Friday, June 1, 2012

၂၀၁၀ နောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ အစီရင်ခံစာ ထုတ်ပြန်

ဘန်ကောက် (မဇ္ဈိမ) ။       ။ ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်း မြန်မာနိုင်ငံအတွင်း လက်ရှိအစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအား စုစည်းတင်ပြထားသည့် အစီရင်ခံစာတစောင်ကို လူ့အခွင့်အရေး မှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ) ND-Burma မှ ကြာသပတေးနေ့က ထုတ်ပြန်လိုက်သည်။

ဘန်ကောက်မြို့ နိုင်ငံခြားသား သတင်းထောက်ကလပ်တွင် နံနက် ၁ဝ နာရီက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး မြန်မာအစိုးရက အခြေခံ လူ့အခွင့်အရေးများကို ဆက်လက်ချိုးဖောက်နေဆဲ ဖြစ်ကြောင်း ND-Burma မှ တာဝန်ရှိသူတဦးဖြစ်သည့် ကိုထွန်းဇော်က ထောက်ပြသည်။

“နိုင်ငံတကာ မိသားစုများက အစိုးရရဲ့ လတ်တလော အပြောင်းအလဲတွေအပေါ် ချီးမွှမ်းခန်း ထုတ်နေကြစဉ်မှာ အခြားတဘက်မှာ အခြေခံ လူ့အခွင့်အရေးတွေကို ဖောက်ဖျက်ကျူးလွန်နေကြတယ်။ ဒါကြောင့် ဦးသိန်းစိန် အစိုးရကို ချီးမွှမ်းခြင်းတွေဟာ မြန်မာပြည်သူ ပြည်သားတွေရဲ့ အခြေခံ ရပိုင်ခွင့်တွေကို အစိုးရက ဆက်ချိုးဖောက်နေတာကို ဝိုင်းပြီးဂုဏ်ပြုတဲ့ပုံစံမျိုး ဖြစ်နေပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

“တရားလွန် ပြုကျင့်မှုများ။ ၂ဝ၁ဝ ရွေးကောက်ပွဲလွန်ကာလမှ စ၍ ညှဉ်းပမ်း နှိပ်စက်မှုများနှင့် အနိုင်အထက်
ပြုကျင့်မှုများ” အမည်ရ အစီရင်ခံစာတွင် ၂ဝ၁၁ ခုနှစ်အတွင်းက မြန်မာနိုင်ငံအတွင်း၌ ဖြစ်ပေါ်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၃၇၁ ခုကို လေ့လာကာ မှတ်တမ်းပြုစုပြီး ယင်းတို့အထဲမှ ၈၃ ခုကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ထက်တိုင် နိုင်ငံရေးအကျဉ်းသား ၄၇၁ ဦး အကျဉ်းထောင်များထဲတွင် ရှိနေသေးသည်ကို အခိုင်အမာ သိရှိထား ရပြီး နောက်ထပ် ၄၆၅ ဦး ရှိကိုလည်း သေချာရန် စီစစ်နေကြောင်း ND-Burma အဖွဲ့ဝင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ ကိုမင်းမင်းက ပြောဆိုသွားသည်။

“နိုင်ငံရေးအကျဉ်းသား တဦး ရှိနေသေးရင်တောင် ဒါက အများကြီးပါ။ နိုင်ငံရေး ယုံကြည်ချက်ကြောင့် လူတွေကို ဆက်လက် ထိန်းသိမ်းနေမယ်ဆိုရင် ညှဉ်းပန်းနှိပ်စက် နေမယ်ဆိုရင် ကျနော်တို့တိုင်းပြည်မှာ ဒီမိုကရေစီဆိုတာ ရှိလာဦးမှာ မဟုတ်ပါဘူး” ဟု ပြောသည်။

ထို့အပြင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် ချိုးဖောက်မှုတွေကို အရေးယူခြင်းမရှိဘဲ ဗြောင်ကျကျ ကျူးလွန်နေကြကြောင်း အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ဘက်တွင် ဖြစ်ကြောင်း ကချင်အမျိုးသမီး အစည်းအရုံး (ထိုင်းနိုင်ငံ)မှ ခွမ်းဆန်ပန်က ဆိုသည်။

“လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် ညှဉ်းပန်းနှိပ်စက်ခံရတဲ့ အမျိုးသမီးတဦးအတွက် အဲဒီအိပ်မက်ဆိုးကနေ လွတ်မြောက်ဖို့ သူတို့အတွက် အရမ်းခက်ခဲပါတယ်။ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုဝေဒနာ ခံစားရပြီးတဲ့နောက် အလွန်ဆိုးဝါးတဲ့ စိတ်ပိုင်း ဆိုင်ရာ ဝေဒနာကိုပါ အမျိုးသမီးတွေ ခံစားရပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာအစိုးရ စစ်သားတွေက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ချိုးဖောက်မှုတွေကို ဥပဒေအရ အရေးယူခြင်းမခံရဘဲ ဗြောင်ကျကျ ကျူးလွန်နေတာကို အဲဒီအမျိုးသမီးတွေ ဆက်မြင်နေရလို့ ဖြစ်ပါတယ်” ဟု ခွန်းဆန်ပန်းက ပြောသည်။

ယင်းအစီရင်ခံစာတွင် မြန်မာအစိုးရနှင့် မြန်မာပြည်နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများသို့ အကြံပြုချက်များကို ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။ ထို့ပြင် ယင်းမှတ်တမ်းများနှင့် သက်ဆိုင်သော ဗွီဒီယိုကို အင်္ဂလိပ် မြန်မာ
နှစ်ဘာသာဖြင့်လည်း ထုတ်ဝေထားကြောင်း သိရသည်။

ND-Burma တွင် အဖွဲ့ဝင် အဖွဲ့အစည်း ၁၃ ခု ပါဝင်ပြီး အဆိုပါ အဖွဲ့အစည်းများကိုယ်စား ကိုထွန်းဇော်၊ ကိုမင်းမင်းနှင့် ခွမ်းဆန်ပန်တို့က ဤအစီရင်ခံစာ ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။