Friday, June 1, 2012

ပုသိမ်ကြီးမြို့နယ် ပီနံအိတ် စက်ရုံက အနံ့ဆိုးကြောင့် စက်ရုံအား ရွာနှင့်ဝေးရာသို့ပြောင်းရွှေ့ပေးစေလို

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် သစ်ချိုကုန်းကျေးရွာမှ တရုတ်အမျိုးသားပိုင် ပီနံအိပ်စက်ရုံက ထွက်ရှိသည့် ပလပ်စတစ်အနံ့ဆိုးများကြောင့် စက်ရုံအား ရွာနှင့်ဝေးရာသို့ ပြောင်းရွှေ့ပေးစေ လိုကြောင်း ရွာသားများက ဆိုသည်။
                      
‘’ တစ်ရွာလုံးလိုလိုပါပဲ၊ လေသင်တဲ့နေရာတွေက ပလပ်စတစ်အနံ့တွေ ပိုနံတယ်၊ မီးမလာတဲ့ အချိန်မှာတော့ မနံပါဘူး၊ မီးလာလို့သူတို့ အလုပ်လုပ်ရင် နံတော့တာပဲ။ ကျမတို့က အနံ့တွေနံလို့ စက်ရုံသွားပြောတော့ မနံအောင် လုပ်ပေးမယ်လို့တော့ ပြောပါတယ်။ ဒါပေမဲ့ နံမြဲပါပဲ။ ကြာလာရင် ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်။ အားလုံးဖြစ်စေ ချင်တာကတော့ ရွာနဲ့ဝေးဝေးကို ရွေ့သွား စေချင်တယ်။ သူများစီးပွားရေးကို မတရားသဖြင့် ပြောတာမဟုတ်ပါဘူး၊ ဒီလိုအန္တရယ်ရှိတဲ့ စက်ရုံတွေက ရွာတွေနဲ့ နီးနီးနားနားမှာမရှိတာ အကောင်းဆုံးပါပဲ' ဟုသစ်ချိုကုန်းရွာမှ ဒေါ်ခင်သင်းက ပြောသည်။


ပီနံအိပ်စက်ရုံကထွက်သည့် ပလပ်စတစ်အနံ့များသည် သစ်ချိုကုန်းရွာသာမက အနီးနားရှိ ကျေးရွာ များဖြစ်သော ဇီးချိုကုန်းကျေးရွာ၊ညောင်ပင်သာကျေးရွာနှင့် ပုသိမ်လေးကျေးရွာ အထိပျံ့နှံ့လျက် ရှိကြောင်းကိုလည်း သိရသည်။
 
စက်ရုံအနေဖြင့် အနံဆိုးများထွက်ရှိခြင်းမရှိရန် မီးခိုးခေါင်းတိုင်များအား မြှင့်ထား၍ မီးခိုးစစ်ထုတ်စက် များကိုလည်း တပ်ဆင်ထားခြင်းဖြင့် အနံ့ဆိုးထုတ်လွှတ်မှုမှ ကာကွယ်ထားကြောင်း ပီနံအိပ်စက်ရုံမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
 
'စက်ရုံကနေအနံ့တွေ မထွက်အောင် ကျွန်တော်တို့ မီးခိုးထွက်တဲ့ ခေါင်းတိုင်တွေကို မြှင့်ထားပါတယ်။
နောက်ပြီး မီးခိုးစစ်ထုတ်တဲ့ စက်တွေတပ်ထားပါတယ် အရင်ကနဲ့စာရင်တော့ အနံ့သိပ်မထွက် တော့ ပါဘူး။ အန္တရယ်ရှိတဲ့ ပလပ်စတစ်တွေ မီးရှို့ရင် ရွာနဲ့ဝေးတဲ့ဘက်မှာ သွားရှို့ပါတယ်။ရွာသားတွေမလုပ် ခိုင်းတဲ့အချိန် မလုပ်ပါဘူး'   ဟု ပီနံအိတ် စက်ရုံမှ တာဝန်ရှိသူ ဦးနော်မာကပြောသည်။
 
ပုသိမ်ကြီးမြို့နယ်ဆေးရုံအုပ်ကြီးမှ စက်ရုံများကထွက်ပေါ်လာသောအနံ့ဆိုးများကြောင့် ဖြစ်ပွားတတ် သည့် ရောဂါများနှင့် ပတ်သက်၍ ယခုကဲ့သို့ ဆိုသည်။
 
' စက်ရုံကအနံ့တွေမီးခိုးတွေကို ရှုရှိုက်မိရင် အသက်ရှူ လမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါတွေ ဖြစ်နိုင်ပါ တယ်။ ပုဂ္ဂလိကစက်ရုံဖြစ်ဖြစ် အစိုးရစက်ရုံဖြစ်ဖြစ် ထုတ်လွှတ်လိုက်တဲ့အငွေ့ အနံ့သက်တွေကို ရှူ ရှိုက်မိရင် အသက်ရှူလမ်းကြောင်း ဆိုင်ရာ   ရောဂါတွေ ဖြစ်နိုင်တယ်။ စက်ရုံတွေမှာ ဘယ်လိုကုန်ကြမ်း တွေသုံးလို့ ဘာရောဂါတွေဖြစ်လာမယ်ဆိုတာ ဓာတ်ခွဲစမ်းသပ်နိုင်လောက်အောင် အထိ မတိုးတက် သေးတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အတိအကျတော့ မပြောနိုင်ပါဘူး' ဟု ပုသိမ်ကြီးမြို့နယ်   ဆေးရုံအုပ်ကြီးက   ပြောကြားခဲ့သည်။
 
မီးခိုးနံ့များကြောင့် အဆုပ်ရောင်ရောဂါ ၊ချောင်းဆိုး ပန်းနာရင်ကြပ်ရောဂါများ မီးဖွားစမိခင်များ အနေဖြင့် မူးဝေခြင်း၊ စိတ်အနှောင့် အယှက်ဖြစ်ခြင်းနှင့် ကြာရှည်စွာရှူရှိုက်မိပါက အသက်ရှုလမ်း ကြောင်းနှင့်ဆိုင်သော ရောဂါများဖြစ်ပွားနိုင်ကြောင်း ကိုလည်း   ဆေးရုံအုပ်ကြီးက ဆက်ပြောသည်။
           
စက်ရုံကထွက်တဲ့ မီးခိုးငွေ့တွေနဲ့ပတ်သက်လို့ လူတွေကိုမထိခိုက်အောင် ကျွမ်းကျင်တဲ့ပညာရှင်တွေ ဆီက အကြံဥာဏ်ယူပြီးတော့   ဖြေရှင်း သင့်ပါတယ်။ သဘာဝပတ်ဝန်းကျင်ရှု့ဒေါင့်ကနေကြည့်ရင်တော့အကုန်အန္တရယ်ရှိနိုင်ပါတယ်။ ဒီအနံ့ကဘာမှ   ကောင်းကျိုးမပေးသလို ဘယ်သစ်ပင်မှလည်း မစုပ်ယူ နိုင်ပါဘူး။ ဒီတော့ပတ်ဝန်းကျင်ကို ထိမယ်ပြီးရင် ပတ်ဝန်းကျင်က လူသားတွေကိုထိမယ် ၊ပြီးရင် အပေါ်ကိုပြန်တက်သွားတဲ့အတွက် Ozoneလွှာပျက်စီးမယ်၊ Toxicတွေဖြစ်တဲ့အတွက် ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းသင့်ပါတယ်'ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်းများ လုပ်ဆောင်နေသော စိမ်းရောင်စိုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။