Wednesday, June 12, 2013

Sky net ၊ ယုဇန၊ ၀ါဝါ၀င်း၊ ဧဒင်ကုမ္ပဏီများနှင့် ၀န်ကြီးဌာနများမှ ဥပဒေမဲ့ သိမ်းယူထားသည်ဆိုသော မြေကွက် ခုနစ်ရာကျော် ပြန်လည်ရရှိရေးအတွက် မြေပိုင်ရှင် ၇၀ ကျော် ဆန္ဒပြ

wishshow-june12

ဥပဒေမဲ့ သိမ်းယူထားသည်ဆိုသော မြေကွက်ခုနစ်ရာကျော် ပြန်လည်ရရှိရေးအတွက် ဇွန် ၁၁ ရက်တွင် မြေပိုင် ၇၀ ကျော်က ဆန္ဒပြထုတ်ဖော် နေစဉ် (ဓာတ်ပုံ-အောင်ရဲကို)

Sky net ၊ ယုဇန၊ ၀ါဝါ၀င်း၊ ဧဒင်ကုမ္ပဏီများနှင့် ဟိုတယ်နှင့် ခရီးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနများမှ ဥပဒေမဲ့ သိမ်းယူလွှဲပြောင်း ထားသည်ဆိုကာ မြေကွက် ခုနစ်ရာကျော်၏ ပိုင်ရှင်များမှ ပြန်လည်ရရှိရေးအတွက် မြေပိုင်ရှင် ၇၀ ကျော်က ဆန္ဒပြမှုအား ဇွန် ၁၁ ရက်တွင် ပြုလုပ်ခဲ့သည်။

ယင်းဆန္ဒ ထုတ်ဖော်မှုများတွင် မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာန ရှေ့မှ ယုဇန၊ ဧဒင်၊ ၀ါဝါ၀င်း ကုမ္ပဏီ ဥပဒေမဲ့ သိမ်းယူထားသည်ဆိုပြီး အဆောက်အအုံ ဆောက်လုပ်သည့် ဗိုလ်တထောင်မြို့နယ်၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ဂိုဒေါင်အဖြစ် အသုံးပြုလျက်ရှိသည့် မြေနေရာဝင်းနှင့် မည်သည့်အဆောက် အအုံများမှ ဆောက်လုပ်ထားခြင်း မရှိသေးသည့် စီအိုဒီ ၀န်းအတွင်းသို့ စီတန်းလမ်းလျှောက်ခြင်းနှင့် မြေနေရာများ ပြန်ရရှိရေးဟူသော ကြွေးကြော်သံများ ဟစ်ကြွေးဆန္ဒ ပြခဲ့ကြောင်း သိရသည်။

ထိုသို့ ဆန္ဒထုတ်ဖော်မှုမှာ သုံးကြိမ်မြောက်အဖြစ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည့်အပြင် နိုင်ငံတော် သမ္မတ၊ လွှတ်တော်အသီးသီး၊ သက်ဆိုင်ရာ ၀န်ကြီးဌာနနှင့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီထံသို့ တိုင်ကြားခဲ့ပြီး ဖြစ်သော်လည်း လက်ရှိအချိန်ထိ ထူးခြားမှု မရှိသေးကြောင်း သိရသည်။

လျော်ကြေးပေးခြင်း မရှိဘဲ ဥပဒေမဲ့ သိမ်းဆည်းခံ ထားရသော မြေကွက်တစ်ကွက်၏ ပျှမ်းမျှအကျယ်မှာ ၂၅ ပေ _ ၅၈ ပေရှိပြီး ၇၁၃ ကွက်ရှိပြီး ရာဇာဓိရာဇ်လမ်း၊ ဗန္ဓုလလမ်း၊ ကမ်းနားလမ်းနှင့် ဗိုလ်တထောင် မြို့နယ်တို့တွင် တည်ရှိကြောင်း သိရသည်။

အဆိုပါ မြေများမှာ နှစ် ၉၀ သက်တမ်းရှိ ဂရန်မြေများဖြစ်ပြီး ၁၉၉၄ အထိ ကုန်သွယ်ရေး ၀န်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားဝန်ကြီး ဌာနတို့မှ ငှားရမ်းခဲ့ကြောင်း သိရသည်။

မြေပိုင်ရှင် တစ်ဦးဖြစ်သူ ဦးမြင့်အောင်က "လျော်ကြေးမပေး စာမလာနဲ့ နိုင်ငံရဲ့ လိုအပ်ချက်ဆိုပြီး သိမ်းယူခဲ့တာ ကျွန်တော်တို့ရဲ့ ဘိုးဘွားပိုင်တွေပါ။ ဂရန်တွေ အပြည့်အစုံ ရှိတယ်။ သူတို့ ဌာနတွေကို ငှားရမ်းခဲ့တဲ့ စာရွက်စာတမ်းတွေ ငှားရမ်းခ ရရှိတဲ့ ပြေစာစာရွက်တွေ ကျွန်တော်တို့ဆီမှာ အခိုင်အမာ ရှိပါတယ်" ဟုဆိုသည်။

သို့သော်လည်း အိုးအိမ်ဦးစီးဌာနမှ နိုင်ငံတော်၏ လိုအပ်ချက်အရ ဟုဆိုကာ ၁၉၉၄ ခုနှစ် နောက်ပိုင်းတွင် သိမ်းယူခဲ့ပြီး လက်ရှိတွင် ယုဇန၊ ဧဒင်၊ ၀ါဝါ၀င်း ဆောက်လုပ်ရေး ကုမ္ပဏီများသို့ ပြန်လည်ရောင်းချ နေသဖြင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပြီး ဖြေရှင်းချက် မပေးပါက ရန်ကုန်မြို့ပေါ်ရှိ မြေသိမ်းခံသူများနှင့် ပူးပေါင်းကာ ထပ်မံဆန္ဒ ထုတ်ဖော်သွားမည်ဖြစ်ကြောင်း မြေသိမ်းခံရ၍ ဆန္ဒပြသူများထံမှ သိရသည်။

မြေသိမ်းခံရသူ ကိုတင်ဦး ဆိုသူကလည်း "အခုဆို ဂရန်သက်တမ်းက ကျန်သေးတယ်။ မြေသိမ်းခံခဲ့ရတဲ့ ၁၉၉၄ ခုနှစ်ကတောင် နှစ်နှစ်ဆယ် သက်တမ်းရှိသေးတယ်။ အဲဒါကို အိုးအိမ်က ဒီခရိုနီ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး အိမ်ရာတွေ ဆောက်လုပ်ဖို့ လုပ်နေတာ ဘယ်လိုမှ လက်မခံနိုင်ပါဘူး" ဟုဆိုသည်။

သိမ်းယူခံထားရသော မြေကွက်များ၏ ရာခိုင်နှုန်း ၈၀ ခန့်မှာ အဆောက်အအုံ တစ်စုံတစ်ရာမှ ဆောက်လုပ်ခြင်း မရှိသေးသဖြင့် ပြန်လည်ရရှိရန်နှင့် ဥပဒေမဲ့ ဆောက်လုပ်နေသော ကုမ္ပဏီများအား အရေယူ ဆောင်ရွက်ပေးရန် အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ကာ ဆောင်ရွက်ပေးရန် သမ္မတ၊ သက်ဆိုင်ရာ ဌာနအသီးသီးသို့ တင်ပြဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။