းမည်

မလေးရှားနိုင်ငံတွင် မေ ၃၀ ရက်မှစ၍ ဖြစ်ပွားလျက်ရှိသော မလေးရှားရောက် မြန်မာအလုပ်သမားများ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်ခံရမှုတွင် ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတက်ရောက်နေသူများနှင့် အခက်အခဲ တွေ့နေသူများအတွက် ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက ကနဦးအနေဖြင့် အမေရိကန်ဒေါ်လာ ငါးသောင်းအား မလေးရှား နိုင်ငံရှိ ကပုန်း နာရေးကူညီမှုအသင်းသို့ Eleven Media Group မှတစ်ဆင့် ဇွန် ၁၁ ရက်နေ့တွင် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ငွေသားလှူဒါန်းမှုများအပြင် MAI လေကြောင်းလိုင်း အနေဖြင့်လည်း မြန်မာနိုင်ငံသို့ ပြန်လာလိုသူ မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများအား ဇွန် ၁၂ ရက်မှစ၍ တစ်လတိတိကို လေယာဉ်လက်မှတ်ခ ရာခိုင်နှုန်း ၅၀ လျော့ချပေးမည် ဖြစ်ကြောင်း သိရသည်။

ယခု လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ငါးသောင်းမှာ ကနဦး လှူဒါန်းခြင်းသာ ဖြစ်ကြောင်းနှင့် လိုအပ်ပါက ဆက်လက်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့် အခက်အခဲများ ကြုံတွေ့ပါက မလေးရှားနိုင်ငံရှိ ကပုန်းနာရေး ကူညီမှုအသင်းဥက္ကဋ္ဌ ဦးစန်းဝင်း၊ ဖုန်း- + ၆၀၁၆၆ ၅၇၇ ၉၀၃၊ + ၆၀၁ ၉၃၉၉ ၃၇၆၃ များသို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ပါသည်။

တရုတ်မှ ၀ယ်ယူခဲ့သော မြန်မာ့လေကြောင်းပိုင် MA 60 လေယာဉ် ကော့သောင်းမြို့တွင် ပြေးလမ်းချော်၊ ပြည်တွင်းလေကြောင်း ခရီးစဉ်များတွင် လေယာဉ် မတော်တဆမှု ဖြစ်စဉ်များ ပိုမိုများပြားလာ


6.10.12

ဇွန် ၁၀ ရက် မွန်းလွဲ ၁ နာရီခန့်က မြန်မာ့လေကြောင်းမှ ခရီးစဉ်အမှတ် XY-AIP သည် ကော့သောင်းလေဆိပ်သို့ ဆင်းသက်စဉ် လေယာဉ်ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ- ရဲမြင့်ဝင်း(ကော့သောင်း))

မြန်မာ့လေကြောင်းမှ ရန်ကုန်-မော်လမြိုင်-ကော့သောင်း-မော်လမြိုင်-ရန် ကုန်ခရီးစဉ်ပျံသန်းသော တရုတ်နိုင်ငံထုတ် MA 60 လေယာဉ်သည် ဇွန် ၁၀ ရက်က ကော့သောင်းလေဆိပ်၌ ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့ပြီး ယခုနှစ်ပိုင်းအတွင်းပြည်တွင်း လေကြောင်းခရီးစဉ်များတွင် မတော်တဆမှု ဖြစ်စဉ်များ ပိုမိုများပြားလာကြောင်း သိရ သည်။

၂၀၁၃ ခုနှစ် ဇွန် ၁၀ ရက် မွန်းလွဲ ၁ နာရီ ၅ မိနစ်ခန့်က မြန်မာ့လေကြောင်းမှ ခရီးစဉ်အမှတ် XY-AIP သည် ကော့သောင်း လေဆိပ်သို့ဆင်းသက်စဉ် လေယာဉ်ပြေးလမ်း၏ အနောက်ဘက် ပေ ၂၀၀ ခန့်အကွာသို့ ရောက်ရှိသွားခဲ့ပြီး ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

