Friday, June 1, 2012

မွန်အမျိုးသားကျောင်းများ ဘဏ္ဍာရေးခက်ခဲနေ

စံခလပူရီ (မဇ္ဈိမ) ။       ။ မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ (ဗဟို) သို့ လွှဲပြောင်းပေးလိုက်သည့် မွန်အမျိုးသား
ကျောင်းများအတွက် ဘဏ္ဍာရေး အခက်အခဲနှင့် ကြုံနေရကြောင်း မွန်အမျိုးသား ပညာရေး အကျိုးဆောင် အဖွဲ့က ပြောသည်။

ကျောင်းအသုံးစရိတ်နှင့် ဆရာ/ဆရာမ ထောက်ပံ့ကြေးအတွက် အချို့အဝက်ကို မွန်ပြည်သစ်ပါတီ လက်အောက်ရှိ မွန်အမျိုးသား ပညာရေးဌာနက ထောက်ပံ့ပေးသော်လည်း မလုံလောက်သဖြင့် ပြည်သူကြား စည်းရုံးရေး ဆင်းကာ ရန်ပုံငွေ ရှာဖွေရန် ကြိုးပမ်းခဲ့သော်လည်း အားရဖွယ် မရှိကြောင်း မွန်အမျိုးသား ပညာရေး အကျိုးဆောင်အဖွဲ့ ဒုခေါင်းဆောင် နိုင်ခိုစိုက် က ပြောသည်။

“ဒီလဆန်းမှာ ကျနော်တို့ မုဒုံနယ်ဘက်မှာ စည်းရုံးရေး စဆင်းတယ်။ အလှူခံတာတော့ မဟုတ်သေးဘူး။ အမျိုးသား
ကျောင်းအတွက် အခက်အခဲ အများကြီး ရှိတဲ့အကြောင်း ကျနော်တို့ ရှင်းပြတယ်။ ဒါပေမယ့် သူတို့ဘက်က အထောက်အပံ့ ပေးဖို့ အလားအလာ သိပ်မတွေ့ရဘူး” ဟု မဇ္ဈိမကို ပြောသည်။

ဧပြီလ ၁ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံး၌ မွန်အမျိုးသား ပညာရေးဌာနက မွန်ပြည်နယ် သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ် ကော့ကရိတ်၊ ဘားအံမြို့နယ်ရှိ မွန်အမျိုးသားကျောင်းများ အပြင် အစိုးရကျောင်းနှင့် တွဲဖက်သင်ကြားသည့်ကျောင်း စုစုပေါင်း ၁၄၅ ကျောင်းကို မွန်စာပေနှင့် ယဉ်ကျေးမှု
ကော်မတီ (ဗဟို) သို့ လွှဲပြောင်းပေးခဲ့သည်။ အဆိုပါကျောင်းများတွင် ဆရာ ဆရာမ သုံးရာကျော် ရှိကြောင်း သိရသည်။

ယခင်နှစ်များတွင် ဆရာ ဆရာမ တဦးလျှင် တလ နှစ်သောင်းကျပ်သာ ထောက်ပံ့ပေးနိုင်ပြီး ဆရာ ဆရာမများ တည်မြဲနိုင်ရန်အတွက် အချို့ရွာများတွင် ကျောင်းသားမိဘများနှင့် ရဟန်းသံဃာတော်များက ပံ့ပိုးပေးနေရသည်။

“ကျမတို့ ဆရာ ဆရာမတွေဟာ လခကို အားကိုးပြီး စာသင်မယ်ဆိုရင်တော့ ဘယ်လိုမှ မသင်နိုင်ဘူး၊ အမျိုးသားရေး အသိစိတ်နဲ့ အပင်ပန်းခံပြီး သင်နေတာ” ဟု သံဖြူဇရပ်မြို့နယ် ဝါရက်ရွာမှ ကျောင်းဆရာမ မိဟံသာ က ပြောသည်။

မေလ ၃ဝ ရက်နေ့က ပါတီတည်ထောင်ခွင့် ရခဲ့သည့် မွန်ဒီမိုကရေစီပါတီ တွဲဖက် အတွင်းရေးမှူးလည်း ဖြစ်၊ မွန်စာပေ
နှင့် ယဉ်ကျေးမှူ ကော်မတီ (ဗဟို) ဥက္ကဋ္ဌလည်း ဖြစ်သည့် ဒေါက်တာ မင်းကြည်ဝင်းက မွန်အမျိုးသား ပညာရေး
ရေရှည် တည်တံ့နိုင်ရန်အတွက် အစိုးရကျောင်းတွင် မွန်စာပေ သင်ကြားခွင့် ရရန် အရေးကြီးကြောင်း ပြောသည်။

“အစိုးရကျောင်းမှာ မွန်စာ သင်ခွင့်ရမယ်ဆိုရင် ကျောင်းအသုံးစရိတ်၊ ဆရာ ဆရာမ ထောက်ပံ့ကြေးတွေအတွက် အခက်အခဲ မရှိတော့ဘူးဆိုတော့ ရေရှည်သွားနိုင်မယ်” ဟု ပြောသည်။

မွန်ပြည်သစ်ပါတီက မွန်အမျိုးသား ပညာရေးဌာနကို ၁၉၇၂ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ပြီး အတန်းပညာရေးစနစ်ဖြင့် မွန်စာပေကို သင်ကြားခဲ့ကာ ၁၉၈၄-၈၅ ခုနှစ်ခန့်တွင် ဗဟိုပညာရေး အဖွဲ့ငယ်ကို ဖွဲ့စည်းခဲ့သည်။

၂၀၁၀ ခုနှစ် မွန်အမျိုးသား ပညာရေးဌာနမှ ထုတ်ပြန်သော စာရင်းအရ မွန်အမျိုးသားကျောင်း ၁၅၆ ကျောင်းနှင့် အစိုးရကျောင်းနှင့် တွဲဖက် သင်ကြားသည့် မွန်စာပေသင်ကျောင်း ၁၁၆ ကျောင်းတွင် ကျောင်းသားဦးရေ သုံးသောင်းခွဲ ခန့် ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။