Wednesday, June 5, 2013

ကျောင်းများတွင် သုံးနှစ်တာ နို့ တိုက်ကျွေးခြင်း စီမံကိန်း စတင်မည်

ရန်ကုန် (မဇ္ဈိမ)။   ။ ဆွီဒင်နိုင်ငံမှ ကုမ္ပဏီ၏ ထောက်ပံ့မှုဖြင့် အခြေခံပညာ ကျောင်းများတွင် နို့ တိုက်ကျွေးခြင်း စီမံကိန်းများ စတင်တော့မည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနမှ တဆင့် သိရသည်။

"နို့ တိုက်ကျွေးတဲ့ စီမံကိန်းကို ရန်ကုန် တိုင်းဒေသကြီး ၄၃ မြို့နယ်က စာသင်ကျောင်း ၁၁၀ ရှိ ကျောင်းသား ၁၇,၅၀၀၊ မန္တလေး တိုင်းဒေသကြီး ၂၈ မြို့နယ်က ကျောင်း ၇၉ ကျောင်းက ကျောင်းသား ၁၇,၅၀၀ အပြင်
နေပြည်တော် ၈ မြို့နယ်က စာသင်ကျောင်း ၂၈ ကျောင်းက ကျောင်းသား ၁၀,၀၀၀ ကိုလည်း တပြိုင်နက်တည်း တိုက်ကျွေးမှာ ဖြစ်ပါတယ်" ဟု ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအောင်ကြီး က ပြောသည်။

ယင်းအစီအရ မြို့နယ်ပေါင်း ၇၉ မြို့နယ်ရှိ စာသင်ကျောင်း ၂၁၇ ကျောင်းမှ ကျောင်းသူ/ကျောင်းသား ၄၅,၀၀၀ အား သုံးနှစ် ဆက်တိုက် နို့ တိုက်ကျွေးသွားမည် ဖြစ်သည်။

အဆိုပါ စီမံကိန်းကို ဇွန်လ ၁၈ ရက်နေ့တွင် ရန်ကုန်တိုင်း၊ မရန်းကုန်းမြို့နယ် မင်းဓမ္မ လမ်းပေါ်ရှ်ိ မြန်မာကွန်းဗင်းရှင်း စင်တာတွင် ဖွင့်ပွဲပြုလုပ်မည် ဖြစ်သည်။

"ဒီစီမံကိန်းအတွက် ဆွီဒင်နိုင်ငံက Tetra Pak South East Asia ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၈ သန်း လှူဒါန်း တာပါ။ စီမံကိန်းကို မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနဲ့ ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်" ဟု ဒေါက်တာအောင်ကြီး က ဆက်လက်ပြောကြားသည်။

အထွေထွေ ရောဂါကု ဆရာဝန် တဦးဖြစ်သည့် ဒေါက်တာကိုထွေး က "ကလေး သူငယ်တွေအတွက် ကျန်းမာ သန်စွမ်းပြီး ဉာဏ်ရည် တိုးတက်အောင် နွားနို့ နေ့စဉ် တိုက်ကျွေးတဲ့ အစီအစဉ်ကို နိုင်ငံတော်စီမံချက်နဲ့ ပထမဆုံး လုပ်ဆောင်ပေးတာ ကျေးဇူးတင်ရပါတယ်။ မြန်မာ အများစုက နွားနို့ နေ့စဉ်သောက်တဲ့ အလေ့အကျင့် မရှိတာကို အလေ့အကျင့် ဖြစ်အောင် ပြုလုပ်ပေးတာလို့ မြင်ပါတယ်။ စီမံကိန်း အလှူရှင်ရဲ့ ဆန္ဒတွေကို တကယ်ပဲ ထိရောက်အောင် ဆောင်ရွက်ဖို့တော့ လိုမယ်ထင်ပါတယ်" ဟု သုံးသက်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။