Monday, April 1, 2013

မြို့တော်ခန်းမ ဖွင့်လှစ်နိုင်ရေး ညောင်ချောင်းသာကမ်းခြေဖွင့်လှစ် ရန်ပုံငွေရှာ

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် ရန်ကင်းစံရာ အနောက်ကျွန်းကျေးရွာရှိ ညောင်ချောင်းသာ ကမ်းခြေဖွင့်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုမိန့်မရရှိသေးဘဲ မြို့နယ်စည်ပင်နှင့် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု ၄င်းမြို့နယ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။    

 

အဆိုပါ ညောင်ချောင်းသာကမ်းခြေ ဖွဲ့စည်းတည်ဆောက်ထားရာ၌  ညောင်တုန်းမြို့နယ်အုပ်ချုပ်ရေးမှူးမှ ဥက္ကဌအဖြစ် လည်းကောင်း၊ ညောင်တုန်းမြို့နယ်စည်ပင်မှ အတွင်းရေးမှူးအဖြစ်လည်းကောင်း ဦးဆောင်ကာ ၄င်းမြို့နယ်ရှိ သက်ဆိုင်ရာဌာနအသီးသီးမှ ပူးပေါင်းပါဝင်တည်ဆောက်ထားခြင်း ဖြစ်သည်ဟု ၄င်းက ဆက် လက် ပြောဆိုသည်။ 

 

"စည်ပင်နဲ့ပူးပေါင်းပြီး လုပ်ထားတာပါ။ သောင်ထွန်းတဲ့နေရာမှာ ကလေးတွေ ရေဆင်းချိုးရာက အစပြုပြီး တစ တစ လူသိများလာတာ။ ပြီးတော့ ဈေးဆိုင်လေးတွေလည်း တစ်ဆိုင်နှစ်ဆိုင်ဖြစ်လာတော့ လာတဲ့သူတွေ အဆင်ပြေအောင်လို့ ညောင်ချောင်းသာဆိုပြီး လုပ်လိုက်တဲ့သဘောပါ။ တိုင်းဒေသကြီးခွင့်ပြုမိန့်တင်ထား ပါတယ် ဒါပေမယ့် ခွင့်ပြုချက်တော့ မရသေးပါဘူး " ဟု ညောင်တုန်းမြို့နယ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်နှင်းက ပြောသည်။       

 

ညောင်ချောင်းသာကမ်းခြေမှ ရရှိလာသည့် ရန်ပုံငွေကို မြို့တော်ခန်းမတည်ဆောက်ရန်အတွက် ပြန်လည် အသုံးပြုမည် ဖြစ်ပြီး မြို့တော်ခန်းမတည်ဆောက်ရန်အတွက် ငွေကျပ်သိန်း(သုံးထောင်)ခန့် ကုန်ကျနိုင်မည် ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်နှင်းက ဆိုသည်။

 

မြို့တော်ခန်းမကို ညောင်တုန်းမြို့နယ်ရှိ မြို့မကွင်း၌ တည်ဆောက်မည်ဖြစ်ပြီး အဆိုပါခန်းမ၌ မြို့နယ်မှ ပြုလုပ်မည့် အခမ်းအနား ၊ အစိုးရမှ ပြုလုပ်မည့် အစည်းအဝေးများကို ကျင်းပနိုင်ရေးအတွက်ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

 

" ဒီကရတဲ့ ငွေနဲ့ မြို့တော်ခန်းမဆောက်ဖို့လို့လည်း ပြောတယ်။ အဲ့ဒါကြောင့် ရန်ပုံငွေရှာတဲ့ သဘောပါ။   နေ့ချင်းပြန်လည်း သွားလို့ရတော့ လူတွေတော်တော်လာကြတယ်။ ရန်ကုန်ကတော့ ပိုအလာများတာပေါ့" ဟု ညောင်ချောင်းသာကမ်းခြေရှိ စားသောက်ဆိုင်ပိုင်ရှင် ဦးဝင်းကြိုင်က ပြောသည်။    

 

ညောင်တုန်းမြို့နယ် မြို့မကွင်း၌ တည်ဆောက်မည့် မြို့တော်ခန်းမအတွက် သက်ဆိုင်ရာအစိုးရအဖွဲ့များ မှ ထောက်ပံ့ပေးခြင်းမျိုးမရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။

 

ကမ်းခြေတည်ဆောက်ထားသည့်ကိစ္စနှင့်ပါတ်သတ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဦးအုန်းက "အပန်းဖြေစခန်းတစ်ခု လုပ်ပြီးဆိုလို့ရှိရင် ကောင်းတာလည်းရှိသလို မကောင်းတာလည်း ရှိတယ်။ အဓိကက တော့ ကမ်းခြေဆိုပါစို့ သစ်ပင်ရှိရမယ်။ သစ်ပင်မရှိရင် အဓိပ္ပါယ်မရှိဘူး" ဟု ဆိုသည်။

 

အဆိုပါ ကမ်းခြေကို ညောင်တုန်းမြို့နယ် စည်ပင်သာယာရေးနှင့် မြို့နယ်အုပ်ချုပ်ရေးမှုးတို့က ပူးပေါင်း ခွင့်ပြုပေးခဲ့ကြောင်း နှင့် ဆိုင်နေရာများကို မဲနှိုက်၍ ရောင်းချကြကြောင်း သာယာအောင်စားသောက်ဆိုင် ပိုင်ရှင်က ဆိုသည်။

 

"ဆိုင်ခန်းတွေကို (၁၀)ပေနဲ့ (၁၅)ပေဆိုပြီး ခွဲပေးပါတယ်၊ ချက်တာပြုတ်တာကိုတော့ မြစ်ရေနဲ့ သုံးပြီး သောက်ရေကိုတော့ ရေသန့်သုံးပေးပါတယ်။အမှိုက်တွေကိုတော့ သောင်ပေါ်မှာ တွင်းတူးပြီး မြုပ်တယ်၊ ဆိုင်တွေကို မဲစနစ်နဲ့ချပေးထားပါတယ်"ဟု သာယာအောင်စားသောက်ဆိုင်မှ ဦးဝင်းကြိုင်က ဆိုသည်။

 

ညောင်ချောင်းသာကမ်းခြေကို ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် ဈေးဆိုင်ခန်း ပေါင်း (၄၈)ခန်းရှိကြောင်း၊ အများပြည်သူရုံးပိတ်ရက်များတွင် လာရောက်လည်ပတ်သောလူဦးရေမှာ တစ်ရက် လျှင်(၁ သောင်း) ၀န်းကျင်ခန့်ရှိပြီး ကျန်ရက်များတွင် လာရောက်လည်ပတ်သော လူဦးရေမှာ တစ်ရက်လျှင်(၂ ထောင်) ကျော်ရှိကြောင်း ညောင်ချမ်းသာတံတားအား လေလံဆွဲထားသူ ကိုနိုင်ကိုလင်းက ဆိုသည်။    


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။