Sunday, March 10, 2013

ညီလာခံနှင့်ပတ်သက်သော သတင်းစာရှင်းလင်းပွဲ ကျင်းပ


မတ်လ ၉ ရက်နေ့ ညနေ ၅ နာရီအချိန်မှာ အန်အယ်ဒီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ညီလာခံနှင့် ပတ်သက်သော  သတင်းစာရှင်းလင်းပွဲကို တော်ဝင်နှင်းဆီမှာပင် ပြုလုပ်ကျင်းပခဲ့သည်။

 အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ဦးအုန်းကြိုင်က မတ်လ ၈ ရက်နေ့က ညီလာခံအကြိုအဖြစ် ပြုလုပ်ကျင်းပခဲ့ပြီး    ပြည်နယ်နှင့်  တိုင်းအသီးသီးမှ တက်ရောက်လာသော ဗဟိုညီလာခံကိုယ်စားလှယ်များမှ ဗဟိုကော်မတီဝင်( CC) ၁၀၀ ဦးကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ကြောင်း၊ ယနေ့တွင် ကျန်ရှိသော ဗဟို ကော်မတီဝင် ၂၀ ဦးနှင့် အရံဗဟိုကော်မတီဝင် ၃၀ ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း ပြောကြားသည်။

 `ဗဟိုကော်မတီဝင် ၁၂၀ က ဗဟိုအလုပ်အမှုဆောင်ရွေးချယ်ဖို့အတွက် မဲပေးခွင့်ရှိတယ်၊ အရံ ကော်မတီဝင် ၃၀ ဦးကတော့ မဲပေးခွင့်မရှိပါဘူး`ဟု သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

 မနက်ဖြန်လာမည့် မတ်လ ၁၀ ရက်နေ့ ညီလာခံတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

 ` ပါတီရဲ့ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ မူဝါဒသစ်ကို ညီလာခံမှာ တင်ပြသွားမယ်၊ စည်းကမ်းပိုင်းဆိုင်ရာကိစ္စတွေကိုလည်း မူဝါဒ သစ်အတိုင်း ဗဟိုအလုပ်အမှုဆောင်အသစ်က ဆောင်ရွက်သွားမှာ ဖြစ်တယ်`ဟု ဦးအုန်းကြိုင်က ပြောသည်။

 ထို့ပြင် ညီလာခံသက်တမ်းကိုလည်း မနက်ဖြန်ကျင်းပမည့် ညီလာခံတွင် သတ်မှတ်သွားကြမှာ ဖြစ်ကြောင်း သိရှိရသည်။

 ယနေ့တက်ရှိလာသော ညီလာခံကိုယ်စားလှယ်ပေါင်း ၈၇၆ ဦးရှိပြီး၊ အန်အယ်ဒီပါတီသည် တနိုင်ငံလုံး အားဖြင့် ပါတီဝင် အင်အား ၁၃ သိန်းကျော်ခန့်ရှိကြောင်း ဦးအုန်းကြိုင်က ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။