Monday, August 19, 2013

နိုင်ကျဉ်းများ လွတ်မြောက်ရေး ဆွမ်းမဘုဉ်းဘဲ လမ်းလျှောက်ဆန္ဒပြနေသည့် ဆရာတော် ဖြူးမြို့နယ်သို့ ရောက်ရှိ

မြန်မာနိုင်ငံအနှံ့ရှိ ထောင်အသီးသီးတွင် အကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆွမ်းဘုန်းမပေးဘဲ ရေသာသောက်၍ တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒပြနေသော ဆရာတော် ဦးရက္ခ၀ံသသည် ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့သို့ သြဂုတ် ၁၇ ရက်တွင် ရောက်ရှိခဲ့သည်။

ဆရာတော်သည် လွန်ခဲ့သည့် ရက်သတ္တပတ်မှ စတင်၍ ရွှေတိဂုံစေတီ တောင်ဘက်မုခ်မှ တစ်ရက်လျှင် မိုင်၂၀ ခန့် လမ်းလျှောက် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

ဇေယျဝတီမြို့တွင် အနားယူခိုက် ဆရာတော်က "ဦးဉ္ဇင်းက နိုင်ငံရေးအကျဉ်းသား အားလုံးပြန်လွှတ်ပေးဖို့ တောင်းဆို တာပါ။ အခုထိ ဘာမှ မထူးခြားသေးလို့ သြဂုတ် ၁၆ ရက်ကစပြီး ဆွမ်းလုံးဝ မစားတော့ဘဲ ရေသောက်ပြီး
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးသည်အထိ တောင်းဆိုပြီး မန္တလေးမြို့၊မဟာမြတ်မုနိ ဘုရားကြီးအရောက် ဆက်လက်လမ်းလျှောက် တောင်းဆိုသွားမည်"ဟု မိန့်ကြားခဲ့သည်။

သြဂုတ် ၁၈ နံနက်ပိုင်းတွင် ဆရာတော်သည် ဇေယျဝတီမြို့မှ တောင်ငူမြို့ဘက်သို့ ဆက်လက် လမ်းလျှောက် ထွက်ခွာ သွားခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးစနစ် ပြောင်းလဲအပြီး အစိုးရကအကျဉ်းသားကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်မှာ ၁၀ ကြိမ်တိုင် ရှိပြီဖြစ်သော်လည်း အကျဉ်းထောင်များထဲတွင် နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေဆဲဖြစ်သဖြင့် ယင်းအရေးနှင့် ပတ်သက်၍ လှုပ်ရှားသူများက ဝေဖန်မှုများ ရှိနေသည်။

အစိုးရက နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဥက္ကဋ္ဌအဖြစ် ဦးဆောင် ပါဝင်ပြီး သမ္မတရုံး ဒုဝန်ကြီး၊ ပြည်ထဲရေးနှင့် အကျဉ်းဦးစီးဌာနမှ အရာရှိများ၊ နိုင်ငံရေးသမားများ၊ နိုင်ကျဉ်း
ဟောင်းများ ပါဝင်သည့် နိုင်ကျဉ်း စိစစ်ရေးကော်မတီကို ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက ဖွဲ့စည်းပေးခဲ့သည်။

သို့သော် ခုနစ်လကြာသည်အထိ အကျဉ်းထောင်များထဲတွင် နိုင်ငံရေးအကျဉ်းသားများ ဆက်ရှိနေဆဲဖြစ်သည်။

နိုင်ကျဉ်းစိစစ်ရေးကော်မတီက ပြန်လွှတ်ပေးသင့်သည့် နိုင်ငံရေးအကျဉ်းသား ဟုတ်မဟုတ် စစ်ဆေးရန် အစိုးရ ဌာနများဘက်မှ အကူအညီမပေးသဖြင့် အခက်အခဲများ ရှိနေသည်ဟု ကော်မတီဝင်များက ထုတ်ဖော် ပြောကြားမှု များလည်း ရှိနေသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။