Monday, April 1, 2013

တွံတေးမြို့နယ်၊ ဆူးကလပ်ရေကျော်မြစ်အတွင်း ခရီးသည်တင် ရှပ်ပြေးယာဉ်နှင့် ဆန်တင်ဆောင်လာသည့် ရေယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိ၍ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

တွံတေးမြို့နယ်၊ ဆူးကလပ်ရေကျော်မြစ်အတွင်း ခရီးသည်တင် ရှပ်ပြေးယာဉ်တစ်စီးနှင့် ဆန်တင်ဆောင်လာသည့် ရေယာဉ်တစ်စီးတို့ မျက်နှာချင်းဆိုင် တိုက်မိကာ ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ မော်ကျွန်းပုသိမ်ဘက်သို့ ဦးညွှန့်လှိုင် (၄၆) နှစ် မောင်းနှင်လာသော ခရီးသည် ၁၀၉ ဦး တင်ဆောင်လာသည့် "ပုသိမ်သူ" ရှပ်ပြေးယာဉ်သည် မျက်နှာချင်းဆိုင် အနေအထားဖြင့် ဖျာပုံဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် ဆန်များတင်ဆောင်လာသော ရေယာဉ်မောင်း ဦးကျော်စိန် (၆၀) နှစ် မောင်းနှင်လာသည့် "သုဇာတာ" ရေယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါ ရေယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မှုကြောင့် ရေယာဉ်ပေါ်ပါ မသန္တာ (၁၅) နှစ်သည် ဦးခေါင်းအရေပြားလန်၊ ၀ဲပါးပေါက်ပြဲ ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ၄င်းရေယာဉ်ပေါ်ပါ ဦးမောင်တင် (၆၈) နှစ်သည်လည်း ၀ဲ/ယာ ခြေသလုံး ကြွက်သားကြေမွဒဏ်ရာ ရရှိကာ ဒေးဒရဲဆေးရုံတွင် အတွင်းလူနာအဖြစ် တင်ပို့ကုသနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ထို့ကြောင့် ရေယာဉ်များအား မဆင်မခြင် မောင်းနှင်သူ ဦးညွန့်လှိုင်နှင့် ဦးကျော်စိန်တို့အား တွံတေးရဲစခန်းမှ (ပ)၁၀၆/၁၃၊ ပုဒ်မ-၂၈၀/၃၃၈/၃၀၄ (က)ဖြင့် အမှုဖွင့် အရေးယူထားပြီး ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။ သေဆုံးသွားသူ အမျိုးသမီးသည် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံမငေးကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။