Tuesday, June 11, 2013

RCSS/SSA အဖွဲ့ နိုင်ငံတော်သမ္မတကို ငြိမ်းချမ်းရေး ဗုဒ္ဓရုပ်ပွားတော် လက်ဆောင်ပေး

ငြိမ်းချမ်းရေး အတွက် အဖြေရှာရန် နိုင်ငံတော် သမ္မတကို လာရောက် တွေ့ဆုံသည်ဟု ဆိုသော ရှမ်းပြည်တောင်ပိုင်း တပ်မတော် RCSS/SSA အဖွဲ့သည် ငြိမ်းချမ်းရေး အဓွန့်ရှည်စေရန် ရည်ရွယ်ချက် ဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ဗုဒ္ဓ ရုပ်ပွားတော်တစ်ဆူ လက်ဆောင် ပေးခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သူများက The Voice သို့ ပြောကြားသည်။ ဇွန်လ ၁၀ ရက်နေ့က နေပြည်တော်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် RCSS/SSA အဖွဲ့၏ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်တို့ တွေ့ဆုံစဉ် ဗုဒ္ဓရုပ်ပွားတော်ကို ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။RCSS/SSA အဖွဲ့ နိုင်ငံတော်သမ္မတကို ငြိမ်းချမ်းရေး ဗုဒ္ဓရုပ်ပွားတော် လက်ဆောင်ပေး

အဆိုပါ ဗုဒ္ဓရုပ်ပွားတော်ကို နေပြည်တော်တွင် တည်ဆောက်မည့် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ ပုံစံတူ သတ္တသတ္တာဟ စေတီတော်တွင် ငြိမ်းချမ်းရေး အထိမ်းအမှတ်ဖြင့် တည်ထား ကိုးကွယ်သွားမည် ဖြစ်ကြောင်း ယင်းတွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက ပြောကြားသည်။ မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေး အဓွန့်ရှည်ရန်နှင့် ဗုဒ္ဓ၏ တရားတော်အတိုင်း တိုင်းရင်းသား အချင်းချင်း မေတ္တာတရားဖြင့် တုံ့ပြန့်ရန် တိုက်တွန်းလိုသဖြင့် ဆင်းတုတော် လက်ဆောင်ပေးရခြင်း ဖြစ်သည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီးရွက်ဆစ်က အဆိုပါ ဗုဒ္ဓရုပ်ပွားတော်ကို နိုင်ငံတော် သမ္မတအား ပေးအပ်စဉ် ပြောကြားသွားကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါ ဗုဒ္ဓရုပ်ပွားတော် လက်ဆောင်ပေးသည့် ဓလေ့သည် ရှမ်းတိုင်းရင်းသားများ ခင်မင် ရင်းနှီးသည့် မိသားစု အချင်းချင်း ပေးအပ်လေ့ ရှိကြောင်း ပင်လောင်းမြို့ဇာတိ အသက် ၃၀ ကျော် အရွယ်ရှိ ပအို့ဝ် တိုင်းရင်းသား တစ်ဦးက ရှင်းပြသည်။ အပစ်အခတ် ရပ်စဲရေး သဘောတူခဲ့သည့် နောက်တစ်နှစ်ကျော် ကာလအတွင်း တပ်မတော်နှင့် SSA တို့ အကြား တိုက်ပွဲပေါင်း ၇၀ ခန့် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲတိုင်းတွင် တပ်မတော်က အပစ်အခတ် ရပ်စဲရေး စာချုပ်ပါ သဘောတူညီချက်များကို လိုက်နာခြင်း မရှိကြောင်း RCSS/SSA က ထုတ်ပြန်ထားသည်။ 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။