Sunday, March 10, 2013

ရာသီအကူးအပြောင်း အပူရှိန်မြင့်မားမှုကြောင့် ငါးများတွင် ကပ်ပါးရောဂါပိုးများ ရှိနေပြီး လက်ရှိတွင် ငါးသေဆုံးမှုများ ဖြစ်ပွားလျက်ရှိ


ဆောင်းရာသီမှ နွေရာသီသို့ အကူးအပြောင်းတွင် အပူရှိန်မြင့်မားနေသောကြောင့် ငါးများတွင် ကပ်ပါးရောဂါပိုးများနှင့် ဘက်တီးရီးယားပိုးများ ကျရောက်နေပြီး လက်ရှိတွင် ငါးသေဆုံးမှုများ ဖြစ်ပွားလျက်ရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။
ထိုသို့ ငါးများသေဆုံးမှု အများဆုံးဖြစ်ပွားရခြင်းမှာ ကပ်ပါးပိုးနှင့် ဘက်တီးရီးယားပိုးများသည် ငါးများ၏ ပါးဟက်၊ အစာလမ်းကြောင်၊ ခန္ဓာကိုယ်နှင့် ငါးမွေးကန်ထဲရှိ ရေများတွင် ယင်းရောဂါပိုးများ ရှိနေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
ငါးမွေးကန်ထဲတွင်ရှိသော ငါးများနှင့် ရေတို့ကို ငါးရောဂါရှာဖွေရေး ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးကြည့်ရာ ကပ်ပါးပိုးနှင့် ဘက်တီးရီးယားပိုးများကို တွေ့ရှိရသည်။
ထို့ပြင် ငါးများတွင် အနာများ ရှိနေသည်ကို တွေ့ရပြီး ငါး၏အမြီးအရင်းတွင်ရှိသော အကြေးခွံများပွနေကာ အနာများဖြစ်နေကြောင်း အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

ငါးမွေးကန်ထဲတွင်ရှိသော ငါးများနှင့် ရေတို့ကို ငါးရောဂါရှာဖွေရေး ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးကြည့်ရာ ကပ်ပါးပိုးနှင့် ဘက်တီးရီးယားပိုးများကို တွေ့ရှိရ  .  .  .
သုတေသန ပြုချက်များအရ ငါးများကို သေစေနိုင်သည့် ကပ်ပါးပိုးသည် ယခုလို ရာသီဥတုအပြောင်းအလဲ၊ အကူးအပြောင်းအချိန်တွင် ငါးကန်များထဲတွင် အလုံးအရင်း ပေါက်ဖွားလေ့ရှိကြောင်း၊ အထူးသဖြင့် မိုးရာသီမှ ဆောင်းရာသီသို့ ပြောင်းသည့်အချိန်၊ ဆောင်းရာသီမှ နွေရာသီသို့ ပြောင်းသည့်အချိန်များတွင် ကပ်ပါးပိုးများ ကျရောက်ကာ ငါးများ သေဆုံးလေ့ရှိကြောင်း သိရသည်။

"ဆောင်းက နွေကိုပြောင်းနေတဲ့ အချိန်မှာ ငါးကန်ထဲမှာရှိတဲ့ ရေတွေဟာ အပူချိန် အနိမ့်အမြင့်တွေ ဖြစ်ပေါ်တယ်။ နွေဘက်ကို ကူးလာပြီဖြစ်တဲ့အတွက် နေ့ခင်းဘက်မှာ အပူချိန် တအားမြင့်တယ်။ ညဘက်မှာ ဆောင်းမကုန်သေးတဲ့အတွက် အအေးဓာတ် လျော့နည်းမှုတွေ ဖြစ်ပေါ်တယ်။ အဲဒီအကျိုးဆက်တွေကြောင့် ကန်ထဲမှာ အောက်ဆီဂျင် ပြတ်လပ်မှုတွေ ဖြစ်လာတယ်။ အောက်ဆီဂျင် ပြတ်လပ်မှုကတစ်ဆင့် ကန်အောက်ခြေကြမ်းခင်းတွေမှာ ကန်ရဲ့မျက်နှာပြင် မြင့်ရင်မြင့်သလို ကပ်ပါးရောဂါပိုးတွေ ပွားလာတယ်" ဟု ဦးဝင်းကြိုင်က ဆက်လက်ပြောကြားခဲ့သည်။
ထိုသို့ ငါးမွေးမြူရေးလုပ်ငန်းရှင်များ အနေဖြင့် ကပ်ပါးရောဂါပိုးနှင့် ဘက်တီးရီးယာပိုးများ ကျရောက်၍ ငါးသေဆုံးမှုများ ဖြစ်နေသည်ကို တွေ့ရှိပါက ငါးလုပ်ငန်းဦးစီးဌာန၏ ဓာတ်ခွဲခန်းတွင် စနစ်တကျ စစ်ဆေးခြင်းဖြင့် ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း သိရသည်။
အဆိုပါ ရောဂါပိုးကျရောက်၍ သေဆုံးခဲ့သော ငါးများကို ဈေးကွက်တွင် ရောင်းချခြင်းမရှိကြောင်း ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။