
ရွှေဘိုမြို့ရှိ ရွှေဘုံရတနာမင်္ဂလာနန်းတော်
ရှေးဟောင်းနန်းတော်ကြီးများ အပါအ၀င်ကျုံးမြို့ရိုးများနှင့် သမိုင်းဝင်ခံတပ်များအား ပြည်တွင်းပြည်ပမှ ဧည့်သည်များ လွယ်ကူချောမွေ့စွာ လေ့လာကြည့်ရှုနိုင်ရန်အတွက် Historical Park များအဖြစ် တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ သိရှိရသည်။
ထိုသို့ Historical Park များအဖြစ် ဆောင်ရွက်ရာတွင် မန္တလေးမြို့ရှိ မြနန်းစံကျော် ရွှေနန်းတော်၊ နန်းမြို့ရိုးနှင့် ကျုံး၊ ရွှေဘိုမြို့ရှိ ရွှေဘုံရတနာ မင်္ဂလာနန်းတော်၊ ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီနန်းတော်၊ အင်းဝအနီးရှိ ဆင်ကျုံးခံတပ်၊ အင်းဝတံတား ဟောင်းအနီးရှိ သပြေတန်းခံတပ်၊ စစ်ကိုင်းရှိ အစေခံ ခံတပ်များပါဝင်ပြီး အဆင့်မြင့် ပြုပြင်ခြင်းနှင့် ၀န်ဆောင်မှုလုပ်ငန်းများ လည်ပတ်ဆောင်ရွက်ခြင်းတို့အား ဌာနနှင့်ပြင်ပလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်သွားရန်အတွက် ပြင်ပလုပ်ငန်း ရှင်များအား တင်ဒါခေါ်ယူထားကြောင်း သိရှိရသည်။
''ရှေးဟောင်းဒေသတွေကို Historical Park လုပ်တာနဲ့ပတ်သတ်ပြီး လူအများစုက ပန်းခြံလုပ်မယ် ထင်ကြတယ်။ ဒါမဟုတ်ပါဘူး။ တစ်ခြားနိုင်ငံတွေမှာလည်း Historical Park တွေ ရှိတယ်။ ထိုင်းမှာဆိုရင် Park တွေ အများကြီးရှိတယ်။ ဥပမာ အယုဒ္ဓဆိုရင်လည်း Park လုပ်ထားတယ်။ Park လုပ်တဲ့ အခါမှာ Landscaping လုပ်ရမယ်။ သွားရလာရ လွယ်ကူအောင် လုပ်ရမယ်။ ပြင်ပလုပ်ငန်းရှင်တွေနဲ့ပေါင်းပြီး လုပ်သွားတဲ့နေရာမှာ ကျွန်တော်တို့ဘက်က မူတွေ၊ စည်းကမ်းတွေ ချ မှတ်ပေးပြီး လုပ်သွားမှာပါ''ဟု ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးကျော်ဦးလွင်က ပြောကြားသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။