Friday, June 1, 2012

ဒီပဲရင်း(၉)နှစ်ပြည့် ဆုတောင်းပွဲအား မဟာမြတ်မုနိရုပ်ရှင်တော်မြတ်တွင် သမိုင်းမမေ့သူများပြုလုပ်

ဒီပဲရင်းတွင်ကျဆုံးခဲ့သော ဒီမိုကရေစီဘက်တော်သားများအတွက် အောက်မေ့ဘွယ်ဆုတောင်းခြင်း အစီအစဉ်အား မေ(၃၀)ရက်နေ့ ညနေ(၆း၃၀)အချိန်က မန္တလေးမဟာမြတ်မုနိရုပ်ရှင်တော်မြတ်တွင် ကျင်းပခဲ့သည်။
 
အဆိုပါ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လူငယ်များ၊ ရဟန်းသံဃာများနှင့် ပြည်သူ (၁၀၀)ကျော် ပါဝင်ခဲ့သည်။

 

‘’ ဒီနေ့ဒီချိန် ကြည်ရွာလမ်းမကြီးပေါ်မှာ ရိုက်သံတွေ အော်သံဟစ်သံတွေ ညည်းညူသံတွေကြား နေရ တဲ့ ဒီအချိန်မှာ ကျွန်တော်တို့က (၉)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ပြုလုပ်တာဖြစ်တယ်၊ ရည်ရွယ်ချက် ကတော့ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီခရီးလမ်းနဲ့ ဒီပဲရင်းလက်သည် တရားခံပေါ်ထွက်အောင် လုပ်တာပါ” ဟု အဆိုပါ ဆုတောင်းပွဲကို   တက်ရောက်လာသော မဟာအောင်မြေမြို့နယ်မှ ကိုရဲမျိုးဇော်က ပြောသည်။


အဆိုပါဆုတောင်းပွဲသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အစီအစဉ်မဟုတ်ပဲ ထိုခရီးစဉ်တွင် ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့သူများ၊ စိတ်ဝင်စားသူများ၊ သမိုင်းသိသူများက ပူးပေါင်းဆောင်ရွက်မှုတစ်ခု ဖြစ်သည်။


‘’အဖွဲ့ချုပ်ကလူကြီးတွေရဲ့ ညွှန်ကြားမှု လမ်းညွှန်မှုတွေကို လက်ခံဖို့ ကျွန်တော်တို့ လူငယ်တွေက အဆင်သင့်ရှိပါတယ်။ ဒါပေမဲ့ လုပ်သင့်လုပ်ထိုက်တာကိုတော့ ကျွန်တော်တို့လူငယ်တွေက လုပ်သွားမှာပါ’’ ဟု ကိုရဲမျိုးဇော်က ဆက်လက်ပြောဆိုသည်။


မဟာမြတ်မုနိဘုရား အင်္ဂါထောင့်တွင် ကျင်းပခဲ့သောအဆိုပါဆုတောင်းပွဲတွင် (၉)မိနစ် ငြိမ်သက်စွာ ဆုတောင်းခဲ့ပြီး ဘုရားအား လက်ယာရစ်သုံးပတ်ပတ်ကာ တက်ရောက်လာသူများ ပြန်လည် ထွက်ခွာ ခဲ့ခြင်းဖြစ်သည်။


‘’ကိုးမိနစ်ထိုင်ပြီး ဆုတောင်းတယ် ၊ ဘုရားကိုသုံးပတ် ပတ်တယ် ၊ ပြီးတော့ ရှစ်စက္ကန့်လောက် ငြိမ်ပြီး ထပ်ဆုတောင်းတယ်၊ ဘုရားကိုရေသပ္ပာယ်ပြီး မေတ္တာပို့တယ် ဒီလောက်ပါပဲ’’ဟုအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အမျိုးသမီးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။