Tuesday, August 21, 2012

 သတင်းဂျာနယ်နှင့် ဘာသာရေး စာစောင်များအပါအ၀င် တင်/ထုတ် စနစ်ဖြင့် ကျန်ရှိနေသော ဘာသာရပ်အားလုံးကို ထုတ်/တင် စနစ်သို့ ပြောင်းလဲ

လက်ရှိထုတ်ဝေနေသော ဂျာနယ်၊ မဂ္ဂဇင်း စာစောင်များအနက် ထုတ်/တင် စနစ်သို့ြေ ပာင်းလဲရန် ကျန်ရှိနေသော သတင်းဂျာနယ်နှင့် ဘာသာရေး စာစောင်များ အပါအ၀င် တင်/ထုတ် စနစ်ဖြင့် ကျန်ရှိနေသော ဘာသာရပ် အားလုံးကို သြဂုတ်လ ၂၀ ရက်နေ့မှ စတင်ပြီး ထုတ်/တင် စနစ်သို့ ပြောင်းလဲလိုက်ကြောင်း သိရှိရပါသည်။

ထိုသို့ပြောင်းလဲလိုက်သည့် အကြောင်းကို သြဂုတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန၌ ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ပြန်ကြားရေး ၀န်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

ထုတ်/တင် စနစ်ဖြင့် ပြောင်းလဲလိုက်ခြင်းအရ သတင်းဂျာနယ်၊ ဘာသာရေး ဂျာနယ် (ဂမ္ဘီရ အပါအ၀င်)၊ နိုင်ငံရေးနှင့် သမိုင်းဆိုင်ရာ မဂ္ဂဇင်းများ၊ ဘာသာရေး မဂ္ဂဇင်းများ (ဂမ္ဘီရ အပါအ၀င်)၊ နိုင်ငံရေးဆိုင်ရာ စာမူများ၊ ဘာသာရေးဆိုင်ရာ စာမူများ (ဂမ္ဘီရ အပါအ၀င်)၊ သမိုင်းအထ္ထုပ္ပတ္တိဆိုင်ရာ စာမူများ၊ ပြက္ခဒိန် ပိုစတာ၊ သ၀ဏ်လွှာ၊ ကဗျာ(လုံးချင်း) တေးသီချင်း၊ သံရုံစာပေအားလုံးသည် သြဂုတ်လ ၂၀ ရက်နေ့မှ စတင်ပြီး ထုတ်ဝေပြီးမှသာ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ တင်ပြရမည် ဖြစ်ကြောင်း သိရပါသည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် လက်ရှိကျင့်သုံးနေသော စာပေစိစစ်ရေး မူဝါဒများကို အဆင့်ဆင့် ပြောင်းလဲ ဆောင်ရွက်ခြင်းကို ၂၀၁၁ ခုနှစ် ဇွန်လအတွင်းက စတင်ဆောင်ရွက်ခဲ့ပါသည်။ ပထမအဆင့် ဆောင်ရွက်မှုတွင် အနုပညာ သုတရသ၊ ကျန်းမာရေး၊ ကလေး၊ နည်းပညာနှင့် အားကစားစသည့် ဘာသာရပ်များအား ထုတ်/တင် စနစ်သို့ စတင်ပြောင်းလဲခဲ့ပါသည်။ ထို့နောက် ဒုတိယအဆင့် အနေဖြင့် ၂၀၁၁ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီး စီးပွားရေး၊ မှုခင်းနှင့် ဥပဒေဆိုင်ရာ ဂျာနယ်၊ မဂ္ဂဇင်းနှင့် အထွေထွေစာမူများကို ထုတ်/တင် စနစ်သို့ ထပ်မံ ပြောင်းလဲခဲ့ပါသည်။ တတိယအဆင့် ပြောင်းလဲခြင်းကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် လုပ်ဆောင်ခဲ့ပြီး ပညာရေးဆိုင်ရာ ဂျာနယ်၊ မဂ္ဂဇင်းနှင့် အထွေထွေစာမူများကို ထုတ်/တင် စနစ်သို့ ပြောင်းလဲခဲ့ပါသည်။

