Friday, June 1, 2012

LNGO များက မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ အချက်(၃)ချက် ပြင်ဆင်ပေးစေလို

မြန်မာနိုင်ငံအတွင်း လုပ်ကိုင်ဆောင်ရွက်နေကြသော ပြည်တွင်းလူမှုရေးလုပ်ငန်းအသင်း(LNGO)များအနေဖြင့် တရားဝင်မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍အချက်(၃)ချက် အား  ပြုပြင်ပြောင်းလဲပြင်ဆင်ပေးလိုကြောင်း LNGO (Local Non Goverment Organization)အဖွဲ့အစည်းများက ဆိုသည်






လူမှုအသင်းအဖွဲ့(NGO)များအား တရားဝင်မှတ်ပုံတင်ရာတွင် လိုအပ်သောလမ်းညွှန်ချက်များပေးခြင်း ၊ မှတ်ပုံတင်လျှောက်ထားရာ တိုင်းနှင့်ပြည်နယ် ၊  ခရိုင် ၊ မြို့နယ်များသို့ အဆင့်ဆင့်သွားရခြင်းကို လျော့ချ ပေးခြင်းနှင့် မှတ်ပုံတင်ကြေး (၅)သိန်းအပေါ်တွင် လျော့ချပေးစေလိုခြင်းဖြစ်သည်။

“ကျွန်မတို့နိုင်ငံမှာ ကိုယ့်ပိုက်ဆံကိုယ်စိုက်ပြီး လုပ်နေကြတဲ့ လုပ်ငန်းတွေအများကြီးပါ။ အဲ့တော့ အဖွဲ့အနေနဲ့ သုတေသန လုပ်ပြီးရှာတဲ့အခါမှာ အခုလို အခက်အခဲတွေ တွေ့ရပါတယ်။ဘာလဲဆိုတော့မှတ်ပုံတင်လျှောက်တဲ့ အချိန်မှာ တိကျမှန်ကန်တဲ့ လမ်းညွှန်မှုမပေးတာတွေ နောက်တစ်ခုက တိုင်းတွေပြည်နယ်တွေ ခရိုင်တွေ အဆင့်ဆင့် လုပ်ရတာ အဆင့်များတယ် အဲ့လိုတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ လျော့ချ ပေးလိုတာကို အသိပေးတာပါ” ဟု LRC (Local Resource Center) ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ ဒါရိုက်တာ မနီလာက ပြောသည်။
 

ပြောင်းလဲပြင်ဆင်ပေးစေလိုသော အသင်းအဖွဲ့(၄၀)၀န်းကျင်တွင် ရန်ကုန်တိုင်းဒေသကြီးမှ လူမှုအရေးအသင်း အဖွဲ့များ ပါဝင်သော်လည်း မန္တလေးတိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ်မှ လူမှုရေးအသင်းအဖွဲ့များ အများဆုံး ပါဝင်သည်။

အသင်းအဖွဲ့များအနေဖြင့် မှတ်ပုံတင်ရာတွင် တိုင်းနှင့်ပြည်နယ်၊ခရိုင်၊မြို့နယ်များ အဆင့်ဆင့် လုပ်ဆောင်ရခြင်း သည် လူမှုရေးအသင်းအဖွဲ့များအား လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုခြင်း မဟုတ်ကြောင်း စိမ်းရောင်စို သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းအသင်းအဖွဲ့ဥက္ကဋ္ဌမှ ပြောကြားခဲ့သည်။



“အခုလို မှတ်ပုံတင်လျှောက်ထားတာကိုအဆင့်ဆင့် လုပ်ဆောင်ရတာဟာ လူမှုရေးလုပ်ငန်းအသင်းအဖွဲ့တွေကို လွတ်လွတ်  လပ်လပ် လွယ်လွယ်ကူကူ ဖွဲ့စည်းခွင့်ရနိုင်တဲ့ လုပ်ထုံးလုပ်နည်းမျိုးမဟုတ်ဘူး” ဟု မန္တလေးတိုင်းဒေသကြီး “စိမ်းရောင်စို” သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥက္ကဋ္ဌ မောင်တင်သစ်က ပြောသည်။
 
လူမှုရေးလုပ်ငန်းအသင်းအဖွဲ့များအနေဖြင့် မှတ်ပုံတင်ကြေး (၅)သိန်းပေးဆောင်ရခြင်းသည် NGO အသင်းတစ်ခုအနေဖြင့် များပြားလှသော ပမာဏဖြစ်သောကြောင့် လျော့ချပေးလိုကြောင်း ဗြဟ္မစိုရ် လူမှုကူညီမှုအသင်းထံမှ သိရှိရသည်။

“ကျွန်တော်တို့သိတာက တစ်နှစ်မှာ တစ်ရာကျပ်ပဲ၊ အခုချိန်မှာ တစ်နှစ်ကို တစ်သိန်းနဲ့ ငါးနှစ်စာ ပေးသွင်းရမယ်ဆိုပြီး ပြောဆိုနေတာတွေကလည်း ကိုယ့်အိတ်ထဲက ကိုယ်စိုက်ထုတ်နေရတာဆိုတော့ ၀န်ထုပ်ဝန်ပိုးကြီး ဖြစ်နေတယ်ဆိုတဲ့ အကြောင်း ပြောချင်ပါတယ်။” ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာဝင်းမြင့်က ပြောသည်။
 
နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အစိုးရနှင့် လူမှုကူညီရေးအဖွဲ့များ ပူးပေါင်းလုပ်ဆောင်သင့်သောကြောင့် ပြည်တွင်း လူမှုရေး အသင်းများအား တတ်နိုင်သော ငွေပမာဏဖြင့်သာ မှတ်ပုံတင်ကြေးသတ်မှတ်သင့်ကြောင်း ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းမှ ဆက်လက်ပြောသည်။

“ကျွန်တော်တို့ လူမှုကူညီရေးအသင်းတွေ တက်နိုင်တဲ့ပမာဏပေါ့၊ တစ်နှစ်ကို တစ်သောင်းနှုန်းဖြစ်ဖြစ်ပေါ့ ၊ ဘာလို့လဲဆိုတော့ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ လူမှုရေးလုပ်ငန်းတွေ လုပ်ဖို့ အစိုးရနဲ့ ကျွန်တော်တို့ လူမှုကူညီရေးအဖွဲ့တွေ NGO တွေ လက်တွဲလုပ်ဆောင်ရမယ်ဆိုတာ ကျွန်တော်ခံယူပါတယ်။”ဟု ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌဒေါက်တာဝင်းမြင့်က ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းလူမှုရေးလုပ်ငန်း (LNGO) လုပ်ကိုင်နေကြသူ အဖွဲ့အစည်း (၁၀၀၀) ကျော် ရှိသည့်အနက်မှ တရားဝင်မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ ပြောင်းလဲပြင်ဆင်ပေးလိုသောလူမှုရေးအသင်း အဖွဲ့(၄၀)၀န်းကျင်ခန့် ရှိကြောင်း သိရှိရပြီး၊  မေလ(၃၀)ရက်နေ့နေလည်ပိုင်းက Central Hotel တွင် LRCအဖွဲ့မှပြုလုပ်ကျင်းပသည့် ပြည်တွင်းလူမှုရေးအသင်းအဖွဲ့နှင့် မီဒီယာများတွေ့ဆုံပွဲတွင် LNGOများက ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။