Friday, August 10, 2012

 သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် ပုဒ်မ ၅၀၀ ဖြင့် စွဲဆိုထားသည့်အမှုအား သြဂုတ်လ ၂၃ ရက်နေ့တွင် စွဲချက် တင်သင့် မတင်သင့် နှစ်ဖက်လျှောက်လဲချက်ပေးမည်


သြဂုတ်လ ၉ ရက်နေ့ ရုံးချိန်းလာရောက်သူများကို တွေ့ရစဉ်
သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် ပုဒ်မ ၅၀၀ ဖြင့် စွဲဆိုထားသည့်အမှုအား သြဂုတ်လ ၂၃ ရက်နေ့တွင် စွဲချက်တင်သင့်  မတင်သင့် နှစ်ဖက်လျှောက်လဲချက်ပေးရမည်ဖြစ်ကြောင်း ဒဂုံမြို့နယ် တရားရုံး၌ သြဂုတ်လ ၉ ရက် နေ့တွင်ပြုလုပ်သည့် ရုံးချိန်းမှ သိရသည်။ 

သြဂုတ်လ ၉ ရက်နေ့တွင် ကြားနာစစ်ဆေးသည့် ရုံးချိန်း၌ တရားလိုပြသက်သေ မြန်မာ့စီးပွားရေးဘဏ်ခွဲ-၃ မှမန်နေဂျာ ဦးကိုကိုအောင်ကို စစ်ဆေးခဲ့သည်။ တရားလိုပြသက်သေ ဦးကိုကိုအောင်က သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ် ၁ သတ္တုတွင်းလုပ်ငန်းနှင့် ပတ်သက်သည့် ငွေကြေးဆိုင်ရာ လွှဲပြောင်းထုတ်သွင်းမှုများ၊ ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စများကို ထွက်ဆိုချက်ပေးခဲ့ပြီး The Voice ဂျာနယ်ဘက်မှ အမှုလိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေက ပြန်လှန်မေးခွန်း များ မေးမြန်းခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၂၃ ရက်နေ့တွင် အဆိုပါအမှုအတွက် ရုံးချိန်းထပ်မံခေါ်ယူထားပြီး အဆိုပါရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများက စွဲချက်တင်သင့် မတင်သင့် အပြီးသတ်လျှောက်လဲချက် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

''အခုတရားလိုပြသက်သေတွေ စစ်ပြီးပြီ။ နောက်တစ်ချိန်းမှာ စွဲချက်တင် သင့် မသင့် လျှောက်လဲချက် ပေးရမယ်။ စွပ်စွဲထားတဲ့ ပုဒ်မနဲ့ စွပ်စွဲခံရသူတို့ဟာ ငြိစွန်းမှုရှိမရှိဆိုတာကို နှစ်ဖက်လျှောက်လဲချက်ပေးရမှာပါ။ ဒီဖက်ကတော့ မငြိစွန်းဘူးပေါ့ လွှတ် သင့်တယ်လို့ လျှောက်မှာပေါ့။ ဟိုဖက်ကတော့ စွဲချက်တင်သင့်တယ်ဆိုတာ လျှောက်မှာပေါ့။ နှစ်ဖက်လျှောက်လဲချက်ကို ၂၃ ရက်မှာ ကြားနာမယ်။ နောက်တစ်ချိန်းမှာ စွဲချက်တင် သင့် မသင့်ရုံးတော်က ဆုံးဖြတ်မှာပေါ့'' ဟု The Voice  ဂျာနယ်ဘက်မှ အမှုလိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးဝင်းရွှေက ပြောကြားခဲ့ပါသည်။

သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် တရားစွဲထားသည့်အမှုတွင် သတင်းရေးသားသူအမည်ကို အယ်ဒီတာချုပ်က ဖော်ထုတ်ပေးရန် တောင်းဆိုထားမှုကို ဒဂုံမြို့နယ်တရားရုံးမှ ပလပ်ခဲ့ကြောင်း မေလ ၂၃ ရက်နေ့က ကြား နာစစ်ဆေးခဲ့သည့် ရုံးချိန်းမှ သိရှိရသည်။

သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် ပုဒ်မ ၅၀၀  ဖြင့်စွဲဆိုထားသည့်အမှုအား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီ မညီ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်ပြနိုင်ရန် လက်ရှိစစ်ဆေးနေမှုကို ဆိုင်းငံ့ပေးရန် The Voice ဂျာနယ်ဘက်မှ လျှောက်ထားမှုကို ဒဂုံမြို့နယ်တရားရုံးက ဇွန်လ ၂၀ ရက်ရုံးချိန်းတွင် ပယ်ချသည့်အမိန့် ချမှတ်ခဲ့ကြောင်းလည်း သိရှိရသည်။

သတ္တုတွင်းဝန်ကြီးဌာနက The Voice ဂျာနယ်အပေါ် တရားစွဲဆိုထားခြင်းကို ဒဂုံမြို့နယ်တရားရုံးက ပြစ်မှုအမှတ် ၅၁/၂၀၁၂၊ ပုဒ်မ ၅၀၀ ဖြင့် လက်ခံစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။