စာပေစိစစ်ရေး မူဝါဒများကို အဆင့်ဆင့် ပြောင်းလဲခဲ့ပြီးနောက် သတင်းဂျာနယ်၊ ဘာသာရေးဂျာနယ်၊ နိုင်ငံရေးနှင့် သမိုင်းဆိုင်ရာ မဂ္ဂဇင်းများ၊ ဘာသာရေး မဂ္ဂဇင်းများမှာ တင်/ထုတ် စနစ်ဖြင့် ဆက်လက်ရှိနေခဲ့ပြီးနောက် ယခုတစ်ကြိမ် ပြောင်းလဲမှုတွင် ထုတ်/တင် စနစ်သို့ သတ်မှတ်လိုက်ခြင်း ဖြစ်ပါသည်။ ထို့အတွက် ကြောင့် လက်ရှိ စာပေလောကအတွင်း ထုတ်ဝေနေသော မဂ္ဂဇင်း/ဂျာနယ် အားလုံးမှာ ထုတ်/တင် စနစ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါသည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၃၅၄(က) အရ နိုင်ငံသားများအား မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသား ဖြန့်ဝေခွင့် ပေးအပ်ရမည် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

အစိုးရအဖွဲ့သစ် တာဝန်ယူပြီးနောက်ပိုင်း ၂၀၁၁ခုနှစ် ဇွန်လမှ စတင်ပြီး စာပေစိစစ်ရေး မူဝါဒများကို စတင်ဖြေလျော့ပေးခဲ့သော်လည်း ဂျာနယ်များအား တရားစွဲဆိုခြင်းနှင့် ခေါ်ယူသတိပေး ပိတ်ပင်မှုများနှာ ပိုမိုများပြားလာခဲ့ပါသည်။

အစိုးရသစ်လက်ထက်တွင် “လမ်းလွှဲလေးတော့ ကောင်းစေချင်” သတင်း ဆောင်းပါးကြောင့် မော်ဒန် သတင်းဂျာနယ် တာဝန်ခံအယ်ဒီတာ နှင့် သတင်းထောက်တို့ အသရေဖျက်မှုဖြင့် ပထမဆုံး တရားစွဲဆိုခံခဲ့ရသည်။ ဆက်လက်ပြီး ၂၀၁၂ ခုနှစ် မတ်လ ၁၀ ရက်နေ့ထုတ် The Voice Weekly သတင်းဂျာနယ် အတွဲ (၈)အမှတ် (၁၃) ၌ “၀န်ကြီးဌာနအချို့ ၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှု စစ်ဆေးတွေ့ရှိ” သတင်းဖော်ပြခဲ့ သဖြင့် သတ္တုတွင်းဝန်ကြီးဌာန၏ တရားစွဲဆိုခြင်း ခံခဲ့ရသည်။ လျှပ်တစ်ပြက် သတင်းဂျာနယ်မှာလည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့သော သတင်းများနှင့်ပတ်သက်ပြီး ပုဒ်မ ၅၀၅(ခ)နှင့်(ဂ) တို့ကိုဖြင့် တရားစွဲဆိုခံထားရသလို၊ KIA တပ်ဖွဲ့၏ပြန်ပေးဆွဲခံရသူများထဲမှ ပြန်လည်လွတ် မြောက်လာခဲ့သူ မိန်းမပျိုတစ်ဦး အင်တာဗျူးကို ရေးသားသူ ယဉ်ယဉ်သိန်း (နဘား)သည် ပုဒ်မ ၅၀၀ ဖြင့် အင်းတော်တရားရုံးတွင် တရားရင် ဆိုင်နေရသည်။ The Voice Weekly ဂျာနယ် နှင့် လျှပ်တစ်ပြက်သတင်းဂျာနယ် တို့မှာ လက်ရှိအချိန်အထိ တရားရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။ ထို့အပြင် ဂျာနယ်ထုတ်ဝေခွင့် ပိတ်ပင်မှုကာလမှာလည်း ယခင် အစိုးရလက်ထက်ကထက် ပိုမို ကြာမြင့်လာခဲ့သည်။ ယခင်အစိုးရ လက်ထက်က ဂျာနယ်တစ်စောင် အား ထုတ်ဝေခွင့် ယာယီပိတ်ပင်သည် ဆိုပါက ရက်သတ္တပတ်နှစ်ပတ်ခန့်သာ ကြာမြင့်လေ့ရှိသော်လည်း ယခု အစိုးရလက်ထက်တွင် လျှပ်တစ်ပြက်ဂျာနယ်မှာ ရက်သတ္တပတ်ရှစ်ပတ်ခန့် ထုတ်ဝေခွင့် ပိတ်ပင်ခံခဲ့ရပါသည်။

