Sunday, March 10, 2013

သြစတြေးလျနှင့် နယူးဇီလန် နိုင်ငံများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ချစ်ကြည်ရေးခရီး သွားမည်


၂၀၁၃ ခုနှစ် အတွင်း ဒုတိယမြောက် ပြည်ပခရီးစဉ်အဖြစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သြစတြေးလျနှင့် နယူးဇီလန် နိုင်ငံများသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်၊ ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုက်နှင့် နိုင်ငံပိုင် သတင်းစာများတွင် မတ် ၁၀ ရက်က ဖော်ပြထားသည်။
သမ္မတ ဦးသိန်းစိန်သည် ယခုခရီးစဉ်ကို နယူးဇီလန် ၀န်ကြီးချုပ် မစ္စတာဂျွန်ကီးနှင့် သြစတြေးလျ ဘုရင်ခံချုပ် မစ္စကွင်တင်း ဘရိုက်စ်တို့၏ ဖိတ်ကြားချက်အရ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ခြင်း ဖြစ်သည်။
သမ္မတ၏ ပြည်ပခရီးစဉ် သွားရောက်မည့် ရက်အတိအကျကို ဖော်ပြထားခြင်း မရှိဘဲ မကြာမီ ကာလအတွင်း သွားရောက်မည်ဟုသာ ဖော်ပြထားသည်။

နိုင်ငံတော် သမ္မတသည် သြစတြေးလျနှင့် နယူးဇီလန် ခရီးစဉ်ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ကတည်းက သွားရောက်ရန် စီစဉ်ခဲ့သော်လည်း ၂၀၁၂ ဒီဇင်ဘာ ၅ ရက်တွင် အကြောင်း မညီညွတ်သဖြင့် မသွားဖြစ်တော့ကြောင်း ကြေညာခဲ့သည်။
သမ္မတ ဦးသိန်းစိန် နောက်ဆုံး သွားရောက်ခဲ့သော ပြည်ပခရီးစဉ်အဖြစ် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့က နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီ နိုင်ငံများသို့ ဥရောပ ငါးနိုင်ငံခရီးစဉ် သွားရောက်ခဲ့ပြီး မတ် ၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
ယင်းဥရောပ ခရီးစဉ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နော်ဝေနိုင်ငံ ၀န်ကြီးချုပ်၊ နော်ဝေနိုင်ငံ ဘုရင်၊ ဖင်လန်နိုင်ငံ သမ္မတ၊ သြစတြီးယားနိုင်ငံသမ္မတ၊ ဥရောပသမဂ္ဂ ခေါင်းဆောင်များ ဖြစ်သော ဥရောပကော်မရှင် ဥက္ကဋ္ဌ၊ ဥရောပ ပါလီမန်ဥက္ကဋ္ဌ၊ အီတလီနိုင်ငံ သမ္မတနှင့် ၀န်ကြီးချုပ်တို့နှင့် တွေ့ဆုံခဲ့ပြီး ပြည်ပရောက် မြန်မာတိုင်းရင်းသား မိသားစုများနှင့်လည်း တွေ့ဆုံခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၀ ခုနှစ်တွင် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်း ဥရောပငါးနိုင်ငံ ခရီးစဉ် အပါအ၀င် နိုင်ငံခြား ခရီးစဉ် ၁၈ ခု သွားရောက်ခဲ့ပြီး ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။