Sunday, March 10, 2013

ဧရာဝတီမြစ်အတွင်း အကြောင်း အမျိုးမျိုးကြောင့် ဧရာဝတီလင်းပိုင်များ မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေ



3.10.5
မန္တလေးတိုင်းဒေသကြီး ဧရာဝတီမြစ်အတွင်းကျက်စားနေသည့် ဧရာဝတီလင်းပိုင်အချို့ကို တွေ့ရစဉ်
ဧရာဝတီမြစ်အတွင်း အကြောင်း အမျိုးမျိုးကြောင့် ဧရာဝတီလင်းပိုင်များ မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

ဧရာဝတီမြစ်အတွင်း ရေလုပ်သားများမှ အားပြင်းသော ဘက်ထရီရှော့ခ်ရိုက် ငါးဖမ်းဆီးခြင်း၊ အဆိပ်ချ ငါးဖမ်းခြင်း၊ ဒိုင်းနမိုက်ခွဲ၍ငါးဖမ်းခြင်း များကြောင့် လင်းပိုင်များစားသော ငါးများလျော့နည်း လာခြင်းသည် ဧရာဝတီလင်းပိုင်များ မျိုးသုဉ်းပျောက်ကွယ်မည့် အဓိကအကြောင်းရင်း ဖြစ်နေသည်ဟု သိရသည်။
ဧရာဝတီလင်းပိုင်များ သေဆုံးရသည့် အခြားအကြောင်းမှာ မျောပိုက်များတွင် ငြိတွယ်သေဆုံးခြင်း၊ မသမာသူ ငါးဖမ်းသမားများမှ သတ်ဖြတ်ခြင်း၊ မြစ်ရေညစ်ညမ်းမှုများကြောင့် သားပေါက်များ သေဆုံးရခြင်းတို့ဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြသန်းထွန်းက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက် မှ ၁၈ ရက်အထိ ကောက်ယူထားသော စာရင်းများအရ မန္တလေး၊ ကျောက်မြောင်း ရေတော်ဘုရား တစ်လျှောက်တွင် ၁၉ ကောင်၊ ဧရာဝတီမြစ်ရိုး တစ်လျှောက်ရှိ သပိတ်ကျင်းနှင့် ရွှေဂူကြား တစ်လျှောက်တွင် ၂၇ ကောင်၊ ဗန်းမော်မြို့တွင် ငါးကောင်နှင့် စုစုပေါင်း အကောင် ၅၀ ခန့်သာ တွေ့ရှိရတော့ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် စာရင်းများအရ ဧရာဝတီလင်းပိုင် ၆၇ ကောင် ရှိသော်လည်း ယခုနှစ်တွင်မူ အကောင်ရေ ၅၀ ၀န်းကျင်သာ တွေ့ရှိရကြောင်း သိရသည်။
ငါးလုပ်ငန်း ဦးစီးဌာန ပတ်ဝန်းကျင်နှင့် မျိုးသုဉ်းရေသတ္တ၀ါများ ထိန်းသိမ်းရေး ဌာနစုမှ ဦးဟန်ဝင်းက “ဧရာဝတီလင်းပိုင်တွေ လျော့နည်းသွားတယ် ဆိုပေမယ့် ဘယ်လောက်လျော့တယ် ဆိုတာ နောက်တစ်ခေါက် ထပ်ဆင်းကောက်မှပဲ သိနိုင်မှာပါ။ ထိန်းသိမ်းရေး နယ်မြေမှာ ဆိုရင်တော့ ၂၀၁၂ ခုနှစ်က ၂၂ ကောင်ရှိပေမယ့် အခုတစ်ခေါက်သွားတော့ ၁၉ ကောင်ပဲ တွေ့တော့တယ်” ဟု ပြောသည်။
ဧရာဝတီလင်းပိုင်များကို ဧရာဝတီမြစ်ကြောင်း၊ ရခိုင်ကမ်းမြှောင်ဒေသ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသနှင့် မြိတ်ကျွန်းစုတို့တွင် တွေ့ရသည်။ လူနှင့်အတူ ငါးဖမ်းကူညီပေးသော ဧရာဝတီလင်းပိုင်များကို မြန်မာနိုင်ငံတွင်သာ တွေ့နိုင်ကြောင်း သိရသည်။ ဧရာဝတီ လင်းပိုင်သည် မြန်မာနိုင်ငံတွင် တွေ့ရသော ငါးမျိုးစိတ် အသစ်တစ်ခုအဖြစ် ကမ္ဘာပေါ်တွင် မှတ်တမ်းပြုခဲ့သော ငါးအမျိုးအစားလည်း ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။