''ကော့သောင်းလေဆိပ်ကိုဆင်းတဲ့အချိန် မှာ ဟိုက်ဒရောလစ်စနစ် ချို့ယွင်းကြောင်း အချက်ပြတဲ့ သတိပေးမှုလာလို့ လေဆိပ်ကို သတိထားပြီးဆင်းသက်ခဲ့တယ်။ ပြေးလမ်း နဲ့ လေယာဉ်ဘီးထိပြီး ပြေးလမ်းခြံစည်းရိုးကို ပေ ၂၀၀ လောက်ကျော်သွားတာဖြစ်ပါတယ်။ ခရီးသည်တွေ ထိခိုက်ဒဏ်ရာရရှိမှု တစ်ခုမှ မရှိပါဘူး'' ဟု မြန်မာ့လေကြောင်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းထွန်းက ပြောကြားခဲ့သည်။ အဆိုပါ လေယာဉ် ပြေးလမ်းချော်မှုကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါလာသော လေယာဉ် အမှုထမ်းများနှင့် ခရီးသည်တစ်ဦးမှ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ လေယာဉ်တောင်ပံနှစ်ဖက်ရှိ ပန်ကာများ ကျိုးပဲ့ ပျက်စီးသွားကြောင်း သတင်းရရှိပါသည်။ ယင်းလေယာဉ်တွင် လေယာဉ် အမှုထမ်း လေးဦးနှင့် ခရီးသည် ၅၅ ဦး၊ ရင်ခွင်ပိုက် ကလေးငယ် ငါးဦးတို့ လိုက်ပါလာကြောင်း သိရသည်။

လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသူ ခရီးသည် တစ်ဦးက ''လေယာဉ်က ရန်ကုန်ကနေ စထွက်ပြီး သိပ်မကြာဘူး စက်ချို့ယွင်းတယ်ဆိုပြီး ရန်ကုန်ကို ပြန်ဆင်းတယ်။ ရန်ကုန်ကနေ မော်လမြိုင်ရောက်တဲ့အထိ ဘာမှမဖြစ်ဘူး။ ကော့သောင်းကိုရောက်မှ အခုလို ဖြစ်တာ။ အဲဒီအချိန်မှာ ခရီးသည်တွေအားလုံး ဖရိုဖရဲဖြစ်ပြီး ရင်ခွင်ပိုက်ကလေးတစ်ယောက် ခုံအောက်ကို ကျသွားတယ်'' ဟု ဆိုသည်။

တရုတ်နိုင်ငံမှ ၀ယ်ယူသော MA 60 လေယာဉ်ပြေးလမ်းချော်မှု ဖြစ်ပွားခြင်းသည် နှစ်လတာ ကာလအတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပွားခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ မေ ၁၆ ရက်က မြန်မာ့လေကြောင်းမှ ရန်ကုန်-ဟဲဟိုး -မိုင်းဆတ်-ရန်ကုန် ခရီးစဉ် ပျံသန်းသော တရုတ်နိုင်ငံထုတ် MA 60 လေယာဉ်သည် မိုင်းဆတ်လေဆိပ်၌ ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သည်။

ယခုနှစ်ပိုင်းအတွင်း လေယာဉ် မတော်တဆမှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအနက် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က Air Bagan လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် မန္တလေးလေဆိပ်မှ ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ်တွင် ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ပါ ခရီးသည် ၆၅ ဦးအနက် အသက် ၃၇ နှစ်အရွယ်ရှိ ဧည့်လမ်းညွှန် အမျိုးသမီး သေဆုံးခဲ့ကာ ခရီးသည် ခုနစ်ဦးနှင့် လေယာဉ်မှူးနှစ်ဦး အပါအ၀င် စုစုပေါင်း ကိုးဦး ဒဏ်ရာရရှိခဲ့သည်။

6.10.13

တရုတ်နိုင်ငံမှ ၀ယ်ယူထားသော MA 60 လေယာဉ်သည် ကော့သောင်းလေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်းချော်မှု ဖြစ်ပွားသွားပြီးနောက် တွေ့ရစဉ်

ဇွန် ၇ ရက် ညနေပိုင်းကလည်း ပုဂံညောင်ဦး လေဆိပ်မှ ရန်ကုန်သို့ ထွက်ခွာမည့် Air Bagan လေယာဉ် စက်ချွတ်ယွင်းမှုကြောင့် ညောင်ဦးလေဆိပ်တွင် ရပ်နားပြင်ဆင်ခဲ့ရသည်။

