Friday, August 10, 2012

မတရားမှုများကို တင်ပြရဲရမည်ဟု ဥပဒေရေးရာကော်မတီ ပြော

ရန်ကုန် (မဇ္ဈိမ) ။       ။ ဥပဒေစိုးမိုးရန်အတွက် ပြည်သူများ၏ မကျေနပ်ချက်များကို ဥပဒေကြောင်းအရ ရဲတင်းစွာ တင်ပြရန် လိုအပ်နေသည်ဟု  ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အမှုကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မတီဝင် ဦးသန်းမောင် က ပြောသည်။

သြဂုတ်လ ၄ ရက်နေ့က စက်မှုလက်မှု ကုန်သည်ကြီးများ အသင်းချုပ် ရုံးတွင်ပြုလုပ်သည့် “နိုင်ငံတော် တည်ဆောက်
ရေး အတွက် ပြုပြင်ပြောင်းလဲသင့်သည့် အချက်များ” ခေါင်းစဉ်ဖြင့် ဟောပြောမှုအတွင်း ထည့်သွင်းပြောသွားခြင်း
ဖြစ်သည်။

“ရဲတပ်ဖွဲ့၊ တရားရုံများ၊ အုပ်ချုပ်သူတို့နှင့် ဝန်ထမ်းတွေဟာ ပြည်သူရဲ့ အစေအပါး ဆိုတာကို သိလာဖို့ ပြည်သူတွေ ကလည်း လုပ်ဖို့ လိုပါသေးတယ်။ ပြည်သူတွေရဲ့ မကျေနပ်မှုများကို ဥပဒေအရ ပြောရဲဆိုရဲဖို့ဟာလည်း အင်မတန် အရေးကြီးပါတယ်။ ဒီလိုဖြစ်မှသာ ဥပဒေစိုးမိုးပြီး နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်မယ့် ဒီမိုကရေစီနိုင်ငံအဖြစ်
ရောက်ရှိနိုင်မှာ” ဟု ဦးသန်းမောင် က ပြောသွားသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်း သစ်ခုတ်ခြင်း၊ သတ္တုတူးခြင်းများ ဥပဒေမဲ့ လုပ်ဆောင်နေကြောင်းကိုလည်း “ကျနော်တို့
နိုင်ငံမှာ ဥပဒေတွေ ရှိနေပေမယ့် ထင်ရာစိုင်းပြီး သစ်ခုတ်တာ သတ္တုတူးတာတွေ ယခင်ကလည်း ရှိတယ်။ ယခုလည်း ရှိတယ်။ ဒါတွေကို ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့ လိုနေပါပြီ” ဟု ၎င်းက သတိပေး ပြောကြားသွားသည်။

“ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ” ကို ပြည်သူ့လွှတ်တော်တွင် သြဂုတ်လ ၇ ရက်နေ့က
ဒေါ်အောင်ဆန်းစုကြည် အား ဥက္ကဋ္ဌတင်၍ ဖွဲ့စည်းခဲ့သည်။ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် အဆိုပါ ကော်မတီသည် ပြည်သူများမှ တင်ပြလာသည့် တိုင်ကြားစာများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် အရာရှိများကိုလည်း ခေါ်ယူမေးမြန်းနိုင်သည့် လုပ်ပိုင်ခွင့် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။