Friday, June 1, 2012

မြို့နယ်တစ်ခုတည်းတွင် ဒီချုပ်ပါတီဆိုင်းဘုတ်(၂)ခု မရှိစေလို

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် မြို့နယ်တစ်ခုတည်း၌ အောင်နိုင်ရေးအဖွဲ့မှ ထောင်သော ဆိုင်းဘုတ်နှင့် မြို့နယ်ဆိုင်းဘုတ်တို့ကိုလည်း တစ်ခုတည်းသာ ဖြစ်စေလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဒိချုပ်)မှ တာဝန်ရှိသူများက  တိုက်တွန်းပြောကြားခဲ့သည်။ 
 

လက်ရှိအချိန်တွင် အလုံမြို့နယ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒလမြို့နယ်၊ တွံတေးမြို့နယ်တို့တွင် ဒီချုပ်ပါတီ ဆိုင်းဘုတ် (၂)ခုဖြစ်နေခြင်း၊ ရုံးခန်း (၂)ခုဖွင့်လှစ်ထားခြင်းတို့ ဖြစ်ပေါ်လျက်ရှိကြောင်းကိုလည်း သိရသည်။ 
 
တစ်မြို့ထဲမှာ ဆိုင်းဘုတ် (၂)ခုတင်တာဟာ မညီညွတ်တဲ့သဘောဖြစ်နေတာပေါ့။ မြို့နယ်တစ်ခုထဲမှာ မြို့နယ် ဆိုင်းဘုတ်ဆိုပြီး နောက်တစ်ခုထပ်ပြီး ထောင်နေတာဟာ မဖြစ်သင့်တဲ့ကိစ္စပါ ဒါ့ကြောင့် ဆိုင်းဘုတ်နှစ်ခု ဖြစ်နေတဲ့ မြို့နယ်တွေကို တစ်ခုထဲပြန်ပေါင်းကြဖို့ ပြောထားပါတယ်ဟု NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဟံသာမြင့်က ပြောသည်။
 
ပါတီဝင်အချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရန်အတွက် မြို့နယ်တစ်ခုတွင် ပါတီဆိုင်းဘုတ်၊ ရုံးခန်းတစ်ခုစီသာ ထားရှိရန်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဒီချုပ်)က ကြေညာချက်ထုတ်ပြန်ုခြင်းဖြစ်သည်။     
 
ညီလာခံအတွက် ပြင်ဆင်နေတဲ့အချိန်မှာ အချင်းချင်းစိတ်သဘောချင်းမတိုက်ဆိုင်တော့ရင် ရေရှည်မှာ စိတ်ဝမ်းကွဲတာတွေ   ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့်မို့ ကြေညာချက်ထုတ်ရခြင်း ဖြစ်ပါတယ်။ အခုဆို ပါတီဝင် အသစ်တွေရော၊ အဟောင်းတွေရော တက်တက်ကြွကြွ ဖြစ်ချင်ဇောနဲ့ လုပ်ကြပေမယ့် ကျွန်တော်တို့က တစ်မြို့နယ်ထဲမှာ ဆိုင်းဘုတ်(၂)ခုကို လက်ခံလို့မရပါဘူးဟု NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြောသည်။ 
 
 
 အဆိုပါကြေညာချက်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုညီလာခံကျင်းပရေးကော်မရှင်မှ   မေလ(၃၀)ရက် နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထိုကြေညာချက်တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ မြို့နယ်၊ ရပ်ကွက်၊ကျေးရွာ အသီးသီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုင်းဘုတ် တစ်ခုထက်ပို၍ ထောင်ခြင်း၊ ရုံးခန်းတစ်ခန်းထက်ပို၍ ဖွင့်လှစ်ခြင်းကိစ္စများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဆိုပါဆိုင်းဘုတ်နှင့် ရုံးခန်းများကို အသိအမှတ် မပြုပါဟု ပါရှိသည်။ 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။