Friday, June 1, 2012

အိမ်တွင်းစက်မှုလုပ်ငန်းများ အလှည့်ကျမီးပေးစနစ်ကြောင့် လုံးဝရပ်ဆိုင်းထားရ

ရန်ကုန်မြို့တွင် အလှည့်ကျမီးပေးစနစ်များစတင်ခဲ့ပြီးနောက် လျှပ်စစ်မီးကိုသာ အားကိုးလုပ်ကိုင်နေရသော အိမ်တွင်းအသေးစား စက်မှုလုပ်ငန်းအချို့ လုံးဝရပ်ဆိုင်းထားရကြောင်း သိရှိရသည်။

 
“စက်တွေက မီးလာတဲ့အချိန်မှာပဲ လည်ရသလိုဖြစ်နေတယ်။ မီးမလာတဲ့အချိန်ကျတော့ မီးစက်မောင်းရင် လုပ်ငန်းက ဘယ်လိုမှ မကိုက်တော့ဘူး ။ အဲဒါနဲ့ လုံးဝရပ်ထားလိုက်တယ်” ဟု မြောက်ဥက္ကလာပမြို့နယ်မှ အိမ်တွင်း ပလက်စတစ်ကော်စေ့လုပ်ငန်း လုပ်ကိုင်သူ ကိုကျော်လွင်ကပြောသည်။
 
အလုပ်သမားကိုနေ့စားခ ပေးရခြင်း၊ မီးစက်မောင်းရန်ဆီဖိုး ကုန်ကျခြင်းများနှင့် မကာမိသည့်အတွက် လုပ်ငန်း ရပ်ဆိုင်းထားရခြင်းဖြစ်ကြောင်း လက်ရှိတွင် ဆိုင်ကယ်ကယ်ရီမောင်းနှင်နေသော ကိုကျော်လွင် က ဆက်ပြောသည်။
 
ရန်ကုန်မြို့တွင် အလှည့်ကျမီးပေးစနစ်အား မေလ ၁၉ ရက်နေ့တွင် စက်မှုဇုန်များကို ၂၄ နာရီ မီးဖျက်တောက် ခဲ့ပြီး မေလ ၂၁ ရက်နေ့မှစ၍ လူနေရပ်ကွက်များတွင်အလှည့်ကျစနစ်ဖြင့် အုပ်စုသုံးစုခွဲကာ ဓာတ်အားဖြန့်ဖြူး ပေးခဲ့ခြင်းဖြစ်သည်။
 
“မီးပုံမှန်ပြန်လာမယ့် အချိန်ကျမှပဲ အလုပ်ဖြစ်မှာ။ ဒီတိုင်းကတော့ အော်ဒါရှိပေမယ့် မလုပ်နိုင်ပါဘူး ” ဟု တောင်ဥက္ကလာပမြို့နယ်မှ အိမ်တွင်းအသေးစားစက်မှုလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။
 
မေလ(၁၉) ရက်နေ့ နံနက် ၂ နာရီ ၄၇ မိနစ်တွင် ရွှေလီ-မန်စံ ဓာတ်အားလိုင်းတာဝါတိုင်များ ဖောက်ခွဲဖျက်ဆီး ခံခဲ့ရသောကြောင့် အင်ဂျင်နီယာအဖွဲမှ သွားရောက်ပြုပြင်လျက်ရှိကြောင်း သိရသည်။  မီးပုံမှန်မရရှိ သောကြောင့်     တပြည်လုံးအနှံ့ရှိ  မြို့နယ်အများစုတွင် မီးရရှိရေး ဖယောင်းတိုင်ထွန်း ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက်ဖြစ်ပေါ် လျက်ရှိသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။