Friday, August 10, 2012

 မူလတန်းမှ တက္ကသိုလ်အထိ ကျောင်းသားများအတွက် အထူးကျောင်းကြိုပို့ယာဉ်များကို ပြည်ပမှ တင်သွင်းပြေးဆွဲရန် GREAT FATHER LAND ဆောက်လုပ်ရေး စီစဉ်



သာကေတမြို့နယ်ရှိ အခြေခံပညာကျောင်းတစ်ခုမှ ကျောင်းသားများအား တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မူလတန်းမှစ၍ တက္ကသိုလ်အထိ ကျောင်းသားများအတွက် အထူးကျောင်းကြိုပို့ယာဉ်(Special School Bus) များကို ပြည်ပနိုင်ငံများမှ တင်သွင်းပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း GREAT FATHER LAND ဆောက်လုပ်ရေးကုမ္ပဏီမှ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းသားများ ကျောင်းတက်ရာတွင် ကျောင်းကားမလုံလောက်မှုပြဿနာအချို့ ဖြစ်ပွားနေခြင်းကြောင့် ယခုကဲ့သို့ အထူး ကျောင်းကြိုပို့ယာဉ်များ ပြေးဆွဲရန် စီစဉ်ခြင်းဖြစ်ပြီး လာမည့် ၂၀၁၃-၁၄ ပညာသင်နှစ်မှစတင် ပြေးဆွဲရန်မှန်းထားကြောင်း သိရသည်။ အာရှနိုင်ငံများဖြစ်သော စင်ကာပူ၊ ကိုရီးယား၊ ဂျပန်စသော နိုင်ငံများမှ ကားများအား တင်သွင်းသွားမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် ဂျပန်နိုင်ငံမှ ကျောင်းကြိုပို့ယာဉ် အစီး ၃၀ မှ ၅၀ အထိ တင်သွင်းကာ လှော်ကား ကွန်ပျူတာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)၊ အရှေ့ပိုင်းတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်( သန်လျင်)စသည်တို့ကို စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ပြေးဆွဲခွင့်ရရှိရေးအတွက်ကိုလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ စီးပွားရေးဈေးကွက်ကိုချဲ့တာ မဟုတ်ပါဘူး။ ကျောင်းသားတွေ ကျောင်းတက်တာ အဆင်ပြေအောင်လို့ စမ်းသပ်ပြေးဆွဲဖို့ စီစဉ်တာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပြင်မှာကျောင်းသား တွေ ကျောင်းတက်တဲ့အခါမှာ  ကျောင်းကား မလုံလောက်မှုပြဿနာတွေ ရှိနေတယ်လို့ ကြားတယ်။  ပြီးတော့ အဆင့်မမီတဲ့ ယာဉ်လိုင်းတွေကို သုံးနေရတော့ ကျောင်းချိန်မမီတာမျိုးတွေ ရှိနေတယ် လို့လည်း ကြားသိ ရတယ်။ အခုကားသွင်းနေတဲ့သူတွေ မှာလည်း ဇိမ်ခံကားတွေပဲ အသွင်းများတယ်။ ကျောင်းကား မသွင်းကြဘူး။ ဒါကြောင့် အခုလို တင်သွင်းပြေးဆွဲဖို့ စီစဉ်တာပါ။  ဒါပေမဲ့လည်း ကျွန်တော်တို့ပြေးဆွဲတာ ကလည်း လုံလောက်ချင်မှ လုံလောက်မှာပါ။ ဒီလို ပြေးဆွဲဖို့အတွက်ကိုလည်း ကုမ္ပဏီပိုင်းအနေနဲ့ ကျောင်းသားတွေစာရင်းကို ကောက်သွားဖို့ ရှိပါတယ်''ဟု GREAT FATHER LAND ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ကျောင်းကြိုပို့ယာဉ်များသည် တစ်စီးလျှင် အယောက် ၃၀ ခန့် ဆံ့မည်ဟုသိရပြီး ယာဉ်များပေါ်တွင် စာရေး၍ရနိုင်ခြင်း၊ ကျောင်းသားများအား ကူညီနိုင်သော ယာဉ်မောင်းများ၊ ကျန်းမာရေးအတွက်ဆေးဝါး BOX များပါ ပါဝင်မည်ဖြစ်ကြောင်း သိရ သည်။ 
ယခုကဲ့သို့ ပြေးဆွဲပေးမှုမှာ အစိုးရကျောင်းများအတွက်သာ ရည်ရွယ်ခြင်းဖြစ်ပြီး ပုဂ္ဂလိကကျောင်းများအတွက် မပါဝင်ကြောင်း၊ ကားစီးခနှုန်းထားများကိုလည်း လပေးနှုန်းဖြင့် သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မူကြိုတက်ရောက်သည့် ကလေးများအတွက်ကိုလည်း စက်မှုဇုန်ထုတ် စူပါကာစတန်ကားများဖြင့် ပြေးဆွဲရန် စီစဉ်လျက်ရှိသည်ဟု သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။