Friday, June 1, 2012

မေ(၂၈)မှစ၍ မန္တလေး-နေပြည်တော်-အထူးအမြန်ရထားလမ်းပိုင်း ယာယီရပ်ဆိုင်း

၂၀၁၂ခုနှစ် မေလ(၂၈)ရက်နေ့မှစတင်ကာ မြန်မာ့မီးရထားမှပြေးဆွဲနေသော မန္တလေး-နေပြည်တော် ၊ နေပြည်တော်-မန္တလေး အထူးအမြန်ရထား လမ်းပိုင်းအား ယာယီရပ်ဆိုင်းလိုက်ကြောင်းသိရသည်။



အဆိုပါသတင်းအား မန္တလေးဘူတာကြီးမှ ဒုရုံပိုင်ချုပ်ဖြစ်သူက အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။‘’ (၂၈)ရက်နေ့ကစပြီး   ရပ်လိုက်တာပါ ၊ အမှတ် (၂၅) အဆန်နဲ့ (၂၆)အစုန် မန္တလေးက ထွက်တဲ့ ရထားရော နေပြည်တော်က ထွက်တဲ့ ရထားပါ ယာယီရပ်ဆိုင်းထားလိုက်ဖို့ ရုံးချုပ်က ကြေးနန်းပို့လို့ ရပ်ထားလိုက်ပါတယ်”ဟု မန္တလေးဘူတာကြီးမှ ဒု-ရုံပိုင်ချုပ်ဖြစ်သူက ဆိုသည်။


ထိုကဲ့သို့ ရပ်ဆိုင်းလိုက်ခြင်းအကြောင်းအရင်းကို ၎င်းတို့အတိအကျမသိသော်လည်း မန္တလေးမှ နေပြည်တော်သို့ သွားရောက်သူ နည်းပါးခြင်း ၊ နေပြည်တော်သို့ သွားရောက်လိုသူများမှာလည်း  ရန်ကုန်သို့ထွက်သည့် ရထားများဖြင့်သာ လိုက်ပါခြင်း များကြောင့်   ဖြစ်နိုင်ကြောင်းကိုလည်း ၎င်းက သုံးသပ်ခဲ့သည်။


အဆိုပါရထားလမ်းပိုင်း ရပ်ဆိုင်းလိုက်မှုအတွက် နေပြည်တော်သို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ တိကျရေရာသည့် အဖြေပေးမည့်သူကို ဆက်သွယ်၍ မရရှိခဲ့ပေ။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။