လက်ရှိ ငါးနှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော လေယာဉ်မတော်တဆမှုများမှာ နိုင်ငံတကာတွင် ဖြစ်ပွားခဲ့သော လေယာဉ်မတော်တဆမှုများထက် ပိုမိုများပြားခဲ့သည်။ အပြည်ပြည်ဆိုင်ရာ လေကြောင်းအဖွဲ့ချုပ်မှ နှစ်အလိုက် လေယာဉ်မတော်တဆမှု ဖြစ်စဉ်များကို ထုတ်ပြန်ခဲ့ရာ ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ငါးနှစ်တာ ကာလအတွင်း နိုင်ငံတကာ၌ လေယာဉ်မတော်တဆမှု ဖြစ်ပွားမှုနှုန်းမှာ ၄ ဒသမ ၁၇ ရာခိုင်နှုန်းရှိပြီး မြန်မာနိုင်ငံ၌ ၁၆ ဒသမ ၆၁ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

၂၀၁၀ ခုနှစ်မှ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ အစိုးရ၊ နိုင်ငံသားပိုင်နှင့် Joint Venture လေကြောင်းလိုင်းများ၏ မတော်တဆ ဖြစ်ခဲ့မှု များသည် ၂၀၁၀ ခုနှစ်တွင် ၃၃ မှု၊ ၂၀၁၁ ခုနှစ်တွင် ၄၆ မှုနှင့်၂၀၁၂ ခုနှစ်တွင် ၅၇ မှုအထိ ရှိခဲ့ကြောင်း သိရသည်။ ယင်းသို့ မတော်တဆမှုများ တစ်နှစ်ထက် တစ်နှစ် ပိုမို များပြားလာရခြင်းမှာ လေကြောင်းလိုင်းများတွင် လေယာဉ်အစီးရေ ပိုမိုများပြားလာခြင်းနှင့် ပျံသန်းချိန် ပိုမိုများပြားလာရခြင်းတို့ကြောင့် ဖြစ်ကြောင်း မြန်မာ့လေကြောင်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးသန်းထွန်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ယခုကဲ့သို့ လေယာဉ် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားနေခြင်းကြောင့် လေကြောင်းဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေး အစည်းဝေးအား ၂၀၁၃ ခုနှစ် မေ ၂၇ ရက်က ပို့ဆောင်ရေး ၀န်ကြီးဌာန၊ ၀န်ကြီးရုံးတွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းဝေးတွင် လေကြောင်းလိုင်းများ လိုက်နာဆောင်ရွက်ရမည့် လေကြောင်းဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ပတ်သက်သည့် အချက်ခြောက်ချက်အား ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးက လေယာဉ်အဟောင်းများအား အသစ်ဖြင့် အစားထိုးရန် လိုအပ်ကြောင်း၊ အသစ်ဝယ်ယူ နိုင်ခြင်းမရှိလျှင် ငှားရမ်းသုံးစွဲရန် လိုကြောင်းနှင့် လေယာဉ်မောင်းနှင်သူ လေယာဉ်မှူးများ၏ ကျွမ်းကျင်မှုအား မကြာခဏ စစ်ဆေးရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ အချက်များမှာ Accident Prevention အတွက် Aviation Safety အား ဂရုစိုက် လုပ်ဆောင်သွားရန်၊ လေကြောင်းလိုင်းများအလိုက် Safety Management System အား ပီပြင်စွာ လုပ်ဆောင်သွားရန်၊ ICAO ၏ Standard and Recommended Practice များအတိုင်း လိုက်နာကျင့်သုံးသွားရန်၊ Information နှင့် Knowledge sharing လုပ်ဆောင်သွားရန်၊ ဖြစ်ပွားခဲ့သော မတော်တဆမှုများအပေါ် ပြန်လည်သုံးသပ်၍ နောက်မဖြစ်ပွားစေရန် တားဆီးကာကွယ် လုပ်ဆောင်သွားရန်နှင့် လေသူရဲများမှ Adjustment နှင့် Decision မမှားရန် Emegency Procedure များ လေ့ကျင့်သွားရန်တို့ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ တစ်ခုတည်းသော နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းသည် လက်ရှိတွင် Fokker F 28 နှစ်စီး၊ ATR-72 နှစ်စီး၊ ATR-42 တစ်စီး၊ MA-60 သုံးစီး၊ Beech 1900D နှစ်စီး၊ Embraer 190 နှစ်စီး စုစုပေါင်း လေယာဉ်အမျိုးအစား ခြောက်မျိုး၊ လေယာဉ်စီးရေ ၁၂ စီးဖြင့် အခြားပုဂ္ဂလိက လေကြောင်းလိုင်းများ ပျံသန်းခြင်း မရှိသည့် မြို့ပေါင်း ၂၆ မြို့သို့ပျံသန်းလျက်ရှိသည်။

6.10.14