သြဂုတ်လ ၁၀ ရက်နေ့တွင်လည်း စာနယ်ဇင်း အမြုတေကောင်စီ ဖွဲ့စည်း ခြင်းအား နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ကောင်စီသည် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနနေရာတွင် အစားထိုး ၀င်ရောက်လာမည့် အသွင် ဆောင်ခဲ့ပါသည်။ ထို့အပြင် ဖွဲ့စည်းလိုက်သည့် ကောင်စီတွင် ပါဝင်ကြသူအချို့မှာ ယခင်အစိုးရလက်ထက်က စာပေလောကနှင့် အများပြည်သူ၏ ယုံကြည်ကိုးစားမှုမခံရသော စာပေစာနယ်ဇင်းအဖွဲ့မှ အဖွဲ့ဝင်အများစုဖြစ်ပြီး ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌမှာလည်း ဂျာနယ်လစ်များ၏ အရေးအရာများကို နားလည်သူများ မဟုတ်ကြောင်း ၊ ပါဝင်သူအချို့မှာ စာနယ်ဇင်း ကျင့်ဝတ်နှင့်ပတ်သက်ပြီး လေးစားလိုက်နာခြင်းမရှိဘဲ ကျင့်ဝတ်ကိုဖောက်ဖျက်သော သမိုင်းကြောင်းရှိ နေသူများဖြစ်သဖြင့် စာနယ်ဇင်းအမြုတေကောင်စီ၏ အဓိကရည်ရွယ်ချက်ဖြစ်သော စာနယ်ဇင်းကျင့်ဝတ်နှင့်ဆိုင်သည့် ထိန်းကွပ်မှုကို လုပ်ဆောင်နိုင်လိမ့်မည်ဟု မယူဆနိုင်ကြောင်း စာနယ်ဇင်း မီဒီယာသမားများ၊ စာနယ်ဇင်းအဖွဲ့အစည်း အသီးသီးက လက်မခံနိုင်ကြောင်း ၀ိုင်းဝန်းကန့်ကွက်ခဲ့သဖြင့် ထိုကောင်စီဖွဲ့ခြင်းကို ယာယီရွေ့ဆိုင်းထားပြီး စာပေစိစစ်ရေးကို ဆက်လက်ထားရှိခဲ့ပါသည်။

စာပေစိစစ်ရေး မူဝါဒများကို လျော့ချပြီး စာပေထုတ်ဝေမှု အားလုံးအား ထုတ်/တင် စနစ်သို့ ပြောင်းလဲလိုက်သော်လည်း ဒီမိုကရေစီနိုင်ငံနှင့် ကိုက်ညီပြီး ရှိထားပြီး ဥပဒေများဖြင့် လုပ်ပိုင်ခွင့် ပေးနိုင်သော ပုဂ္ဂလိက သတင်းစာ ထုတ်ဝေခွင့်များမှာ မရရှိသေးပေ။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။